ကိုယ်ကျိုးစီးပွားအတွက် ဆန်ရှင် ရုပ်စေချင်သူများဟု အတိုက်အခံချင်း စွပ်စွဲ

ကိုယ်ကျိုးစီးပွားအတွက် ဆန်ရှင် ရုပ်စေချင်သူများဟု အတိုက်အခံချင်း စွပ်စွဲ
by -
ကျော်ခ

အမေရိကန်နှင့် ဥရောပနိုင်ငံများ၏  မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးရန် တိုက်တွန်းနေကြသော ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် အာဆီယံနိုင်ငံများကို ကိုယ်ကျိုးစီးပွား ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏  မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးရန် တိုက်တွန်းနေကြသော ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် အာဆီယံနိုင်ငံများကို ကိုယ်ကျိုးစီးပွားနှင့် မျက်နှာသာရရန်လုပ်သူများဟု မြန်မာပြည်တွင်း လျှို့ဝှက်လှုပ်ရှားနေသော အတိုက်အခံ သံဃာများနှင့် ကျောင်းသားအဖွဲ့များက ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးပေါင်းကြေညာချက်တွင် “စစ်အစိုးရ ပေးသလောက်ကိုယူ လွှတ်တော်ထဲကနေ ချဲ့ယူသွားမည်ဆိုသည့်” ပါတီများနှင့် အာဆီယံနိုင်ငံများ၏ လုပ်ရပ်သည် ၄င်းတို့ ကိုယ်ကျိုးစီးပွားနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် စစ်အစိုးရထံမှ မျက်နှာသာရရန် ကြံစည်ကြိုးပမ်းမှုတရပ်ဟု ပါရှိသည်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများမှာ ပြည်သူလူထုနှင့် လုံးဝမပတ်သက်ဟုဆိုကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မျှော်နေခြင်းမှာ ဝ မရှိဘဲ ဝိ လုပ်နေခြင်းဟုလည်း ပါရှိသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်ပနိုင်ငံတွေက ဒဏ်ခတ် အရေးယူ ပိတ်ဆို့ခဲ့ကြတယ်လေ။ ဒါကို ပယ်ဖျက်ပေးစေချင်ရင် အာဆီယံနိုင်ငံတွေနဲ့ ဒီပါတီတွေက မြန်မာနိုင်ငံအတွင်းမှာ လူအခွင့်အရေးတွေ ရရှိအောင် တိုက်တွန်းမှုတွေ အရင်မလုပ်ပဲနဲ့ ဖွင့်ပေးဖို့ကိုသာ လုပ်တယ်ဆိုတာ ကိုယ်ကျိုးရှာတာပဲ ဖြစ်တဲ့အတွက် ဒါဟာ အင်မတန် အောက်တန်းကျတဲ့ အလုပ်ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဓမ္မသီရိက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းပေးရန် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကျားဖြူပါတီ၊ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၊ ဝံသာနု NLD၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ စုပေါင်း တောင်းဆိုခဲ့ကြသည်။

ယင်းပါတီများ၏ တင်ပြချက်တွင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများသည် စစ်အစိုးရကို ပစ်မှတ်ထားသော်လည်း နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်း၊ လူအခွင့်အရေး မြင့်တက်လာရန်နှင့် အခြေခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန် ထိုပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးသင့်သည်ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလလယ်က အင်ဒိုနီးရှားတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင်လည်း ပိတ်ဆို့မှုရုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

စီးပွားရေး ပိတ်ဆို့မှု ကန့်ကွက်သူများက စစ်အစိုးရ ခေါင်းဆောင်များနှင့် လက်ရင်းလူယုံ စီးပွားရေးသမားများ၏ ကြွယ်ဝချမ်းသာမှုကို ထောက်ပြသည်။  

“နအဖရဲ့ဖိနှိပ်ဒဏ်ခတ်မှုကို  တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး အနှစ် ၂ဝ ကျော် တောက်လျှောက် ခံလာခဲ့ရတယ်။ နအဖ က ပြည်သူတွေအပေါ်မှာ လူအခွင့်အရေး ချိုးဖောက် ကျူးလွန်နေတာတွေကို ချွင်းချက်မရှိ ရုပ်သိမ်းပြီး လွတ်လပ်တဲ့ လူ့ဘောင်တရပ်ကို တည်ဆောက်ခြင်းအားဖြင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်ဆိုတာကို ကျမတို့ ပြောချင်တယ်” ဟု ဗကသ ပြောဆိုခွင့်ရှိသူ မကြည်သာတင့်က မဇ္စျိမကိုပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်က “နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလာတာ ဆန်ရှင်တွေကြောင့်တင် မဟုတ်ဘူးဗျ။ စီးပွားရေး လာလုပ်လိုတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ကိုယ်နှိုက်က မြန်မာပြည်ရဲ့ စီးပွားရေး စနစ်ဟာ ကမောက်ကမ ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းတွေက ရှုပ်ထွေးတယ်။ ခြစားမှုတွေ၊ မသမာမှုတွေပြည့်လျှံနေတယ်။ အဲတော့ စီးပွားရေး အလားအလာအရ အာမခံချက် မရှိတဲ့ တိုင်းပြည်မှာ လာမလုပ်ချင်ကြတာလဲပါတယ်” ဟု ပြောသည်။

Most read this week