မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က အကူအညီများ ထပ်မံပံ့ပိုးပေးမည်ဟု FIFA ဥက္ကဋ္ဌ ဆက်ပ် ဘလတ္တာ Sepp Blatter က ရန်ကုန် ဆီဒိုးနားဟိုတယ် ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က အကူအညီများ ထပ်မံ ပံ့ပိုးပေးမည်ဟု FIFA ဥက္ကဋ္ဌ ဆက်ပ် ဘလတ္တာ Sepp Blatter က ရန်ကုန် ဆီဒိုးနားဟိုတယ်၌ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် ဆောက်လုပ်ထားသည့် Goal Project II ဘောလုံးအကယ်ဒမီကျောင်း ဖွင့်ပွဲအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဘလတ္တာက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ဆီက တခုခုနဲ့ တင်ပြတောင်းဆိုရင် သူတို့ဘက်က လာရောက် စစ်ဆေးပြီး လိုအပ်တာ ကူညီမယ်လို့ ပြောတယ်” ဟု MFF ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က မဇ္စျိမကို ပြောသည်။
မစ္စတာ ဘလတ္တာသည် ယခုလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက မန္တလေးရှိ ဘောလုံးအကယ်ဒမီကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၊ မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်နှင့် တွေ့ဆုံခဲ့သလို အကယ်ဒမီကျောင်း တည်ဆောက်ထားမှုနှင့် ကျောင်းရှိ လူငယ်ဘောလုံးသမားများ၏ လေ့ကျင့်မှုတို့ကို ကြည့်ရှုခဲ့သည်။
ထို့နောက် သုဝဏ္ဏဘောလုံးကွင်း ထိုင်ခုံများ တိုးချဲ့ဆောက်လုပ်မည့် ပန္နက်တင်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ MFF ရုံးသို့ သွားရောက်ကာ ည ၈ နာရီတွင် ဆီဒိုးနားဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယနေ့မနက်ပိုင်းတွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တနာရီကြာ တွေ့ဆုံခဲ့ကာ၊ နေပြည်တော် လေဆိပ်မှ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ထွက်ခွါသွားသည်။
FIFA အနေဖြင့် မြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ပေးအပ်ကြောင်း ဦးစိုးမိုးကျော်က ပြောသည်။
၂ဝဝ၁ ခုနှစ်တွင် FIFA က ဘောလုံးကွင်းများ ပြုပြင်ရန်နှင့် MFF ရုံး တည်ဆောက်ရန် Goal project I အဖြစ် စတင်ချပေးခဲ့ပြီး၊ ၂ဝဝ၄ ခုနှစ်တွင် Goal project II အဖြစ် ယခုဖွင့်လှစ်ခဲ့သည့် မန္တလေး အကယ်ဒမီ ကျောင်းအတွက် ထပ်မံ ချပေးခဲ့သည်။
ထို့နောက် အကယ်ဒမီ ကျောင်းများတွင် သင်ကြားနေသည့် လူငယ်များအတွက် Goal project III အဖြစ် ချပေးခဲ့သလို လူဦးရေ ၂ သောင်းဆံ့ သုဝဏ္ဏ ဘောလုံးကွင်းကို ဦးရေ ၃ သောင်းခွဲဆံ့ရန် ပြုပြင်ရေးအတွက် Goal project IIII အဖြစ် ချပေးခဲ့ပြီးဖြစ်သည်ဟု ဦးစိုးမိုးကျော်က ပြောသည်။
စီမံကိန်း တခုစီအတွက် အမေရိကန်ဒေါ်လာ ၄ သိန်းနှုန်းဖြင့် FIFA က MFF သို့ ထုတ်ပေးခဲ့ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘောလုံးအကယ်ဒမီ တည်ဆောက်ရန် Goal project 5 အဖြစ် အဆိုထပ်တင်ထားသည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်လာပြီးနောက် ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ စုစည်းကာ မြန်မာနေရှင်နယ်လိဂ် MNL ကို စတင်တည်ထောင်ခဲ့ကြသည်။
သို့သော် ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက် အဆင့် ၁၄ဝ ရှိခဲ့ရာမှ ၂ဝ၁၁ ခုနှစ်တွင် အဆင့် ၁၆၁ သို့ ကျဆင်းသွားပြီး၊ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား၏ အောက်တွင် ရှိနေသည်။
၂ဝ၁၃ ဆီးဂိမ်းအမီ နေပြည်တော်တွင် ဆောက်လုပ်နေသည့် နိုင်ငံတကာအဆင့်မီ ဇေယျာသီရိနှင့် ဇမ္ဗူသီရိ ဘောလုံးကွင်းများ၊ မန္တလေးရှိ Goal Project II ဘောလုံးအကယ်ဒမီကျောင်း စသည်တို့ကို ဦးဇော်ဇော်ပိုင် Max Myanmar ကုမ္ပဏီက ကန်ထရိုက်ယူ ဆောက်လုပ်ခွင့်ရထားသည်။