မလကျွန်း ဂတ်စ်သန့်စင်ရေး စက်ရုံ တည်ဆောက်ရာတွင် အလုပ်သမားများ မတရား ခိုင်းစေခံနေရ

မလကျွန်း ဂတ်စ်သန့်စင်ရေး စက်ရုံ တည်ဆောက်ရာတွင် အလုပ်သမားများ မတရား ခိုင်းစေခံနေရ
by -
နိရ ဉ္ဇရာသတင်း

ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ဆောက်နေသော ဂတ်စ် သန့်စင်ရေး စက်ရုံ တည်ဆောက်ရာတွင် အလုပ်သမားများ မတရား အလုပ်စေခိုင်း ခံနေကြသည်ဟု သတင်း ရရှိ ...

ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ဆောက်နေသော ဂတ်စ် သန့်စင်ရေး စက်ရုံ တည်ဆောက်ရာတွင် အလုပ်သမားများ မတရား အလုပ်စေခိုင်း ခံနေကြသည်ဟု သတင်း ရရှိသည်။

မလကျွန်း တည်ဆောက်ရေး လုပ်ငန်းခွင်အမည်မဖေါ်လိုသူ အလုပ်သမား တစ်ဦးက “ ခိုင်းတာက ရက်ရက်စက်စက်ကို ခိုင်းတာပါ။ မနက် ၈ နာရီကနေပြီး ညနေ ၆ နာရီထိ တရုတ်တွေက မနားမနား ခိုင်းတာပါဘဲ။ တချို့လည်း အလုပ်ဒဏ် မခံနိုင်တော့ ထွက်သွားကြပါတယ်” ဟု ပြောသည်။

အဆိုပါ စက်ရုံတည် ဆောက်နေရာတွင် အလုပ်သမား ထောင်ချီရှိနေပြီး ဒေသခံများမှာ အလုပ်ကြမ်းသမားများ အဖြစ် ၀င်ရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

“တရက်ကို လုပ်အားခက ၁၅၀၀ ပေးပါတယ်။ အဓိက အလုပ်တွေက မြေတူး မြေဖို့ ကျောက်သယ် ကျောက်ပြောင်း အလုပ်တွေကို လုပ်ကြရတာပါ။ အလုပ်သမားတွေ အတွက် နေထိုင်စရာ တန်းလျားတွေ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပေမယ့် နေထိုင်ခွင့်် မပြုသေးပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ကကိုယ်လာပြီး အလုပ် လုပ်နေကြရပါတယ်။ စက်ဘီးနဲ့ လာတဲ့သူတွေ ရှိသလို ခြေနဲ့ လျှောက်ပြီး လာလုပ်တဲ့ သူတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

အဆိုပါ အလုပ် လုပ်နေရာတွင် ဗမာအမျိုးသားများလည်း ရှိပြီး သူတို့မှာ ကားမောင်း၊ အလုပ်သမား ခေါင်းများ အဖြစ် လုပ်ကိုင်ကြပြီး ရခိုင်ဒေသခံများမှာ အလုပ်ကြမ်း သမားများ အဖြစ် လုပ်ကိုင်ကြရကြောင်းသူက ပြောသည်။

“ရခိုင်တွေက ဒေသအတွင်းက ရခိုင်တွေများပါတယ်။ ကျောက်ဖြူ၊ အုန်းတောနဲ့ မလကျွန်းက လူတွေ များပါတယ်။ အားလုံးက အလုပ်ကြမ်းသမားတွေ အဖြစ် အလုပ် လုပ်ကိုင်နေကြတာပါ။ လူတွေ အများစုကတော့ တရုတ်တွေ မတရားခိုင်းတဲ့ အတွက် မလုပ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း အလုပ်အကိုင်မရှိတော့ အနည်းအကျဉ်းက အလုပ်က ထွက်သွားကြပေမယ့် ကျန်တဲ့သူတွေကတော့ ဒီနေ့ထိ လုပ်နေကြတုန်းပါဘဲ” ဟု ပြောသည်။

မလကျွန်းမှာ ကျောက်ဖြူမြို့ အနောက်ဘက် ၆ မိုင် အကွာတွင် တည်ရှိပြီး ကျွန်း တဝက်နီးပါးကို ဂတ်စ်စီမံကိန်း အတွက် အစိုးရ သိမ်းပိုက်ပြီး တရုတ်သို့ ပေးထားကြောင်း သိရသည်။

မလကျွန်းတွင် ဂတ်စ် သန့်စင် စက်ရုံ တည်ဆောက်ပြီး ထိုကျွန်းမှ ဂတ်စ်ကို မြဒေးကျွန်း (မဒေကျွန်း)သို့ ပို့မည် ဖြစ်ပြီး ထိုကျွန်းမှ တဆင့် တရုတ်ကို ဂတ်စ်ပိုက်လိုင်းများဖြင့် တင်ပို့မည် ဖြစ်သည်။

ကျွန်းပေါ်တွင် ရှိသော တရုတ်များသည် အလုပ်သမားများထံမှ လုပ်အား ခေါင်းပုံ ဖြတ်နေသည် သာမက သဲကျောက်နှင့် သစ်တင်ပို့သူများကလည်း စျေးနှိမ် ၀ယ်ယူနေပြီး သစ်များကို စျေးနှိမ်သဖြင့် မရောင်းလို၍ ပြန်ယူသော်လည်း ကျွန်းပေါ်တွင် ရှိသော ရဲနှင့် သစ်တောဌာနက အဆိုပါ သစ်များကို ဖမ်းဆီးပြီး ငွေများ တောင်းခံနေကြောင်း သိရသည်။

Most read this week