ဓာတ်ဆီ ရောင်းချမှု ကန့်သတ်

ဓာတ်ဆီ ရောင်းချမှု ကန့်သတ်
by -
သဲသဲ

မော်တော်ယာဉ်တစီးလျှင် တနေ့ အမြင့်ဆုံး ဓာတ်ဆီ ၆ ဂါလံသာ ရောင်းချရန်  ကန့်သတ်လိုက်ပြီး၊ စက်သုံးဆီစာအုပ် အတုလုပ်၍ ဆီတန်းစီ ရောင်းစားမှု မလုပ်နိုင်အောင် သီးသန့်စာအုပ်များ ...

နယူးဒေလီ (မဇ္စျိမ) ။      ။ မော်တော်ယာဉ်တစီးလျှင် တနေ့ အမြင့်ဆုံး ဓာတ်ဆီ ၆ ဂါလံသာ ရောင်းချရန်  ကန့်သတ်လိုက်ပြီး၊ စက်သုံးဆီစာအုပ် အတုလုပ်၍ ဆီတန်းစီ ရောင်းစားမှု မလုပ်နိုင်အောင် သီးသန့်စာအုပ်များ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၉  ရက်နေ့က ထုတ်ပေးလိုက်သည်။

မော်တော်ယာဉ်တစီးလျှင် တနေ့ အမြင့်ဆုံး ဓာတ်ဆီ ၆ ဂါလံသာ ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာနက ကန့်သတ် (ဓါတ်ပုံ မဇ္စျိမ)အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီကို တနေ့လျှင် ကားတစီး အနည်းဆုံး ၂ ဂါလံမှ အများဆုံး ၆ ဂါလံအထိသာ ရောင်းချပေးပြီး၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း MPPE က ထုတ်လုပ်ပေးထားသော စက်သုံးဆီဝယ်ယူခွင့် စာအုပ်ဖြင့်သာ ဝယ်ယူရမှာ ဖြစ်သည်။

သတ်မှတ်ချက်ထက် ပိုမိုဝယ်ယူသော မော်တော်ယာဉ်ကို ၆ လ ကြာ ဆီမရောင်းဘဲနေမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇယ်ဆီနှင့် အောက်တိန်း ဓာတ်ဆီများကိုတော့ လိုသလောက် ဝယ်ယူခွင့် ပြုထားဆဲ ဖြစ်သည်။

ပုဂ္ဂလိအရောင်းဆိုင်များ ဖွင့်လှစ်ခွင့်ပြုကာ စက်သုံးဆီကို သတ်မှတ်နှုန်းထားဖြင့် ရောင်းချခွင့်ပြုပြီး တနှစ်မပြည့်ခင်မှာပင် ဓာတ်ဆီကို အကန့်အသတ်ဖြင့် ရောင်းချမှု ပြန်လည်ပြုလုပ်လာရခြင်းလည်း ဖြစ်သည်။ မှောင်ခိုစျေးနှင့် ကွာဟမှု များလာသည့်နောက်ပိုင်း မော်တော်ယဉ်ပိုင်ရှင်အများ စက်သုံးဆီဆိုင်များတွင် လိုက်လံဝယ်ယူပြီး မှောင်ခိုစျေးသို့ ပြန်လည်ရောင်းစားကာ အမြတ်စွန်းရှာမှုလည်း များပြားလာခြင်းကို အာဏာပိုင်များက ဟန့်တားလိုက်ခြင်းလည်း ဖြစ်သည်။

လက်ရှိ တရားဝင် စက်သုံးဆီဆိုင်များ၌ ဓာတ်ဆီ တဂါလံ ၂၅ဝဝ ကျပ်၊ ဒီဇယ်တဂါလံ ၄ဝဝဝ ကျပ်၊ အောက်တိန်းဆီမှာ တဂါလံ ၄၁ဝဝ ကျပ်ဖြင့် ရောင်းချနေပြီး တရားမဝင်ရောင်းချရာတွင်တော့ ဓာတ်ဆီတဂါလံ ၄၄ဝဝ ကျပ်၊ ဒီဇယ်တဂါလံ ၄၁ဝဝ ကျပ် ပေါက်စျေး ရှိသည်။

မော်တော်ယဉ် ပိုင်ရှင်များအနေဖြင့် ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ဘီးခွန်မိတ္တူ တင်ပြကာ ကြိုက်နှစ်သက်ရာ စက်သုံးဆီ အရောင်းဆိုင်တွင် ဝယ်ယူခွင့် စာအုပ်လျှောက်ထားနိုင်သည်။

မတ်လ ၁၁ ရက်နေ့ကစ၍ မော်တော်ယာဉ်များ စက်သုံးဆီဝယ်ယူူမှုကို မှတ်တမ်းတင် စာအုပ် ထားရှိစေခဲ့သော်လည်း အတုအပပြုလုပ်ပြီး အခြားဆိုင်များတွင်ပါ ဝယ်ယူမှုများ ရှိနေသောကြောင့် MPPE တံဆိပ်ပါရှိသည့် စာအုပ်အသစ်ကို အသုံးပြုရန် စက်သုံးဆီအသင်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ဆီခွဲတမ်းပိုရောင်းသည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဝယ်ယူမှုပိုနေကြပြီး ယာဉ်တန်းရှည်များကို တွေမြင်ရသည်။

မော်တော်ယာဉ်တစီးလျှင် တနေ့ အမြင့်ဆုံး ဓာတ်ဆီ ၆ ဂါလံသာ ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာနက ကန့်သတ် (ဓါတ်ပုံ မဇ္စျိမ)MPPE မှ ပုဂ္ဂလိက ဆီဆိုင်များသို့ ဓာတ်ဆီ တဂါလံ ၂၃၅ဝ ကျပ်နှုန်းဖြင့်  တဆိုင်လျှင် ဆီဂါလံ ၄ဝဝဝ မှ ၈ဝဝဝ အထိ  နေ့စဉ်ရောင်းချပေးနေသည်။

စျေးကွာဟမှုကြီးလာသဖြင့် စက်သုံးဆီအရောင်းဆိုင်အချို့ကလည်း မော်တော်ယာဉ်များသို့ ရောင်းချမှုမလုပ်ဘဲ မှောင်ခိုစျေးသို့သာ ရောင်းပြီး အမြတ်ထုတ်နေသည်ဟုလည်း စီးပွားရေးသတင်းရပ်ကွက်များက ပြောသည်။  

စက်သုံးဆီလုပ်ငန်းများကို ပုဂ္ဂလိကလက်သို့ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ လွှဲပြောင်းခဲ့စဉ်က ဓာတ်ဆီကို ဝယ်ချင်သလောက် ရောင်းချခဲ့သော်လည်း လွန်ခဲ့သည့် ၄ လခန့်မှစ၍ တကြိမ်လျှင် ဂါလံအကန့်အသတ်ဖြင့်သာ ရောင်းချခဲ့သည်။ သို့သော် အကြိမ်ကြိမ် ဝယ်ယူခွင့် ပြုခဲ့သည်။

မြန်မာနို်င်ငံသည်  နှစ်စဉ် ဒေါ်လာသန်း ၁ဝဝဝ ဖိုး ပတ်ဝန်းကျင် စက်သုံးဆီတင်သွင်းမှုကို ပြုလုပ်ရသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အရာရှိတဦးက မဇ္ဈိမကို ပြောသည်။