ကရင်နီပြည်တွင် ဖြစ်လာမည့် စစ်ရေး သင်တန်းကွင်းနှင့် နောက်ဆက်တွဲ အခြေအနေ

ကရင်နီပြည်တွင် ဖြစ်လာမည့် စစ်ရေး သင်တန်းကွင်းနှင့် နောက်ဆက်တွဲ အခြေအနေ
by -
ကူးဒူ

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် မြန်မာစစ်တပ်တို့မှ စစ်ရေး လေ့ကျင့်ရေးကွင်း နှစ်ခု တည်ဆောက်ရန် နေရာဒေသ တိုင်းတာလျက်ရှိပြီး သတ်မှတ်ထားသည့် နေရာအများစုမှာ ပြည်သူပိုင်ခြံမြေများဖြစ် ...

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် မြန်မာစစ်တပ်တို့မှ စစ်ရေး လေ့ကျင့်ရေးကွင်းနှစ်ခု တည်ဆောက်ရန် နေရာဒေသ တိုင်းတာလျက်ရှိပြီး သတ်မှတ်ထားသည့် နေရာအများစုမှာ ပြည်သူပိုင် ခြံမြေများ ဖြစ်သည့်အတွက် မိမိတို့မြေကွက်များ အလဟဿ ဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြသည်။

မြေကွက်များ တိုင်းတာသတ်မှတ်ထားခြင်းအပေါ် ဒေသခံတို့၏ စိုးရိမ်ပူပန်မှု

ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလော်ခူ၊ လောကျာနှင့် မာခရော်ရှေ့ ကျေးရွာသုံးရွာအကြားရှိ သိမ်းခံရမည့် ပြည်သူပိုင်ခြံမြေဖရူဆိုမြို့နယ်တွင်းရှိ ဒေါလော်ခူ၊ လောကျာနှင့်မာခရော်ရှေ့ ကျေးရွာသုံးရွာ အကြားတွင် ကျေးရွာလူထုတို့၏ သဘောထား တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ နယ်မြေများ တိုင်းတာ သတ်မှတ်ထားခြင်း ဖြစ်သည်။

“အခုသိမ်းထားတဲ့ နေရာက ကျနော်တို့ ရွာအောက်ကနေစပြီး သိမ်းတယ်။ ဧကဘယ်လောက်ရှိလဲတော့ မသိဘူး။ သူတို့စတိုင်းတဲ့ နေရာကနေ အဆုံးထိဆို ခြေလျင်နဲ့စလျှောက်ရင် နာရီဝက်လောက်ရှိတယ်။ တော်တော်ကျယ်တယ်။ အဲဒီနေရာတွေအားလုံးက ရွာသူရွာသားတွေ ပိုင်ဆိုင်ထားတဲ့ ခြံတွေဖြစ်တယ်”ဟု ခြံမြေ ၅ဧက ဆုံးရှုံးမည်ကို စိုးရိမ်နေသည့် လောကျာရွာသားတစ်ဦးက ပြောသည်။

“အခု ရွာသားတွေ စိုးရိမ်နေတာက သူတို့တိုင်းထားတဲ့ မြေကွက်တွေက တောင်ယာလုပ်ပိုင်ခွင့်ရှိလား မရှိတော့ဘူးလားပေါ့နော်၊ တကယ်လို့သူတို့က သီးနှံတွေ စိုက်ပျိုးပြီးတဲ့နောက်မှာ သူတို့ကလာမယ်ဆိုရင် ပင်ပန်းမှုတွေ၊ သီးနှံတွေကို ဆုံးရှုံးခံရမှာကို စိတ်ပူပန် နေကြရတယ်” ဟု ဒေသခံရွာသားတို့၏ စိုးရိမ်ပူပန်မှုများကို မာဖရိုရှေး(မာခရော်ရှေ့)ရွာသားတစ်ဦးက ရှင်းပြသည်။

တောင်ယာမြေကွက်များ ယခုလို သိမ်းဆည်းခြင်းတို့ကြောင့် နောက်ဆက်တွဲ အကျိုးဆက်မှာ ရွာသားအချင်းချင်း လုယက်မှုများနှင့် မဖြစ်သင့်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ကတည်းက ခမရ ၅၇၆ မှ ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလော်ခူ၊ လောကျာနှင့် မာခရော်ရှေး ကျေးရွာအနီးနားတဝိုက်မှ လေးမိုင်ပတ်လည်ရှိ ပြည်သူပိုင်ခြံမြေများကို တိုင်းတာသတ်မှတ်မှုများ စတင်ပြုလုပ်ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ အသက်မဝင်သေးသော်လည်း

စစ်တပ်မှ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုသည့် ဥပဒေကို မတ်လ ၁ ရက်နေ့မှ စတင်၍ ဆက်တိုက်ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးတွင် အတည်ပြုရန် တင်ပြနေဆဲရှိနေသော်လည်း ကရင်နီပြည်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရေးကွင်းများ ရှာဖွေသတ်မှတ်လျက်ရှိပြီဖြစ်သည်။

မတ်လ ၁၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်ရန် အတည်ပြု ဆွေးနွေးခြင်း မရှိသေးဘဲ နိုင်ငံတော် သမ္မတက လိုအပ်သည့် အချိန်တွင် အမိန့်ထုတ်ပြန်သွားမည်ဟု ဆိုထားသည်။

“စစ်ထဲမဝင်မနေရ ဥပဒေအကြောင်းက ပြည်တွင်းမှာရှိတဲ့ ရပ်ထဲရွာထဲမှာ ပြန့်နှံ့နေပြီ။ လူရွယ်လူလတ်တွေတော့ ဖြစ်ချင်ရာဖြစ်ပေါ့၊ တကယ်အတင်းအကြပ်နဲ့ ဖြစ်လာရင်တော့ ကရင်နီဘက်ကို ထွက်မယ်ဆိုတဲ့ အခြေအနေတွေရှိတယ်။။ ဒါပေမဲ့ အခက်တွေ့နေတဲ့ သူတွေက အိမ်ထောင်ရှိနေတဲ့ သူတွေဖြစ်တယ်။ သူတို့က အမျိုးမျိုး စဉ်းစားရတယ်။ ထွက်ပြေးရင် ကျန်ရစ်တဲ့မိသားစုတွေ ဒုက္ခရောက်မယ်။ နောက်ပြီး ကျွဲ၊ နွား၊ ခြံတွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာ တော်တော်လေး ဆုံးဖြတ်ရခက်တယ်” ဟု ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်က ပြောသည်။

စစ်တပ်က ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ ပေါက်ကြားလာခဲ့ပါသည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း ဆိုထားသည်။

စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည်မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်။

ထောင်တွင်း အကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက်နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်သင်တန်းကွင်းပြီးနောက် အလားအလာ

ဖရူဆိုမြို့နယ်သည် ကရင်နီတပ်မှ လုပ်ရှားနေသည့် နေရာဖြစ်သကဲ့သို့ စစ်တပ်နှင့် ကရင်နီတပ်တို့ကြား တိုက်ပွဲများမကြာခဏ ဖြစ်တတ်သည့်နေရာလည်း ဖြစ်သည်။

ဖရူဆိုမြို့နယ်တွင် ယခုလို စစ်တပ်မှ စစ်ရေးလေ့ကျင့်ရေးကွင်းများ ဖွင့်လှစ်ပြီး စစ်တပ်အင်အား တိုးမြင့်လာရေးကိစ္စသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) တပ်တို့အနေဖြင့် လူထုနှင့်အဆက်အသွယ် ပြတ်တောက်ရန် စစ်ရေးနည်းဗျူဟာတစ်ခု ဖြစ်သည်ဟု ကန္တာရဝတီတိုင်း (မ်)အယ်ဒီတာ စေးရယ်စိုးက ယခုလိုသုံးသပ်ပြောဆိုသည်။

ညာမိုတပ်စခန်းရှိ ကရင်နီရဲဘော်များ အပျင်းပြေ တေးသီချင်းများ သီဆိုလေ့ရှိကြသည်။၎င်းက “ဒီလိုစစ်ရေး လေ့ကျင့်ရေးကွင်းတွေ လာရောက် တည်ဆောက်တဲ့ ကိစ္စနဲ့ အင်အားတွေ တိုးချဲ့ချထားဖွယ် ရှိတယ်ဆိုတဲ့ ကိစ္စက လွှတ်တော်မှာ အတည်ပြုစရာ မလိုဘဲ စစ်တပ်ကနေ သူတို့ချထားတဲ့ စစ်ရေး နည်းဗျူဟာအတိုင်း လုပ်ဆောင်သွားမှာပါဘဲ။ အဓိကတော့ ကရင်နီတပ်တွေ လုပ်ရှားနေတဲ့ ဒေသကပြည်သူတွေအနဲ့ ကရင်နီတပ်ကို အထောက်အကူတွေ မပေးနိုင်ဖို့လုပ်တာ ဖြစ်တယ်။ နောက်ထပ်တစ်ခုက ကရင်နီတပ်နဲ့ ပြည်သူအကြားမှာ အဆက်အသွယ် လုံးဝဖြတ်သွားအောင် စစ်တပ်က လိုလားနေကြတယ်” ဟုပြောသည်။

ဆက်လက်၍ စေးရယ်စိုးက “အခုစောင့်ကြည့်ရမှာက ကရင်နီပြည်မှာ စစ်သင်တန်းကွင်းတွေ ပြီးသွားရင် ကျနော်တို့ ကရင်နီတိုင်းရင်းသားတွေကို စစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတော့မယ်။ သူတို့ရေးဆွဲပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကိုက အသက် ၁၈ နှစ်ပြည့်သူ အမျိုးသားရော အမျိုးသမီးရော စစ်ထဲဝင်ကို ၀င်ရတော့မှာဖြစ်တယ်။ အဲဒီအချိန်ကျရင် စစ်တပ်ထဲကိုဝင်ရတဲ့ ကရင်နီတိုင်းရင်းသားတွေအနဲ့ ကရင်နီတပ်မတော်ကို တိုက်ရတော့မှာဖြစ်တယ်” ဟုသုံးသပ်ပြောဆိုသည်။

ပြီးခဲသည့်၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မှီက နယ်ခြားစောင့်တပ်အဖြစ်သို့ အသွင်ပြောင်းခြင်းခံခဲ့ရသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းပြီး ကရင်နီ ညာမိုတပ်စခန်းကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် သုံးလတိုင်တိုင် နေ့ရောညပါ တိုက်ခိုက်ချေမှုန်းခဲ့သည်။ အဆိုပါတိုက်ပွဲကို နယ်စပ်မှာရှိသည့် ကရင်နီအသိုင်းအဝိုင်းတို့က ကရင်နီအချင်းချင်း တိုက်ခိုက်နေကြသည့် တိုက်ပွဲဟူ၍လည်း ပြောဆိုသမုတ်ခဲ့ကြသည်။

ကရင်နီပြည်တွင် မြန်မာစစ်တပ်မှ တပ်ရင်း ၁၂ ရင်းတပ်စွဲ ထားသည့်အပြင် နယ်ခြားစောင့်တပ်မှ တပ်ရင်း ၂ ရင်းလည်း ရှိသည်။ ယခုစီစဉ်နေသည့် စစ်သင်တန်းကွင်းအပြီး တပ်ရင်းများ မည်မျှရှိလာမည်ကို အတိအကျ မသိရှိရသေးပေ။