ဒန်ကလေအမှု စွဲချက်တင်သင့် မတင်သင့် ကြားနာမည်

ဒန်ကလေအမှု စွဲချက်တင်သင့် မတင်သင့် ကြားနာမည်
by -
သဲဲသဲ

မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေကို စွဲချက်တင်ရေး၊ မတင်ရေးအတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ကို မတ်လ ၂၉ ရက်နေ့တွင် ကြားနာမည် ...

နယူးဒေလီ (မဇ္စျိမ) ။       ။ မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေကို စွဲချက်တင်ရေး၊ မတင်ရေးအတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ကို မတ်လ ၂၉ ရက်နေ့တွင် ကြားနာမည်ဟုဆိုကာ ဗုဒ္ဓဟူးနေ့ ကမာရွတ်မြို့နယ် တရားရုံးက ရုံးချိန်းရက် ပေးလိုက်သည်။

မစ္စတာ ရော့စ် ဒန်ကလေအမှုကို နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်အား ကြားနာရန် ကမာရွတ်မြို့နယ် တရားရုံးက ရုံးချိန်းရက်ပေး (ဓါတ်ပုံ မဇ္စျိမ)အင်းစိန်ထောင်တွင် အထိန်းသိမ်း ခံနေရသူ မစ္စတာ ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံုးတွင် ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးနောက် စွဲချက်တင်ရေး၊ မတင်ရေးအတွက် ကြားနာရန် ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

“တရားခံပေါ်မှာ စွပ်စွဲထားတဲ့ စွပ်စွဲချက်ကို စွဲချက်တင်သင့်သလား၊ မတင်သင့်ဘူးလားဆိုတာ ၂၉ ရက်နေ့မှ နှစ်ဖက် ရှေ့နေတွေက အပြန်အလှန် လျှောက်လဲဖို့ ထပ်ချိန်းလိုက်ပါတယ်” ဟု မြန်မာတိုင်းမ် ပြောခွင့်ရ ဦးဝေလင်းက မဇ္စျိမကို ပြောသည်။

မစ္စတာဒန်ကလေမှာ  အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် အမှုဖွင့်ခံနေရခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ကြားနာမှုတွင် မှုခင်းဆရာဝန်နှင့် အမှုစစ်ရဲအရာရှိ၏ ထွက်ဆိုချက်များကို တရားရုံးက ကြားနားခဲ့ပြီး၊ မစ္စတာ ဒန်ကလေအတွက် အာမခံထပ်လျှောက်ခဲ့သည်ဟု သူက ဆိုသည်။

အင်းစိန်ထောင် အချုပ်ခန်းမှ လာရောက်တရားဆိုင်နေသည့် မစ္စတာ ဒန်ကလေမှာ ကျန်းမာရေး ကောင်းမွန်ပြီး၊ ထောင်ဝင်စာ တွေ့လိုသူများအနေဖြင့် သံရုံးမှတဆင့် တပတ်လျှင် တရက် တွေ့ခွင့်ရသည်။

ဒန်ကလေကို အင်းစိန်ထောင် ဆေးရုံဝင်း၌ အခြားအချုပ်သားများနှင့်အတူ ထားရှိသည်။ သူ၏ အမှုအတွက် အကျိုးဆောင်ရှေ့နေ ၃ ဦးဖြင့် လိုက်ပါဆောင်ရွက်နေသည်။