အင်တာနက်နှင့် လူမှုမီဒီယာများမှတဆင့် သတင်း များပျ့ံနှံ့သွားခြင်းကြောင့် တူနီးရှား၊ အီဂျစ်၊ ဘာရိန်း၊ ယီမင်နှင့်လစ်ဗျားတို့တွင် ဆူ ပူအုံကြွမှုဆန္ဒပြပွဲများ ဖြစ်လာသည့်အတွက် မြန်မာစစ်အစိုးရကလည်း ...
ရန်ကုန် (မဇ္စျိမ) ။ ။ အင်တာနက်နှင့် လူမှုမီဒီယာများမှတဆင့် သတင်း များပျ့ံနှံ့သွားခြင်းကြောင့် တူနီးရှား၊ အီဂျစ်၊ ဘာရိန်း၊ ယီမင်နှင့်လစ်ဗျားတို့တွင် ဆူ ပူအုံကြွမှုဆန္ဒပြပွဲများ ဖြစ်လာသည့်အတွက် မြန်မာစစ်အစိုးရကလည်း နိုင်ငံတွင်းရှိ လူငယ်များ အတုခိုး လိုက်လုပ်မည်ကို စိုးရိမ်ကြောင့်ကြနေသည်။
စစ်အစိုးရ၏ စိုးရိမ်ပူပန်မှုကို အကောင်းဆုံး ပြနေသည်က အင်တာနက် ဆက်သွယ်မှု အလွန် နှေးကွေးနေခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ထူးခြားသော အခြေအနေများနှင့် ခေတ် နောက်ကျမှုများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ထွက်လာရေး၌ အင်တာနက် အခန်းကဏ္ဍ အလွန်နည်းပါးသည် ဆိုသည်ကို သိမြင်နိုင်သည်။ |
ဒီတော့ အင်တာနက်မှ အစပြုသည့် အရှေ့အလယ်ပိုင်း တော်လှန်ရေးမျိုး မြန်မာနိုင်ငံတွင်ရော ပုံတူ မဖြစ်တော့ဘူးလား။ မြန်မာပြည် အခြေအနေကို အနီးကပ် စေ့စေ့စပ်စပ် ကြည့်လျှင်၊ မြန်မာနိုင်ငံ၏ ထူးခြားသော အခြေအနေများနှင့် ခေတ်နောက်ကျမှုများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ထွက်လာရေး၌ အင်တာနက် အခန်းကဏ္ဍ အလွန်နည်းပါးသည် ဆိုသည်ကို သိမြင်နိုင်သည်။
နိုင်ငံတွင်း၌ အခြေအမြစ်ကစ၍ ပြောင်းလဲမှုမျိုးဖြစ်ဖို့ဆိုသည်မှာ အခြား အကြောင်းအချက်များ ပေါ်ပေါက် ပါဝင်လာမှသာ ဖြစ်နိုင်မည်။
မြန်မာနိုင်ငံ အင်တာနက် ဆက်သွယ်ရေးအကြောင်း ကြည့်ကြရအောင်။ အင်တာနက် အသုံးပြုနိုင်သော မြို့ဆို၍ အဓိကအားဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ကြီးနှစ်မြို့သာ ရှိသည်။ အင်တာနက်ကိုလည်း အများအားဖြင့် အင်တာနက်ကဖေးဆိုင်များတွင်သာ အသုံးပြုကြရသည်။ ယင်းဆိုင်များသည် အစိုးရ၏ စည်းမျဉ်း စည်းကမ်းဖြစ်သော မည်သည့်ဝက်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုသည်ဆိုသည်ကို မှတ်သားထားနိုင်သည့် URL-tracking software ထည့်သွင်းထားရသည်၊ ဆိုင်တွင်း အသုံးပြုသူများကို စောင့်ကြည့် မှတ်တမ်းတင်နိုင်သည့် စီစီတီဗွီ ကင်မရာများ တပ်ဆင်ထားကြရသည်။
အစိုးရက ပိတ်ပင်ထားသော ဝက်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုရန် အဆိုပါဆိုင်များတွင် တားမြစ် ပိတ်ပင်ထားသည်ကိုမူ ပြောရန်ပင် မလိုပါ။
အင်တာနက် အသုံးပြုသူဦးရေကို လေ့လာကြည့်လျှင် မြန်မာပြည်၏ စိတ်ပျက်ဖွယ် ပကတိ အခြေအနေကို မြင်တွေ့နိုင်သည်။ ၂ဝ၁ဝ တွင် နိုင်ငံလူဦးရေ ၅၅ သန်း ၏ ဝ.၂ ရာနှုန်း ဖြစ်သော ၁၁ဝ,ဝဝဝ သာ အင်တာနက် အသုံးပြုနိုင်ပြီး တရုတ်ပြည်တွင် စုစုပေါင်း လူဦးရေ၏ ၃ဝ ရာနှုန်း က အင်တာနက်ကို ပုံမှန်အသုံးပြုနေသည်။
အင်တာနက် အသုံးပြုသူ ၅ သိန်းခန့်ရှိသည်ဟု ပိုပိုသာသာခန့်မှန်းလျှင်ပင် အခြေအနေမှာ မကောင်းလှပါ။ ထို့ပြင် အင်တာနက်ကို သတင်းရရှိရာ ရေသောက်မြစ်အဖြစ် အသုံး ပြုခြင်းမှာလည်း အကန့်အသတ်နှင့်သာရှိသည်။ စစ်အစိုးရကို ဝေဖန်ပြောကြားသည့် ဝက်ဆိုက််များကို တားဆီး ပိတ်ပင်ထားသည်။ ထိုအထဲတွင် ဖိုင်နင်ရှယ်တိုင်းနှင့် ဘန်ကောက်ပို့စ်လို ဘာမှမဆိုင်သည့် သတင်းစာကြီးများ၏ ဝက်ဆိုက်များလည်း ပါဝင်သည်။
ပိုဆိုးသည်မှာ တွစ်တာ နှင့် ယူကျု ကိုပိတ်ထားခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ကိုမူ ဝင််ကြည့်၍ရသည်။ သို့သော် မိမိဖေ့စ်ဘွတ်အကောင့်မှ စာတစောင်ပို့၍ရသည်ဆိုလျှင် ထီပေါက်သလောက် ဝမ်းသာရသည်။
အင်တာနက် သုံးစွဲခြင်းနှင့် လူဦးရေ စာရင်းအင်းများ
ခုနှစ် |
အသုံးပြုသူ | လူဦးရေ | ရာခိုင်နှုန်း | ဂျီဒီပီရာခိုင်နှုန်း | ရင်းမြစ် |
၂၀၀၀ | ၁၀၀၀ | ၅၄,၀၂၁,၅၇၁ | ၀.၀၀၂ % | မသိ | ITU. |
၂၀၀၈ | ၄၀, ၀၀၀ | ၄၇,၇၅၈,၁၈၁ | ၀.၁ % | ၄၇၉ | ITU. |
၂၀၀၉ | ၁၀၈၉၀၀ | ၄၈,၁၃၇,၇၄၁ | ၀.၂ % | ၄၅၉ | ITU. |
၂၀၁၀ | ၁၁၀၀၀၀ | ၅၃,၄၁၄,၃၇၄ | ၀.၂ % | ၄၆၉ | ITU. |
မှတ်ချက်။ လူတဦးကျဂျီဒီပီတန်ဘိုးများမှာ အမေရိကန်ဒေါ်လာနှင့်ဖြစ်သည်။ ရင်းမြစ်-နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့
လူငယ်အင်တာနက် အသုံးပြုသူများက ပိတ်ဆို့ထားသော ဝက်ဆိုက်များကို ဘယ်လို ကျော်လွှား ဝင်ကြည့်ရမည်ဆိုသည်ကို သိသည်။ အစိုးရ၏ စောင့်ကြပ် ထောက်လှမ်းနေမှုကလည်း ကြောက်စရာ ကောင်းသည်၊ အင်တာနက် မြန်နှုန်း နှေးကွေးလွန်းမှုက စိတ်တိုစရာ၊ မကြာခဏ မီးပျက်ခြင်းက စိတ်ပျက်စရာ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခင်က တပ်ဆင်လိုက်သည့် `မြန်နှုန်းမြင့်´ ဘရော့ဘန်အင်တာနက် ဆိုသည်ကလည်း ကြေညာထားသည့်အတိုင်း မမြန်၊ မြန်နှုန်းမြှင့်ဘို့ လိုနေသေးသည်။
ရန်ကုန်တွင် ဖန်နန်းမျှင် အင်တာနက်ကြိုးများ တပ်ဆင်နေသည်။ သို့သော် ကြော်ငြာ ထားသည့် ၃ဝ Mbps ဆိုသည့် မြန်နှုန်းကို ဘယ်အခါမျှမရပါ။ ကနဦး တပ်ဆင်ခ အမေရိကန်ဒေါ်လာ ၉ဝဝ နှင့် လစဉ်ကြေး ၃၅ မှ ၁၁ဝ ဒေါ်လာဆိုသည်ကလည်း တလလျှင်ပျှမ်းမျှ ဒေါ်လာ ၃ဝ သာဝင်သည့် သာမန်ပြည်သူများ လက်လှမ်းမီသည့် ငွေကြေးမဟုတ်ပါ။
အာရပ်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား အဓိက ကွာခြားချက်ကြီးများကြောင့် မကြာမတင် ကာလအတွင်း မြန်မာနိုင်ငံတွင် နောက်ထပ် ဆူပူအုံကြွှမှုတခု ဖြစ်လာမည့် အရေးမှာ စိတ် ကူးကြည့်ရန်ပင် ခဲယဉ်းသည်။ |
အခြားသော ဆက်သွယ်ရေး ကိရိယာများကလည်း မြန်မာပြည်၏ အခြေခံ အဆောက်အဦး ခေတ်နောက်ကျမှု ကို ပြသနေသည်။ တကမ္ဘာလုံးတွင် မိုဘိုင်းဖုန်းဆိုသည်မှာ မရှိမဖြစ် အရေးပါသော ဆက်သွယ်ရေးပစ္စည်းတခု ဖြစ်နေသည်။
သို့သော် မြန်မာနို်င်ငံတွင်တော့ မဟုတ်ပါ။ အများဆုံးခန့်မှန်းသည့် စာရင်းများအရပင် လူဦးရေ ၃.၇ ရာနှုန်းသာ မိုဘိုင်းဖုန်းကိုင်နိုင်ပြီး မိုဘိုင်းဖုန်း အရေအတွက် စုစုပေါင်း ၂ သန်းသာ ရှိသည်။ ဤနှုန်းမှာ ရယ်စရာကောင်းလောက်အောင် နိမ့်ကျသည်။
မိုဘိုင်းဖုန်းများမှာ စျေးကြီးလှပြီး အီးမေးလ် နှင့် အင်တာနက်ဆက်သွယ်ရေးများ လုပ်မရပါ။ အစိုးရက ချုပ်ကိုင်ထားသည့် အနည်းငယ်မျှသော မိုဘိုင်းဖုံး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကလည်း နိုင်ငံတကာ SMS နှင့် နိုင်ငံတကာ roaming ဝန်ဆောင်မှုများကို မပေးပါ။ ဂျီအက်စ်အမ် မိုဘိုင်း ဆင်းကဒ်များ၏ စျေးကွက် ပေါက်စျေးများ မကြာသေးခင်က ကျဆင်းသွားခဲ့သည်။
တယ်လီဖုန်းမပါ ဂျီအက်စ်အမ်ဆင်းကဒ် သက်သက်ဆိုလျှင် မှောင်ခိုစျေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၄ဝဝ မှ ၁၆ဝဝ သာ ရှိတော့သည်။ အဆိုပါဆင်းကဒ်များ၏ တရားဝင်စျေးနှုန်းမှာ ဒေါ်လာ ၁၇ဝ သာရှိသော်လည်း ထိုစျေးနှင့်မည်သူမျှ မရောင်းလိုကြပါ။ ကြိုတင်ငွေပေး စီဒီအမ်အေ ဆင်းကဒ်များကို ဒေါ်လာ ၆ဝဝ နှင့် ရောင်းမည်ဟူသော အစီအစဉ်သစ်တခု ပေါ်ထွက်လာပြန်သည်။ အပြင်စျေး ဘယ်လောက်ဖြစ်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်။
လိုင်းဖုန်းများသည်ပင် လူအများ မတတ်နိုင်သည့် ဇိမ်ခံပစ္စည်း ဖြစ်နေသည်။ အိမ်ထောင်စု အနည်းငယ်သာ အိမ်ဖုန်း ရှိကြသည်။ ဖုန်းပါလျှင် ရန်ကုန်မြို့မှ သာမန်အိမ်ခန်းတခန်း၏ ငှားရမ်းခသည် ဖုန်းမပါသော အလားတူအခန်းနှင့်စာလျှင် ၅ဝ ရာနှုန်း မျှ စျေးမြင့်သည်။ နောက်ဆုံးရ ကိန်းဂဏန်းများအရ လူဦးရေ ၁ ရာနှုန်းသာ အိမ်တွင်လိုင်းဖုန်းရှိကြသည်။
အစိုးရက လူထုကို သတင်းမှောင်ချထားရေးအတွက် တီဗီ သတင်းစာတို့ကို ကန့်သတ်မှုများ ပြုလုပ်ခြင်းဖြင့် အစွမ်းကုန် ဆောင်ရွက်သည်။ မြန်မာနိုင်ငံ ဂျီအန်ပီ ၏ ၈ဝ ရာနှုန်း ကျော်မှာ လယ်ယာကဏ္ဍ ထုတ်လုပ်မှုမှဖြစ်ပြီး လူဦးရေအများစုမှာ ကျေးလက်နေ လယ်ယာ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်သည်။
သူတို့အတွက် အစိုးရက ခွင့်ပြုထားသော တီဗီ သတင်းစာ ဂျာနယ် တို့မှလွဲ၍ အခြားသတင်းရစရာ ရေသောက်မြစ်မရှိပါ။ အဆိုပါ အစိုးရ သတင်းစာ တီဗီတို့ကလည်း အရှေ့အလယ်ပိုင်းမှ ဆူပူအုံကြွမှုများကို ရေးသားဖော်ပြခြင်း မရှိပါ။
သို့သော်ကံကောင်းသည်မှာ အစိုးရက တရားဝင် ခွင့်ပြုမထားသော်လည်း အဓိက မြို့ကြီးများနှင့် နိုင်ငံတဝှမ်းရှိ ဟိုတယ်များတွင် ဂြိုဟ်တုစလောင်းများ ဖမ်းယူ ကြည့်ရှု၍ရနေသည်။ အဆိုပါစလောင်းများအတွက် နှစ်စဉ်ကြေးမှာ အမေရိကန် ဒေါ်လာ ၄ဝဝ ပေးရသည်။
ဤစိတ်ပျက်ဖွယ် စာရင်းအင်းများကိုကြည့်လျှင် မြန်မာအစိုးရအဘို့ အင်တာနက် လူမှုကွန်ယက်မီဒီယာများမှ အုံကြွမှုများ ပေါက်ကွဲထွက်လာမည်ကို စိုးရိမ်ရန် အကြောင်းမရှိပါ။
ဤသို့ အင်တာနက်မှတဆင့် ပေါက်ကွဲလာမည့် အုံကြွမှုမျိုး မဖြစ်နိုင်ဟု ဆိုလျှင် ၁၉၈၈ တုန်းကလို၊ သံဃာတော်များဦးဆောင်သည့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမျိုးလို မြန်မာလူထုကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်နိုင်သည့် အချက်က ဘာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အရှေ့အလယ်ပိုင်းနှင့် နှိုင်းယှဉ် ပြောကြားခြင်းသည် အန္တရာယ်ရှိသည်။ အာရပ်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား အဓိက ကွာခြားချက်ကြီးများကြောင့် မကြာမတင် ကာလအတွင်း မြန်မာနိုင်ငံတွင် နောက်ထပ် ဆူပူအုံကြွှမှုတခု ဖြစ်လာမည့်အရေးမှာ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသည်။
မြန်မာနိုင်ငံက လူငယ်နှင့် အလုပ်လက်မဲ့နှုန်း အရှေ့အလယ်ပို်င်းနိုင်ငံများထက် များသော်လည်း ယဉ်ကျေးမှုနှင့် ပညာရေးမှာ အတော် ကွာခြားသည်။ အနောက်နိုင်ငံများနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံများမှာ ပဋိပက္ခကို အကြမ်းဖက်ဖြေရှင်းသည့် အစဉ်အလာများနှင့် လွန်ခဲ့သော နှစ်ပေါင်း တထောင် နှစ်ထောင် အတွင်း ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ လူဦးရေ ၉ဝ ရာနှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ယဉ်ကျေးမှုအစဉ်အလာအရ လည်း ငြိမ်းချမ်းရေး မြတ်နိုးသော အကြမ်းမဖက်လိုသော နှလုံးသားရှိကြသူများ ဖြစ်သည်။
အရှေ့အလယ်ပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်သူ ခေါင်းဆောင်အများမှာ ဗြိတိန်၊ ပြင်သစ် အမေရိကန် တို့တွင် ပညာသင်ကြားခဲ့ကြသူများ ဖြစ်သည်။ မြန်မာနို်င်ငံတွင်မူ ထိုသို့ ပညာသင်ကြားခဲ့သူမှာ လက်တဆုပ်စာမျှသာရှိပြီး ပညာသင်ပြီးလျှင် ကိုယ့်နိုင်ငံ ပြန်လာလိုသူကလည်း အနည်းငယ်သာရှိသည်။
၁၉၆၄ ပုဂ္ဂလိကနှင့် မစ်ရှင် ကျောင်းများကို ပြည်သူပိုင် သိမ်းလိုက်ကတည်းက မြန်မာနို်င်ငံ၏ ပုံမှန်ပညာရေးမှာ ဂျွမ်းထိုးမှောက်ခုံ ကျဆင်းသွားခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ၏ ပညာရေး အဆင့်အတန်းမှာ ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့ပြီး နိုင်ငံရေးစိတ်ဓာတ်မရှိ၊ စာကောင်းကောင်းမတတ်သည့် မျိုးဆက်များသာ ပေါ်ထွက်လာသည်။
၁၉၈၈ နှင့် ၂ဝဝ၇ လူထုအုံကြွှမှုများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနှိမ်နင်းလိုက်သည့် အတွက်ကြောင့်လည်း မြန်မာလူထုမှာ အကြောက်တရား လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် အခါတွင်လည်း လူထုနှင့်သူ ပထမဆုံး တွေ့ဆုံစကားပြောသည်ကို သွားနားထောင်ရန် မြန်မာလူမျိုးအများအပြား ကြောက်ရွံ့နေခဲ့ကြသည်။
အတွေ့အကြံုများအရ ဒီမိုကရေစီ တော်လှန်ရေးထက် အာဏာသိမ်းနိုင်ချေသာ ပိုရှိသည်။ |
လျှို့ဝှက်ပုလိပ် တပ်ဖွဲ့ဝင်များက ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်တမ်းတင်မည်ကို ကြောက်နေကြသည်။ ၂ဝဝ၇ ဆန္ဒပြပွဲများ အပြီးတုန်းကလည်း ထိုဓာတ်ပုံများ ဗီဒီယို မှတ်တမ်းများကို ကြည့်ပြီး ညအချိန် အိမ်မှ လာဆွဲသွားခဲ့ကြသည်။ လူငယ်များ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မဆန့်ကျင်လိုကြခြင်းမှာ သူတို့ကို ဖမ်းဆီးသွားသည်နှင့်မပြီး ကျန်ရစ်သည့် မိသားစုကိုပါ ဆက်ဒုက္ခပေးမည်ကို မခံလိုသောကြောင့် ဖြစ်သည်။
ယခုအထိ ထောင်ထဲတွင် အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၂ဝဝ ဆိုသည်က စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုကို အမြဲပြနေသည်။
စစ်တပ်အတွင်း အက်ကြောင်းများ၊ မကျေနပ်မှုများ၊ အချင်းချင်းအကြား မနာလိုပြိုင် ဆိုင်မှုများက စစ်အစိုးရကို ဖြုတ်ချနိုင်လိမ့်မည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူအများက ပြောဆိုကြသည်။ သို့သော် အတွေ့အကြံုများအရ ဒီမိုကရေစီ တော်လှန်ရေးထက် အာဏာသိမ်းနိုင်ချေသာ ပိုရှိသည်။ စစ်တပ်အတွင်း သီးခြား စင်ပြိုင် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို ထူထောင်ထားပြီး ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံ၊ နေအိမ်တန်းလျားများ အပြည့်အစုံရှိပြီး ဖြစ်သည်။
သူတို့သာလျှင် တိုင်းပြည်မပြိုကွဲအောင် ကယ်တင်နိုင်သည့် သူများ၊ ရေပေါ်ဆီ အထက်စီး လူတန်းစားဟု စစ်ဗိုလ်တွေ အတွေးပေါက်နေကြသည်။ အရပ်သားလူထုကို နိမ့်ကျသူများအဖြစ် အထင်သေး အမြင်သေး ဆက်ဆံကြသည်။
၁၉၈၈ ဆန္ဒပြပွဲများ ပြီးကတည်းက မြန်မာလူထု ကောင်းကောင်း သင်ခန်းစာရသွားသည်။ နောက်ထပ် အာဏာရှင်အသစ်တဦး မပါဘဲ အာဏာရှင်ဟောင်း ဦးနေဝင်းကို ဖြုတ်မချနိုင်ဟူသည့် သင်ခန်းစာပင် ဖြစ်သည်။
မြန်မာတို့၏ ဆိုရိုးစကားဖြစ်သော `နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ´ ကလည်း ရှိနေသည်။ ဤအချက်သည် မြန်မာနိုင်ငံအတွက် တကယ့်ကိုမှန်ကန်သည့် အချက်ကြီးဖြစ်သည်။ ဒါဆိုရင် တူနီးရှား၊ အီဂျစ်၊ လစ်ဗျား တို့အတွက်ကော။
အရှေ့အလယ်ပိုင်း ပြည်သူများသည် နောက်ဆုံးတွင် အာဏာရှင် အစိုးရများကို ဖြုတ်ချလိမ့်မည်ဟူသော မျှော်လင့်ချက်က ရှိနေသည်။ သို့သော်မြန်မာနိုင်ငံတွင်မူ ဖေ့စ်ဘွတ် တွစ်တာတို့ကဲ့သို့သော `ကမ္ဘာသစ်´ က အုံကြွမှုသစ်ကို လှုံ့ ဆော်ပေးလိမ့်မည်ဟု ထင်မြင်ယူဆရန် ခက်လှသည်။ မီးပွားကလေးတခုရှိလျှင်တော့ ထိုသို့ဖြစ်နိုင်ချေ ပိုရှိသည်။ လောင်စာနှင့်စားကုန်စျေးနှုန်းများ ထိုးတက်သွားပြီး နောက် အဆိုပါမီးပွားလေးက ၂ဝဝ၇ တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။
(မန္တလာမောင်သည် ရန်ကုန်ရောက် နိုင်ငံခြားသား တဦး၏ ကလောင်အမည် ဖြစ်သည်။)