နအဖ နှင့် SSPP/SSA တိုက်ပွဲကြောင့် ကျေးလက်လူထု စစ်ဘေးစစ်ဒဏ် အမျိုးမျိုးခံရ

နအဖ နှင့် SSPP/SSA တိုက်ပွဲကြောင့် ကျေးလက်လူထု စစ်ဘေးစစ်ဒဏ် အမျိုးမျိုးခံရ
by -
သျှမ်းသံတော်ဆင့်

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း နအဖ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ကျေးလက် လူထု စစ်ဘေးစစ်ဒဏ် အမျိုးမျိုး ခံရသည့် အပြင်ကျားမမရွေးပေါ်တာဆွဲခြင်းလည်းခံနေရ ...

SSPP/SSA ထိန်းချုပ် နယ်မြေအတွင်း နအဖ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံ ကျေးလက် လူထု စစ်ဘေးစစ်ဒဏ် အမျိုးမျိုး ခံရသည့် အပြင် ကျားမမရွေး ပေါ်တာဆွဲခြင်းလည်း ခံနေရကြောင်း ဒေသခံ သတင်း ရပ်ကွက်အရသိရသည်။

စစ်ပြေးဒုက္ခသည်များ( ဓာတ်ပုံ- Shan Sapawa)၁၆ ရက်က နအဖတပ် လက်တွင်းကျသွားသော တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စု နမ့်လောင်း ရွာသားများ အဆိုပါ ဒဏ်ခံနေ ရခြင်းဖြစ်ပြီး ယခုအခါ ရွာတွင်း၌ လူငယ်များမရှိ တော့ သဖြင့် တခြားသို့ ထွက်ပြေးခိုလှုံသော အမျိုး သမီးများ အား ရွာတွင်း ပြန်လာကြရန် နအဖတပ်က လိုက်လံဆင့်ခေါ် နေသည်ဟု မိုင်းရှူးရောက်နမ့်လောင်း ဒေသခံ တဦးကပြောသည်။

“တခြားကိုထွက်ပြေးတိမ်းရှောင်ကြလို့ရွာထဲမှာ ဘယ်သူမှမကျန်တော့ဘူး။ မနေ့က သျှမ်းတပ်ကို လိုက်တိုက်ဖို့ ဆိုပြီး တွေ့ကရာလူကို ပေါ်တာ ဆွဲတယ်။  လမ်းပြခိုင်းတယ်။ ကျန်တဲ့ လူတွေလဲ ဘယ်နေရဲတော့မလဲ ထွက်ပြေး ကုန်တာပေါ့။ အခုရွာထဲမှာ လူငယ်မရှိ တော့လို့ တောထဲခိုနေတဲ့ ရွာသူ ရွာသားတွေ ရွာပြန်နေဖို့ ဗမာတပ်က ဆင့်ခေါ်နေတယ် ” လူလတ်ပိုင်း နမ့်လောင်းသူတဦး ကပြောသည်။

သျှမ်းတပ်များဆုတ်ခွာပြီးနောက်ပိုင်း ဗမာစစ်တပ်ထိန်းချုပ်မှုအောက်၌ လုံခြုံရေးအတွက် စိတ်မပူရတော့ဟု လည်း ဗမာ စစ်သား တချို့ ပြောဆိုစည်းရုံးနေသည်ဟုလည်း ဘုရားဒကာတဦး ကပြောသည်။

“တိုက်ပွဲတုန်းက မြောက်ကျောင်း(ကျောင်းဟောင်)ပျက်စီးဆုံးရှုံးခအဖြစ် ဗမာတပ်က ကျပ် ၃ သောင်းလျော်ပေး တယ်။ နောက်ပြီးတော့ ရွာထဲမှာဗမာစစ်သားတွေလာပြောတယ်။ ဗမာ့တပ်မတော် က ခင်ဗျားတို့ ရွာကို ထိန်းသိမ်းစောင့် ရှောက် မယ်။ ခင်ဗျားတို့ လုံခြုံ ရေးအတွက် စိတ်မပူရတော့ဘူး-တဲ့။ ဗမာတပ် အာဏာသိမ်း တိုင်းပြည်အုပ်ချုပ်လာတာနှစ် ၂၀ ကျော်နေပြီ။ သူတို့စီမံတတ်ရင် ပြည်သူလူထု က သူတို့ဘက်အကုန်ပါပြီပေါ့။ သူတို့အသုံးမကျလို့ အခုလို ပြည်သူဒုက္ခ ရောက်ရတာ၊ သျှမ်းတပ်က သူတို့ကိုရန်ရှာတိုက်ခိုက်တာမဟုတ်ဘူး။ သူတို့က ပြဿနာစရှာတာ၊ သျှမ်းတပ်ကို စတိုက် နေတာ” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

မိုင်းကောဝ်တိုက်နယ်သို့ ခိုလှုံရန်သွားသောနမ့်လောဝ်းရွာသားစစ်ပြေးဒုက္ခသည်များကိုလည်း မိုင်းကောဝ် ထဲဝင်ခွင့်မပြု ဘဲ မိမိနေရပ်သို့ ပြန်နေရန် နအဖ စစ်တပ် ခလရ ၃၃ က အမိန့်ပေးသောကြောင့်အခက်အခဲ ရောက်နေရကြောင်း ဒေသ ခံတဦးကပြောပါသည်။

Most read this week