ရေမျော ၃ ထောင်ကျော် ကယ်နိုင်

ရေမျော ၃ ထောင်ကျော် ကယ်နိုင်
by -
မဇ္စျိမသတင်းဌာန

စိုက်ဆင်းလေပြင်းကြောင့် ပင်လယ်ထဲ မျောသွားခဲ့သည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းမှ ရေလုပ်သား ၃၃၇၄ ဦး ကို ရေတပ် စစ်ရေယာဉ်များနှင့် ငါးဖမ်းစက်လှေများက ကယ်ဆယ်နိုင်ခဲ့ ...

ရန်ကုန် (မဇ္စျိမ) ။      ။ စိုက်ဆင်းလေပြင်းကြောင့် ပင်လယ်ထဲ မျောသွားခဲ့သည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းမှ ရေလုပ်သား ၃၃၇၄ ဦး ကို ရေတပ် စစ်ရေယာဉ်များနှင့် ငါးဖမ်းစက်လှေများက ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ရေမျော ဒုက္ခသည်များကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ/ကော့သောင်း NLD)မတ်လ ၁၅ ရက်နေ့က တိုက်ခတ်သော စိုက်ဆင်းလေကြောင့် ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေ ၁၇ စီးနှင့် ပုစွန်ဖမ်းဖောင်များ ပျက်စီးကြောင်းနှင့် ကယ်ဆယ်နိုင်ခဲ့သည့် ဒုက္ခသည်များအနက် ၃၁၅၂ ဦးကို နေရပ်ဒေသသို့ ပြန်ပို့ပေးခဲ့ပြီး ကျန် ၂၂၂ ဦးကို  စောင့်ရှောက်မှုပေးထားကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

"အများစုက ၁၉ ရက်နေ့မှ ရေထဲကနေ ဆယ်နိုင်ခဲ့တာတဲ့ဗျ။ တချို့ ဝမ်းမကောင်းဘူး။ ရေထဲမှာ ရေငန်သောက်ခဲ့လို့ ထင်တယ် ဝမ်းသွားနေတဲ့သူတွေ ပါတယ်။ တယက ကော၊ တခြားဌာနတွေကော ပေါင်းပြီး ငွေ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ ပေးလိုက်ကြတယ်" ဟု ရန်ကုန်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အရာထမ်းတဦးက မဇ္စျိမကို ပြောသည်။

ထို့အတူ ကုမ္ပဏီပိုင်နှင့် ပုဂ္ဂလိကပိုင် စက်လှေများက ကယ်တင်နိုင်ခဲ့သည့် ရေမျောတံငါအချို့ တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ မတ်လ ၁၉ ရက်နေ့မှစ၍ ရောက်ရှိရာ မတ်လ ၂၁ ရက်နေ့တွင် ၂၃ဝ ဦး ရှိသွားပြီဖြစ်ကြောင်း ကော့သောင်း ဒေသခံများက ပြောသည်။

ရန်ကုန်သို့ ရောက်လာသည့် ဒုက္ခသည် ရဝဝ ကျော်မှာ တပ်မတော်(ရေ) သင်္ဘောအမှတ် ၁၆၁၁ က ကယ်တင်ပြီး ဟိုင်းကြီးကျွန်းမှ တဆင့် ခေါ်လာခဲ့ကြောင်း သိရပြီး၊ ကော့သောင်းတွင်မူ ဒုက္ခသည်များကို အောင်သုခရပ်ရှိ အထက ၁ ကျောင်း၌ ထားရှိသည်။ ဒုက္ခသည် အများစုမှာ ဝါးဖောင်ဖြင့် ကျားပိုက် (အချို့ဒေသများတွင် ကျားပါးစပ်ပိုက်) ထောင်ကာ ငါးဖမ်းဆီးသူများ ဖြစ်သည်။

ဒုက္ခသည်များမှာ ဧရာဝတီတိုင်းမှ အများဆုံးဖြစ်ပြီး မအူပင်၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ မြောင်းမြ၊ ပုသိမ် စသည့် ဒေသများမှဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက ပြောသည်။

ကော့သောင်းရောက် ဒုက္ခသည်များမှာ ကျန်းမာရေး ကောင်းမွန်နေသည်ဟု သွားရောက်ကြည့်ရှုခဲ့သည့် ကော့သောင်း NLD အတွင်းရေးမှူး ဦးမြင့်မောင်က မဇ္စျိမကို ပြောသည်။

ရေမျော ဒုက္ခသည်များကို တင်ဆောင်လာသည့် စက်လှေကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ/ကော့သောင်း NLD)"အားပြတ်နေတဲ့ပုံ ရှိပေမယ့် သူတို့ဘာသာသူတို့ သွားနိုင်တယ်၊ ထိုင်နိုင်ထနိုင်တယ်။ အများစုက အဝတ်တထည် ကိုယ်တခုပေမယ့် တချို့လည်း အချိန်ရလို့ ထင်တယ်၊ အဝတ်အစားထုပ်လေးတွေ ဆွဲလာနိုင်တာလည်း ရှိတယ်။ သူတို့ နေရေးစားရေးကို အာဏာပိုင် အဖွဲ့အစည်းတွေက စီစဉ်ပေးနေပါတယ်။ ရပ်ကွက်တွေမှာ စေတနာရှိသလောက် လှူဖို့ လိုက်အလှူခံနေကြတယ်" ဟု ဦးမြင့်မောင်က ပြောသည်။

ရရာစွဲကိုင်ပြီး တကွဲတပြားစီ မျောပါခဲ့ခြင်းဖြစ်သောကြောင့် သေဆုံးမှု၊ ပျောက်ဆုံးမှု အခြေအနေကို မှန်းဆမရနိုင်သေးကြောင်း ဒုက္ခသည်များက မဇ္ဈိမသတင်းထောက်တဦးကို ပြောပြသည်။

ယခုဖြစ်စဉ်သည် ဖြစ်လေ့ဖြစ်ထရှိသည့် ပုံမှန်ရာသီဥတုဖြစ်စဉ်မျိုး မဟုတ်ပဲ ထူးခြားဖြစ်စဉ်ဟု ဆိုနိုင်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

"၁၄ ၊ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဖြစ်တာ။ တနာရီ မိုင် ရဝ အထိ တိုက်ပါတယ်။ ... မှန်တာပြောရရင် ကုန်းပေါ်ပဲ ဖြစ်လေ့ဖြစ်ထရှိတော့ ကျနော်မျှော်လင့်ထားတာ ကုန်းပေါ်ပဲလေ။ အခုက ရေပြင်ကြီး ဖြစ်သွားတာကိုး။ ဒါကလည်း တော်တော်ထူးဆန်းတဲ့ ဖြစ်စဉ်ပါပဲ။ ကျနော့်အနေနဲ့လည်း အတွေ့အကြံုသစ် တခုလိုပါပဲ" ဟု သူက မဇ္စျိမကို ပြောသည်။

"ဖြစ်စဉ်အားလုံးရဲ့ အဓိကအကြောင်းကတော့ ဟိမဝန္တာက လေအေးတွေ တိုးဝင်လာလို့ပါပဲ။ ပုံမှန်တော့ စိုက်ဆင်းက ကုန်းပေါ်မှာပဲ တိုက်လေ့ရှိပါတယ်။ အရင်တုန်းက တရုတ်ပြည်ဘက်ကတိုက်ပြီး တောင်ဘက်တည့်တည့် ထိုင်းပင်လယ်ကွေ့ဘက်ကို တိုးဝင်သွားတယ်။ အခုက မြန်မာပြည်ကို တိုးဝင်ပြီး၊ ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး အိန္ဒိယကို ဝင်တာဆိုတော့ တော်တော်ထူးခြားတဲ့ ဖြစ်စဉ်ပါ။ တပြည်လုံး အအေးပိုတဲ့ ဖြစ်စဉ်က အဲဒီဂယက်ပါပဲ။ " ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

Most read this week