ဦးသိန်းစိန်ကို ဧပြီတွင် အာဏာလွှဲပေးဖွယ်ရှိ

ဦးသိန်းစိန်ကို ဧပြီတွင် အာဏာလွှဲပေးဖွယ်ရှိ
by -
မျိုးသန့်

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖစစ်အစိုးရက ဧပြီလပထမပတ်တွင် အာဏာလွှဲပေးဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ...

ချင်းမိုင် (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖစစ်အစိုးရက ဧပြီလပထမပတ်တွင် အာဏာလွှဲပေးဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် တက်ရောက်နေသည့် လွှတ်တော်အမတ်များက ပြောသည်။

“မတ်လ ၃၁ ရက်နေ့ဆို ဘဏ္ဍာရေးနှစ်က ကုန်ပြီ၊ အစိုးရသစ်ကတော့ ဌာနဆိုင်ရာတွေမှာ တခုခု အပြောင်းအလဲဆိုရင် ဘဏ္ဍာရေးနှစ်အစမှာ လုပ်ကြမှာပဲလေ၊ အဲဒီလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။  

မြန်မာနိုငံ၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့တွင် စတင်သည်။ မဇ္ဈိမက လိုက်လံမေးမြန်းသော အခြားအမတ် ၄ လေးဦးကလည်း ဧပြီလဆန်း အာဏာလွှဲပြောင်းမှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။

လက်ရှိဝန်ကြီးချုပ်ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်လည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတဦးလည်း ဖြစ်သည်။ စစ်ခေါင်းဆောင်အများစုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေသော လာဒ်စားမှု နာမည်ဆိုးမှ ကင်းလွတ်သူတဦးဖြစ်သော ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၄ နေရာရှိပြီး ဝန်ကြီး ၃ဝ ဦး ပါဝင်သည်။

ထိုစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်အဖြစ် နောက်ဆုံး တက်ရောက်ဂုဏ်ပြုခံသော မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် တပ်မတော် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပသလို တခမ်းတနား မဟုတ်ဘဲ အဆောက်အဦထဲတွင်သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်သွားဖွယ် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော်တွင် ရောက်ရှိနေသော လွှတ်တော်အမတ်များကို တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသေးဟုလည်း အမတ်များက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ လွှတ်တော်အမတ်များ တက်ရောက်ခွင့် ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

တနင်္လာနေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာမြတ်ဉာဏစိုး၏ သွင်းကုန် ထုတ်ကုန်များတွင် အခွန်လျော့ပေါ့ ကောက်ခံပေးရန် မေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည် ဖြေကြားရာတွင် ယခုကောက်ခံနေသည့် အခွန်နှုန်းများသည် အရှေ့တောင် အာရှနိုင်ငံများတွင် ကောက်ခံမှုနှုန်း အနည်းဆုံးဖြစ်ပြီး ထိုဝင်ငွေများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်သဖြင့် လောလောဆယ် အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။

အမျိုးသားလွှတ်တော်၏ တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစုခုန်တိန့်ယိမ်း၏ ကချင်ပြည်နယ်အတွင်း အစိုးရ၏ စီမံကိန်းများကြောင့် ဒေသခံပြည်သူများ နေအိမ်များ ရွှေ့ပြောင်းပေးရခြင်းအတွက် ပြန်လည် နေရာချထားပေးရေးကို စီစဉ်ထားသည့် အခြေအကိုမေးမြန်သည်။

ထိုမေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးဇော်မင်းက ပြန်လည်ဖြေကြားရာတွင် နောက်လာမည့် စီမံကိန်းများအတွက် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ထို့အပြင် ချင်းပြည်နယ်မှ ဦးဇုန်လှယ်ထျန်း၏ ချင်းပြည်နယ်အတွင်း ပင်မလျှပ်စစ် စက်ရုံတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားပေး ဖြန့်ဖြူးပေးရေး မေးခွန်းကို ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားသည် လောလောဆယ်တွင် လုံလောက်မှု ရှိနေခြင်းကြောင့် ဆောက်ရွက်ပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော် အင်္ဂါနေ့ အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ ဘုံတလာ ရေတံခွန်ကို ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် အဆိုကို ဆွေးနွေးရန်ရှိသည်။ ထိုအဆိုကို ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်က တင်သွင်းပြီး ဦးဘုန်းမြင့်အောင်က ထောက်ခံသည်။

အလားတူ တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ပညာရေးနှင့် ပတ်သက်သည့် မေးခွန်း ၃ ခု၊ နယ်စပ်လုံခြံုရေးနှင့် ပတ်သက်သည့် မေးခွန်း ၂ ခုကို မေးမြန်းခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော်အတွင်း အဆိုတင်သွင်းမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးမောင်ညို၏ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် အမျိုးမျိုးဖြစ်နေခြင်းကို ပုံသေသတ်မှတ်ပေးရန် ဆွေးနွေးမှုကို လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည်ဖြေကြားရာတွင် မြန်မာတပြည်လုံးတွင် အချို့နေရာများတွင် ဒီဇယ်ဖြင့် စက်ရုံလည်ပတ်နေရမှု၊ ရေအားမှ လျှပ်စစ် ရနိုင်မှု စသည်များကြောင့် လျှပ်စစ်သုံးစွဲခ ကောက်ခံမှု မတူနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အင်္ဂါနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာပွင့်ဆန်း၏ လူမှုဖွံ့ဖြိုးရေး ဥပဒေသစ် ပြဋ္ဌာန်းပေးရန်အဆိုနှင့် ဦးတင်မောင်ဝင်း၏ အလုပ်သမားများ လုပ်ငန်းခွင်လုံခြံုရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး အဆိုတို့ကို ဆွေးနွေးရန်ရှိသည်။

Most read this week