မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု (VOIP) များကို ပိတ်ပင်မှု တင်းကြပ်ရန် ကြေးနန်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်လိုက် ...
ဘန်ကောက်၊ ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု (VOIP) များကို ပိတ်ပင်မှု တင်းကြပ်ရန် ကြေးနန်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်။
Skype, Gtalk, Pfingo, VZO မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်မှုကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြား ခေါ်ဆိုမှုများ ကျဆင်းကာ နိုင်ငံခြားဝင်ငွေ ထိခိုက်နေကြောင်း မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်၏ မတ်လ ၂ ရက်နေ့ ရက်စွဲပါ ညွှန်ကြားစာတွင် ဖော်ပြပြီး VOIP ခေါ်ဆိုမှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟု ပါရှိသည်။
ညွှန်ကြားစာကို နိုင်ငံတဝှန်းရှိ အများပြည်သူသုံး အင်တာနက်ဆိုင်များ public access center (PAC) ကို ချုပ်ကိုင်ထားသည့် Myanmar Info-Tech Corp. Ltd ကုမ္ပဏီ ဥက္ကဋ္ဌထံ ပေးပို့ခဲ့ရာ ကုမ္ပဏီကလည်း မတ်လ ၁ဝ ရက်နေ့တွင် တရားဝင် စာထုတ်ကာ ထပ်ဆင့်ညွှန်ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် Skype နှင့် Pfingo အသုံးပြု၍ နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုမှု အများဆုံးဖြစ်ကြောင်း အင်တာနက်ဆိုင်ရှင်များက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး၏ နိုင်ငံတကာဖုန်း International Direct Dialing - IDD ခေါ်ဆိုနှုန်းထားများမှာ FEC ဖြင့် တွက်ချက် ပေးဆောင်ရသည့်အပြင် အင်တာနက် VOIP ဖုန်းများထက် အဆများစွာ ပိုမိုစျေးနှုန်းမြင့်မား နေခြင်းကြောင့် အင်တာနက်ဖုန်းများကို လူထုက ပိုမိုအသုံးပြုလာကြသည်။
အစိုးရ ဆက်သွယ်ရေး ဖုန်းဖြင့် အမေရိကန်သို့ ခေါ်ဆိုပါက ပထမ တမိနစ်အတွက် FEC ၄.၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၄ဝဝဝ ခန့်) ၊ ထိုင်းနိုင်ငံသို့ ခေါ်ဆိုပါက FEC ၁.၄ ဒေါ်လာ (မြန်မာကျပ်ငွေ ၁ဝဝဝ ကျော်) အသီးသီး ကျသင့်မည်ဖြစ်ပြီး အင်တာနက်ဆိုင်များတွင် VOIP စနစ်သုံး ခေါ်ဆိုပါက အမေရိကန်သို့ တမိနစ် ၁ဝဝ ကျပ်၊ ထိုင်းနိုင်ငံသို့ တမိနစ် ၅ဝ ကျပ် ခန့်သာ ကျသင့်သည်။
ပြီးခဲ့သည့်နှစ်က ပုံမှန်ခေါ်ဆိုခထက် ပိုမိုသက်သာသည့် ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ်ဖုန်းကတ်များ ဆက်သွယ်ရေးမှ ထုတ်ရောင်းခဲ့သေးသည်။ သုံးစွဲသူများခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ကြိုတင်ငွေပေးစနစ်သုံး ဖုန်းကတ်များရောင်းချခြင်းကို စစ်အစိုးရက ပြန်လည် ထိန်းချုပ်ခဲ့သည်။
VOIP မသုံးရန် မြန်မာ့ဆက်သွယ်ရေး၏ ညွှန်ကြားချက် အွန်လိုင်းတွင် ပျံနှံနေသော်လည်း တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်း မရှိသေးကြောင်း အင်တာနက် ဆိုင်များက ပြောသည်။
မြန်မာနိုင်ငံတွင် အများပြည်သူ သုံးစွဲခွင့်လျှောက်ထားနိုင်သည့် အင်တာနက်ဆားဗစ်လုပ်ငန်း ISP ၂ ခုရှိပြီး ရတနာပုံတယ်လီပို့တ်နှင့်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဖြစ်သည်။
ယခု ကြေငြာချက်ကြောင့် အင်တာနက်ဆိုင်များအနေဖြင့် များစွာ ဝင်ငွေထိခိုက်မည်မဟုတ်ပဲ အသုံးပြုသူများသာ အဓိကထိခိုက်နစ်နာနိုင်ကြောင်း အလုံမြို့နယ်မှ အင်တာနက် ဆိုင်ရှင်တဦးက ပြောသည်။
"ဖုန်းတွေကို မခေါ်ရတော့ဘူး ဆိုရင်လဲ Gtalk အချင်းချင်း၊ Skype အကောင့်အချင်းချင်း အချိန်းအချက် လုပ်ပြီး ပြောလာကြမှာပဲ ထင်တယ်။ ဖုန်း တိုက်ရိုက်ခေါ်မရတော့ အွန်လိုင်းတက်လာမယ့်အချိန် စောင့်ပြီး သုံးရတာမျိုးတွေ ဖြစ်လာမယ်။ ဒီမှာက ကော်နက်ရှင်လည်း မကောင်းတော့ သုံးတဲ့သူတွေအချိန်ကုန် လူပင်ပန်း ပိုပြီး ဖြစ်ကြမှာပေါ့" ဟု သူက ပြောသည်။