ရန်ကုန်နှင့် ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မတ်လ ၂၆ ရက်နေ့ အထိ တနာရီ မိုင် ရဝ ခန့်အထိ ပြင်းထန်သော မိုးသက်လေပြင်းများ၊ လေဆင်နှာမောင်းများ တိုက်ခတ် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်နှင့် ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မတ်လ ၂၆ ရက်နေ့ အထိ တနာရီ မိုင် ရဝ ခန့်အထိ ပြင်းထန်သော မိုးသက်လေပြင်းများ၊ လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိုးတိမ်တောင်များကို စောင့်ကြည့်ရန်လိုကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုသည်။
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တို့မှာ ပထမအဆင့် အဓိကနေရာများ ဖြစ်နေပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်မြောက်ပိုင်း ဒေသများတွင်လည်း ဝင်ရောက်မှု ရှိနိိုင်သည်။
"မိုးတိမ်တောင်တွေ ဖြစ်ဖို့ များနေပြီ။ မိုးတိမ်တောင်တွေကြောင့် နေရာကွက်ပြီး ရာသီဥတု ဆိုးနိုင်တယ်။ လူအသေအပျောက် ရှိနိုင်ပါတယ်။ အဓိက မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ မိုးသက်လေပြင်းတွေ တိုက်တာမျိုးတွေ ဖြစ်ဖို့များတယ်" ဟု ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။
မတ်လ ၂၂ရက် မှ ၂၆ ရက်ကြား မိုးတိမ်တောင်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးသက်လေပြင်းများ၊ လေဆင်နှာမောင်းများ၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာထွန်းလွင်၏ ဝက်ဘ်ဆိုက်တွင် အင်္ဂါနေ့က စတင် သတိပေးထားခဲ့သည်။
ဗုဒ္ဓဟူးနေ့ စစ်အစိုးရ သတင်းစာများတွင် “နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ကြောင်း” နေပြည်တော် မိုး/ဇလ၏ မတ်လ ၂၂ ရက် ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။
မတ်လ ၁၅ ရက် စိုက်ဆင်းလေပြင်းတွင် ငါးဖမ်းစက်လှေတစီး နစ်မြုတ်ဆုံးရှုံးခဲ့သည့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဝင် လုပ်ငန်းရှင် တဦးက လတ်တလောတွင် ရာသီဥတုနှင့် ပတ်သတ်၍ အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိဘဲ အင်တာနက်သတင်းကိုသာ ရယူနေရကြောင်း ပြောသည်။
မိုးသက်လေပြင်း တိုက်ခတ်နိုင်သည့် အချိန်၊ နေရာ အတိအကျခန့်မှန်းရန် ခက်ခဲသော်လည်း သတိထား စောင့်ကြည့်ပါက ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဆိုသည်။
“မိုးတိမ်တောင်တွေရဲ့ အနေအထားကို သတိထားရင် မြင်ရတယ်။ အဲ့လိုဟာတွေ ဖြစ်တော့မယ်ဆိုရင် လျှပ်စီးလက်တယ် မိုးခြိမ်းတယ်။ မိုးခြိမ်းသံကြားပြီဆိုရင် ကိုယ်နဲ့ နီးနေတယ်လို့မှတ်ပြီး သတိထားဖို့လိုတယ်။ မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ ဖြစ်တတ်တယ်။ ရာသီဥတုပူရင် ညနေ လေးနာရီခွဲလောက် ဖြစ်တတ်တယ်။ မိုးခြိမ်းသံကြားမယ် လေနဲ့မိုးနဲ့ ရောပါလာပြီဆိုရင်တော့ ဖြစ်ဖို့များပြီ” ဟု သူက မဇ္စျိမကို ရှင်းပြသည်။
မြစ်၊ချောင်း၊ပင်လယ် တို့တွင် သွားလာနေသည့် လှေ၊ သင်္ဘောများ အနေဖြင့် အန္တရာယ်အရှိဆုံး ဖြစ်၍ သတိထားရန် လိုကြောင်း၊ မိုးကြိုးအန္တရာယ် အလားအလာရှိသည့်အတွက် လယ်ကွင်းပြင်တွင် အလုပ်လုပ်ရသည့် လယ်သမားများ အနေဖြင့်လည်း မိုးတိမ်တောင်များကို သတိထားစောင့်ကြည့် စေလိုကြောင်း ဦးထွန်းလွင်က အကြံပေးသည်။