စက်သုံးဆီ စျေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်စီးခ စျေးနှုန်းများ ရခိုင်တွင် မြင့်တက်နေ

စက်သုံးဆီ စျေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်စီးခ စျေးနှုန်းများ ရခိုင်တွင် မြင့်တက်နေ
by -
နိရ ဉ္ဇရာသတင်း

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများ တစ်နေပြီး တစ်နေ့ မြင့်တက်နေမူကြောင့် ယာဉ်စီးခ စျေးနှုန်းများလည်း မြင့်တက်လာကာ ရခိုင်ပြည်နယ် ငါးလုပ်ငန်းကိုလည်း ထိခိုက်မူများ ရှိနေကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများ တစ်နေပြီး တစ်နေ့ မြင့်တက်နေမူကြောင့် ယာဉ်စီးခ စျေးနှုန်းများလည်း မြင့်တက်လာကာ ရခိုင်ပြည်နယ် ငါးလုပ်ငန်းကိုလည်း ထိခိုက်မူများ ရှိနေကြောင်း သတင်း ရရှိသည်။

ရခိုင်တွင် သွားလာနေသော မော်တော်ကားမာန်အောင်မြို့တွင် ယခင်က ဒီဇယ်ဆီ ၁ ဂါလံလျှင် ၃၂၀၀ ကျပ်နှင့် ဓာတ်ဆီစျေး ၁ ဂါလံကို ၄၂၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ဒီဇယ်ဆီ ၁ ဂါလံကို ၄၂၀၀ ကျပ်နှင့် ဓာတ်ဆီစျေး ၁ ဂါလံကို ၅၂၀၀ ကျပ် စျေးထိ တက်သွားကြောင်း မာန်အောင်မြို့ ဒေသခံ တဦးက ပြောသည်။

စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် စစ်တွေမြို့မှ စစ်တွေ တက္ကသိုလ်သို့ပြေးဆွဲ ပေးနေသည့် ကျောင်းကားခမှာ မြင့်တက်သွားပြီး ့ စစ်တွေမှ နေပြီး မြို့နယ် အသီးသီးသို့ ပြေးဆွဲပေးနေသည့် အမြန် ရေယာဉ်များ၏ ခရီးစရိတ်များလည်း မြင့်တက်သွားကြောင်း သိရသည်။

“စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ် လက်မှတ်ခက အရင်တုန်းက ခုနှစ်ထောင်ကျပ်ပါ။ အခုတော့ ရှစ်ထောင်ဖြစ်သွားပါပြီ။ အခြားမြို့မြို့နယ်တွေကို သွားတဲ့ လက်မှတ်ခတွေလည်း တစ်ထောင်စီ တက်သွားပါတယ်။ စစ်တွေမြို့ထဲကနေ စစ်တွေတက္ကသိုလ်ကို သွားတဲ့ ကားခတွေလည်း စျေးတက်သွားပါတယ်။ အရင်က ၁၀၀ ကျပ် အခု ၂၀၀ ကျပ်ပါ။ အခုလို ယာဉ်စီးခတွေ စျေးတက်တာကတော့ စက်သုံးဆီစျေး မြင့်တက်လာလို့ ဖြစ်ပါတယ်” ဟု စစ်တွေ မြို့ခံ တဦးက ပြောသည်။

စက်သုံးဆီစျေး မြင့်တက်ခြင်းကြောင့် ယာဉ်စီးခ စျေးများလည်း မြင့်တက်သွားပြီး တောင်ကုတ်-ရန်ကုန် ကားလက်မှတ် စျေးနှုန်းမှာ အရင်က ၁၀၀၀၀ ကျပ်ရှိနေရာမှ ၁၂၀၀၀ ကျပ်ထိ စျေးတက်သွားခဲ့သည်။

လူထု အတွင်း မကျေနပ်မူများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရန်ကုန်-စစ်တွေ ကားလက်မှတ် စျေးနှုန်းကို ပုံမှန်အတိုင်း ၁၈၀၀၀ ကျပ်ထက် မြင့်မတင်ရန် အာဏာပိုင်များမှ ညွှန်ကြားထားကြောင်း သိရသည်။

စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းကိုလည်း ထိခိုက်နေပြီး တချို့ ငါးလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်းကို ရေလုပ်သားတဦးက အခုလိုပြောသည်။

“ပင်လယ်ပြင်မှာ ငါးဖမ်းဆီးရရှိတာကလည်း နည်းလာတယ်၊ ဆီစျေးတွေကလည်းမြင့်တက်လာတယ်။ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး၊ အရင်ကဆို ဒီဇယ် တစ်ဂါလံကို ၃၂၀၀ ကျပ်၊ အခု ၄၂၀၀ ကျပ် ဖြစ်သွားပြီ။ တနေ့ ငါးဖမ်းထွက်ရင် ဒီဇယ် ၁၀ ဂါလံလောက်ကုန်တယ်။ စျေးအကောင်းဆုံး တိုက်ဂါးပုစွန် တစ်ပိဿာကို ကျပ် ၂၀၀၀၀ ရှိတယ်။ တစ်ရက်ကို တစ်ပိဿာ ဘယ်သူမှ မရဘူး။ ဖမး်ဆီးရရှိတဲ့ ငါး၊ ပုဇွန် တန်ဖိုးက အရင်းနှီးစရိတ်အောက် ကျဆင်းနေလို့ ငါးဖမ်းလုပ်ငန်းတွေ ရပ်ဆိုင်း ထားရပါတယ်” ဟု ပြောသည်။

ရခိုင်ပင်လယ်ပြင်တွင် ရာသီဥတု မကောင်းခြင်း၊ ငါးဖမ်းနေရာများကို အာဏာပိုင်များက ကန့်သတ်ထားခြင်း၊ ငါးဖမ်းဆီးရရှိမှု နည်းပါးလာခြင်း၊ စက်သုံးဆီစျေးမြင့်တက်ခြင်း၊ ရေခွန်(ငါးဖမ်းခွန်)စျေးကြီးခြင်းတို့ကြောင့် ရခိုင်ငါးဖမ်း လုပ်ငန်းမှာ ထိခိုက်မူများ ရှိနေကြောင်း သိရသည်။

Most read this week