စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ

စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ
by -
ကူးဒူ

အမျိုးသမီးများ အပါအဝင် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရမှ ပြဌာန်းမည်ဆိုသည့် သတင်းများ ပြည်သူလူထုအကြား ပျံ့နှံ့နေလျက်ရှိပြီး ထိုဥပဒေသည် နိုင်ငံ၏ လက်ရှိအခြေအနေ...

အမျိုးသမီးများ အပါအဝင် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရမှ ပြဌာန်းမည်ဆိုသည့် သတင်းများ ပြည်သူလူထုအကြား ပျံ့နှံ့နေလျက်ရှိပြီး ထိုဥပဒေသည် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် မကိုက်ညီသေးသည့်အတွက် လူငယ်များ မလိုမလားရှိနေကြသည်။

မြန်မာစစ်အစိုးရ စစ်သားများအဆိုပါဥပဒေသည် လူငယ်ထုတို့၏ အနာဂတ်ကို အညွန့်ချိုးစေပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေမှုများတွင် လူငယ်ထုပါ၀င်ကြရမည့် ဥပဒေဖြစ်နေသည့်အတွက် ပြည်တွင်းရှိ စစ်ဆန့်ကျင်းရေး မြန်မာလူငယ်တစုမှ ဆန့်ကျင်လုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

“အခု ကျမတို့ လူငယ်တွေကြားမှာတော့ တကယ် ပျံ့နှံ့နေတယ် ဒီသတင်းကပေါ့နော်။ တခြား ဒီမိုကရေစီ နိုင်ငံတိုင်း မှာတော့ ဒီဥပဒေတော့ ရှိနေပါတယ်။ အခုလက်ရှိ စစ်အစိုးရလည်းပဲ ဒီမိုကရေစီ နိုင်ငံတွေလို ဒီဥပဒေကို ကျင့်သုံးချင်တယ်ဆိုရင် ပြည်သူတွေရဲ ့ အခြေခံ လူနေမှုစနစ် ရရှိအောင် သူတို့အရင် လုပ်ဆောင်ပေးရမှာပါ။ ကျမတို့အခုမြန်မာ ပြည်မှာက အလုပ်လက်မဲ့တွေလည်း အများကြီး၊ ပြီးတော့ အစိုးရလစာစားတဲ့ လူတွေလည်း သူရဲ့လစာနဲ့က သူတစ်ယောက် စားတောင်မှ မလောက်ဘူး။ အဓိကပြောချင်တာက ဝင်ငွေနဲ့ထွက်ငွေက မကိုက်ဘူးပေါ့လေ” ဟု ကရင်နီပြည် လွိုင်ကော်မြို့မှ အသက် ၂၀အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။

ဆက်လက်ပြီး ၎င်းက“လူထုတွေက သူတို့ မိသားစု အတွက်နဲ့ ဝမ်းစာရေးက ပိုအရေးကြီးနေတယ်။ အဲဒါကြောင့် ကျမတို့ စစ်မှုထမ်းဖို့ဆိုတာက မဖြစ်နိုင်သေးတဲ့ အခြေနေမှာ ရှိနေပါတယ်။ တကယ် ဒီမိုကရေစီ အစစ်မှန်ရတဲ့ တနေ့ဆိုရင်တော့ ကျမတို့ ပြည်သူ့စစ်လုပ်ဖို့က ဝန်မလေးပါဘူး” ဟုပြောသည်။

အလားတူ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကရင်နီအမျိုးသမီးငယ် တစ်ဦးကလည်း “ပြည်တွင်းကို ပြန်ဝင်ဖို့ဆိုတာက မရေမရာ ဖြစ်နေရတယ်။ အဲဒီစစ်မှုကို မထမ်းချင်ဘူး။ ကျမ မိသားစုရေးအတွက် များစွာလုပ်ရဦးမှာ ဖြစ်နေတဲ့အတွက်ကြောင့်ဘဲ” ဟုပြောပါသည်။

စစ်တပ်က ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ ပေါက်ကြားလာခဲ့ပါသည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း ဆိုထားသည်။  စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည်မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်။

“တကယ် ဒီမိုကရေစီနိုင်ငံတွေလို ဥပမာ အမေရိကန်၊ ထိုင်း တို့လိုမျိုး ပြည်သူ့စစ်ကို တကယ် ပြည်ပရန်အတွက်နဲ့ ထားမယ်ဆိုရင်တော့ ဒီဥပဒေက အကျိုးရှိမှာပါ။ ဒါပေမဲ့ သူတို့က တိုင်းရင်းသား ပြည်သူတွေနဲ့ဘဲ ပြန်သတ်ဖြတ်ခိုင်းမယ်ဆိုရင်တော့ ဘာအကျိုးမှ မရှိဘူးပေါ့လေ” ဟု ဖရူဆိုမြို့နယ်မှ အမျိုးသားလူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အင်အား ငါးသိန်းခန့်ရှိသည်ဟု စစ်ရေးလေ့လာသူတို့၏ ခန့်မှန်းချက်အရ သိရသည်။ ယခုပေါက်ကြားနေသည့် စစ်မှုထမ်း ဥပဒေသည် တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း မြန်မာပြည်တွင်း၊ ပြည်ပရှိ လူငယ်များအကြား ပေါက်ကြားနေလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းအတွင်းသို့ ယခု ၂၀၁၁ ခုနှစ် ဇန်နာဝါရီလ အတွင်း လချုပ်စာရင်းအရ ပြည်တွင်းမှ လူသစ်ဦးရေ ၁၀၅ ဦးတိုးလာပြီး အများစုမှာ လူငယ်လူရွယ်များ ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီနှင့် မတ်လ အတွင်းမှာလည်း အသစ်ရောက်ရှိလာသည့်သူ အမြောက်အများ ရှိနေသေးသော်လည်း တရားဝင် စာရင်းမချုပ်ရသေးကြောင်း စခန်းအုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။