စိုက်ဆင်းလေပြင်းကြောင့် ငါးဖမ်းစက်လှေနှင့် ပုစွန်ဖမ်းကျားဖောင်များ ပျက်စီးကာ ပျောက်ဆုံးနေသည့် ရေလုပ်သား အရေအတွက် ဖျာပုံခရိုင် တခုအတွင်းပင် လေးထောင်ထက်မနည်းရှိ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ စိုက်ဆင်းလေပြင်းကြောင့် ငါးဖမ်းစက်လှေနှင့် ပုစွန်ဖမ်းကျားဖောင်များ ပျက်စီးကာ ပျောက်ဆုံးနေသည့် ရေလုပ်သား အရေအတွက် ဖျာပုံခရိုင် တခုအတွင်းပင် လေးထောင်ထက်မနည်းရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
အင်္ဂါနေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အပတ်စဉ် သားငါးကဏ္ဍဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးပွဲတွင် ဖျာပုံခရိုင်အတွင်း ကျားဖောင် ၂ဝဝဝ ကျော်ခန့်မှ အလုပ်သမား ၄ထောင်ထက်မနည်း ပျောက်ဆုံးနေသေးကြောင်း ဦးဝင်းကြိုင်က ပြောဆိုသွားခဲ့သည်ဟု တက်ရောက်သတင်းယူခဲ့သည် သတင်းထောက်တဦးက ပြန်လည်ပြောပြခြင်းဖြစ်သည်။
“သူပြောတာက ဖျာပုံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျားဖောင် ၁၅ဝဝ နဲ့ ၊ မှတ်ပုံမတင်ထားတာ ၅ဝဝ ကျော်ရှိတယ်ပေါ့နော်။ ဖောင်တစီးကို အနည်းဆုံး လူသုံးယောက် အနည်းဆုံး ပါတယ်ဆိုတော့ လူလေးထောင်ထက်မနည်း ပျောက်ဆုံးနေသေးတယ်လို့ ပြောတယ်” ဟု သတင်းထောက်က ပြောသည်။
ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ မဇ္စျိမက ဆက်သွယ်စုံစမ်းရာ တာဝန်ရှိသူတဦးက - ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်များ အားလုံး ရာနှုန်းပြည့် ပျက်စီးသွားကြောင်းနှင့်၊ ပိုက်များမှာမူ ရေတွင်ချထားပြီး ဖြစ်၍ ၅ဝ ရာခိုင်နှုန်းခန့်သာ ဆုံးရှုံးကြောင်း အတည်ပြုသည်။
"သေဆုံးတို့ ပျောက်ဆုံးတို့ စာရင်းတွေကတော့ ကျနော်တို့က အတည်မပြုနိုင်သေးတာတွေရယ် စာရင်းအကုန် မရတာရယ် ရှိတယ်။ တချို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ရောက်နေကြတာတွေ ရှိတယ်" ဟု ဖျာပုံ ငါးဦးစီးမှ တာဝန်ရှိသူက ပြောသည်။
ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် မတ်လ ၁၄ ရက်မှ ၁၇ ရက်အကြား ရာသီဥတုကြောင့် ငါးဖမ်းစက်လှေ ၁၇ စီးခန့် ငါး၊ပုစွန်ဖောင် ၈ဝဝ ခန့် ပျက်စီးခဲ့ကြောင်း၊ ရေမျော ဒုက္ခသည် ရေလုပ်သားများ စုစုပေါင်း ၃၆၃၈ ဦး ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း သေဆုံး၊ ပျောက်ဆုံး စာရင်းများ ဖော်ပြထားခြင်း မရှိပေ။