မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ၁၉ဝဝ ခုနှစ် စရင်းစကောက််ချိန်ကစပြီး ပဥ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲ ...
မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ၁၉ဝဝ ခုနှစ် စရင်းစကောက််ချိန်ကစပြီး ပဥ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲသွားတယ်။ ကမ္ဘာကြီးလည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်= မိုက်ခရိုစက္ကန့် ၁သန်း) နှေးသွားတယ်လို့ နာဆာ ပညာရှင်် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။
ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။ တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။
ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကိို ကြည့်ကြရအောင်။
ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ရ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။
တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅ မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့ စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။
ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။ Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့ ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့ ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့် စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။
တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။ ကံဆိုးတာက ဂျပန်နိုင််ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင် ခဏခဏ အလှုပ်ခံရပါတယ်။
ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။ ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။
အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင် ၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့ ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့့သွားပါတယ်။ ဗဟိုချက်မဟာ သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက် ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့ ရပါတယ်။
လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့ နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြံုနေတဲ့ စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ ဂျပန်ကျွန်းနဲ့ မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန််မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။ လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။
ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့ ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။
ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊ အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင် ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။
ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။ ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ် တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။
သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊ ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင် သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ် စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။ သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ) စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။
ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊ ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့ အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ ထားရပါတယ်။
ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထဲမှာ သံမဏိ သံပေါင်းဖိုတွေကို ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။
ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊ အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့ ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့ အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြံုထားမိတာကလည်း တဒုက္ခ။
ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့ ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊ ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။ Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊ Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။
ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။ အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ လေထုထဲ ပျံ့နှံ့စေပါတယ်။
ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။ ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။
နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။ ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ကျနော် ဉာဏ်မီသလောက် တင်ပြခြင်းပါ။
အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။
အခုအသုံုးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက် စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့ ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင် Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ - ၄ ဆ ပိုထုတ်နိုင်ပါတယ်။
အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင် Fusion ဖြစ်စဉ်် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့ အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင် Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။
လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ် အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။
ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့် ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့ ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။
နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ ရပ်တည်နိုင်ပါတယ်။
မြန်မာပြည်ကြီး တိုးတက်ချမ်းသာပါစေ။
စာဖတ်သူတို့ အသိကြွယ်၍ စိတ်အေးမှု ရပါစေ။
(မှတ်ချက်။ စာရေးသူသည် အင်ဂျင်နီယာဖြစ်၍ သိပ္ပံပညာကို ဝါသနာပါသဖြင့် တသက်လုံး လေ့လာဖတ်ရှုခဲ့ရာ တသက်လုံး စုဆောင်းလာသည့် အသိကြောင့် သိပ္ပံအကြောင်းအရာများကို နားလည်လွယ်လာပါသည်။ ဤဆောင်းပါးအတွက် အသုံးပြုရသည့် ဆောင်းပါးနှင့် စာစောင်များမှာလည်း များပြားလွန်းပါသဖြင့် အညွှန်းကို မဖော်ပြတော့ပါ။ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး များသဖြင့် နားလည်မလွဲရန် မူလ အင်္ဂလိပ် အခေါ်အဝေါ်များကို မလွှဲမရှောင်သာ အသုံးပြုရသည်ကိုလည်း ခွင့်လွှတ်စေချင်ပါသည်။)
ဘိုဘိုကျော်ငြိမ်း