နေပြည်တော်တွင် ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများကို ကြာသပတေးနေ့မှ စတင်၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရ ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်တွင် ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများကို ကြာသပတေးနေ့မှ စတင်၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။
အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြာသပတေးနေ့မှ စတင် ရပ်နားပြီး မတ်လ ၂၁ ရက်နေ့တွင်သာ ပြန်လည်စတင်မှာ ဖြစ်သည်။
လွှတ်တော် အစည်းအဝေးများ ရပ်နားရခြင်းမှာ နေပြည်တော်တွင် သာသနာရေး ဌာနမှ ဦးစီးကျင်းပသည့် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ရှိနေခြင်းကြောင့်ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။ ထို ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ နေပြည်တော်ရောက် အမတ်များ သွားရောက်ရန် တရားဝင်ဖိတ်ကြားခြင်း မရှိသော်လည်း သွားရောက်လိုက သွားနိုင်သည်။
ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်အမတ်များ၏ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည်ဖြေကြားရာတွင် လမ်းပန်းဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ရာသီအလိုက် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ရှိ/မရှိ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဌေးဦးက ထူးခြားသည့် အခြေအနေများရှိပါက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည်ဟု ဖြေကြားခဲ့သည်။
ထို့နောက် ပင်စင်စားများ လစာတိုးပေးရေး အဆိုကို ဦးစိုးဝင်းက တင်ပြဆွေးနွေးရတွင် ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက သင့်လျော်သောအချိန်အခါတွင် ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဦးအောင်ဇင်၏ ထွက်ကုန်သီးနှံများကို တည်ငြိမ်သောစျေးရရှိရေး သင့်တင့်သော ထိန်းသိမ်းခ သတ်မှတ်၍ အစိုးရနှင့် ပုဂ္ဂလိကတို့ထံ တရားဝင် အပ်နှံထားခွင့်ပြုရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး အဆိုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဆွေးနွေးရာတွင် သိုလှောင်ရုံများ အလုံအလောက်မရှိခြင်း၊ တောင်သူလယ်သမားများ၏ ယုံကြည်စိတ်ချ အားထားမှု တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းတို့ကြောင့် ထိုအဆိုကို ဆောင်ရွက်ရန် မသင့်ကြောင်း ငြင်းဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဘက်တွင်လည်း ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်၏ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသား ဆရာဝန်များ ပိုမိုချပေးရေးအဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ဆောင်ရွက်ဆဲ ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးကဏ္ဍတွင် အားနည်းနေသည့်အတွက် ဘုတ်အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရေး ဦးစတီဗင်သာဘိတ်၏ အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က ပြန်လည်ဆွေးနွေးရာ အမျိုးသား ကျန်းမာရေးကော်မတီမှ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေး အသိပညာများ နိုးကြားအောင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ပြန်လည် ဖြေကြားရာတွင် တရားမဝင် လမ်းဘေးဆီဆိုင်များ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။