လေပြင်းများ တိုက်ခိုက်နေသဖြင့် ကမ်းရိုးတန်းသွား ရေယာဉ်အားလုံး သတိပြု မောင်းနှင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနက မတ်လ ၁၅ ရက်နေ့က သတိပေး ...
ရန်ကုန် (မဇ္စျိမ) ။ ။ လေပြင်းများ တိုက်ခိုက်နေသဖြင့် ကမ်းရိုးတန်းသွား ရေယာဉ်အားလုံး သတိပြု မောင်းနှင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနက မတ်လ ၁၅ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနှံ့တွင် စိုက်ဆင်း လေပြင်းများ တိုက်ခတ်နေသည့်အတွက် သင်္ဘောနှင့် မော်တော်များအပါအဝင် မည်သည့်ရေယာဉ်မဆို မွန်းတည့် ၁၂ နာရီနောက်ပိုင်းနှင့် ညပိုင်းတို့တွင် အထူးသတိပြုမောင်းနှင်ရန် မှာကြားထားသည်။
ကမ်းရိုးတန်းသွား ရေယာဉ်အားလုံးအတွက် သတိပေးချက် ထုတ်ပြန်ထားသော်လည်း ကမ်းဝေး ငါးဖမ်းစက်လှေများ အတွက် သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းဝင် တဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ အင်္ဂါနေ့ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်အထိ ပြင်းအားရှိ လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများပါ ရွာသွန်းဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။
မတ်လ ၁၁ ရက်နေ့က ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စိုက်ဆင်း ခေါ် လေပြင်းများ ရုတ်တရက် တိုက်ခတ်ခဲ့သဖြင့် ရန်ကုန်တိုင်းတွင်း နေအိမ် ၁၅ဝ ကျော် ပျက်စီးကာ လူ ရ၆ဝ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သရက်ချောင်းရွာ၌ အိမ်ခြေ ၂ဝ ပျက်စီးဆုံးရှုံးခဲ့သည်။