သံလွင်ရေကာတာ စီမံကိန်းအား ကရင်နီအဖွဲ့မှ ကန့်ကွက်

သံလွင်ရေကာတာ စီမံကိန်းအား ကရင်နီအဖွဲ့မှ ကန့်ကွက်
by -
အောလို

ကရင်နီပြည်တွင် စီးဆင်းနေသော သံလွင်မြစ်အပေါ် မြန်မာ စစ်အစိုးရနှင့် တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တည်ဆောက်မည့် စီမံကိန်းအပေါ် ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က ကန့်ကွက် ...

ကရင်နီပြည်တွင် စီးဆင်းနေသော သံလွင်မြစ်အပေါ် မြန်မာ စစ်အစိုးရနှင့် တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တည်ဆောက်မည့် စီမံကိန်းအပေါ် ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က ကန့်ကွက်ကြောင်း ကြေညာသည်။

ကရင်နီပြည်တွင် စီးဆင်းနေသော သံလွင်မြစ်ပေါ်၌ ကူးဖြတ်နေသော လူတစ်စု (ဓါတ်ပုံ-KNYO)စစ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဒါးတန်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Datang (Yunnan) United Hydropower Developing Co တို့မှ တည်ဆောက်မည့် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ သံလွင်မြစ်ပေါ်၌ လျှပ်စစ်ဓါတ်အား ၆၀၀ မီဂါ၀ပ် ထုတ်လုပ်ပေးမည့် ရေကာတာကို ကန့်ကွက်ကြောင်း ယမန်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေးနေ့တွင် KCSN အဖွဲ့မှ ကြေညာချက် တစောင် ထုတ်ပြန်၍ ကန့်ကွက်ခြင်း ဖြစ်သည်။

သံလွင်မြစ် ရေကာတာ တည်ဆောက်ခြင်းသည် ရေကာတာ ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်များဆိုင်ရာ အဖိုးတန် သစ်တောများ၊ စားကျက်မြေများနှင့် တောရိုင်းတိရိစ္ဆာန်များ နေထိုင်ရာ ဒေသများကို ထိခိုက်ဆုံးရှုံးစေပြီး ရေလွမ်းမိုးခံရမည် ဖြစ်သောကြောင့် ဆန့်ကျင်ကန့်ကွက်ရခြင်း ဖြစ်သည်ဟု KCSN အဖွဲ့ တာဝန်ခံ ခူးမီရယ်က ပြောသည်။

၎င်းက “အဲဒီ တည်ဆောက်မယ့် ရေကာတာ ပတ်ဝန်းကျင် တလျှောက်လုံးမှာက အဖိုးတန် သစ်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေ မှီခိုတဲ့ နေရာ ဖြစ်တယ်။ အကယ်၍ သူတို့ အဲနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် ကျွန်းသစ်တွေလည်း ရေလွမ်းမိုးခံရမယ်။ တောရိုင်းတိရိစ္ဆာန်တွေလည်း နေစရာ နေရာ မရှိတော့ဘူးပေါ့” ဟု ပြောသည်။

ထိုအပြင် ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ဘောလခဲမြို့နယ်တွင် နေထိုင်ကြသော လူဦးရေ ထောင်ဂဏန်းနှင့်သာ ကျန်ရှိတော့သည့် ယင်းတလဲ လူမျိုးတို့အတွက် စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရန် မြေယာများနှင့် နေထိုင်ရန် နေရာဒေသများကို ရေလွမ်းမိုးခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရနှင့် တရုတ်တို့သည် ရေကာတာကို တည်ဆောက်ဖြစ်လျှင် ယင်းတလဲ လူမျိုးတို့အတွက် နေထိုင်ရန်နှင့် လုပ်ကိုင်စားသောက်ရန် နေရာဒေသများ ရှိတော့မည် မဟုတ်သောကြောင့် အနာဂါတ်တွင် ယင်းတလဲ လူမျိုးများ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာ ဖြစ်သည်ဟု ယင်းတလဲ အမျိုးသမီး စမိန်းက ပြောသည်။

“ကျမတို့ ယင်းတလဲ လူမျိုးတွေအတွက် ဆိုးကျိုတွေ အများကြီးတော့ ရှိတယ်ပေါ့နော့်။ နောင်တချိန်မှာ ကျမတို့အတွက် အရမ်းကို စိုးရိမ်စရာ ကောင်းတဲ့ အနာဂါတ် တခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မှာ ဘာသာစကားလည်း မရှိဘူးပေါ့နော့်။ ကျမတို့ လူတွေ တကွဲတပြားဆီ ဖြစ်ကြမယ်ဆိုရင် ကျမတို့ လူတွေ ပျောက်သွားရုံသာမက ကျမတို့ ဘာသာစကားကိုပါ ပျောက်သွားနိုင်တယ်” ဟု သူမက ပြောသည်။

စစ်အစိုးရသည် သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားများ ထုတ်လုပ်ရန် စီစဉ်နေသော်လည်း ကရင်နီပြည်၌ တည်ဆောက်ပြီးစီးခဲ့သော လောပိတ ရေအားလျှပ်စစ် စက်ရုံများနှင့် ငွေတောင်ဆည်တို့၏ အတွေ့အကြံုအရ ထွက်ရှိမည့် လျှပ်စစ်ဓါအားများကို ဒေသခံကရင်နီပြည်သူများက အကျိုးအမြတ် ခံစားရမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် KCSN က သုံးသပ်ထားသည်။

ကရင်နီပြည်တွင် လွိုင်ကော်မြို့နယ်ရှိ လောပိတ ရေအားလျှပ်စစ် စက်ရုံများနှင့် ဒီးမော့ဆိုမြို့ရှိ ငွေတောင်ဆည်ကို တည်ဆောက်ခဲ့စဉ်က ထိုဒေသအနီးရှိ ဒေသခံကရင်နီပြည်သူလူထု ၁၂၀၀၀ ကျော်တို့သည် စစ်အစိုးရ၏ အတင်းအဓမ္မ မောင်းထုတ်ခြင်းကြောင့် အခြားနေရာများသို့ အိုးမဲ့အိမ်မဲ့ဖြင့် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ သို့သော် လျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အားနှင့် ဆည်မြောင်းမှ ရေကို ပြည်သူလူထုများက အနည်းကျဉ်းသာ ရရှိကြသည်ဟု KCSN က ဆိုသည်။

KCSN အဖွဲ့သည် ယခင်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကရင်နီလူမှုအသင်းအဖွဲ့ အသီးသီး ဖြစ်သော ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (KNYO)၊ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO)၊ ကရင်နီအမြဲစိမ်းလန်း စိုပြေရေးအဖွဲ့ (KEG)၊ ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေးပင်မဌာန (KSWDC)၊ ကရင်နီ မှတ်တမ်းရေးအဖွဲ့ (KDC)၊ ကရင်နီ မြေပုံအဖွဲ့ (KMP)၊ ကရင်နီကျောင်းသားသမဂ္ဂ (KSU)၊ ပြည်တွင်းဌာန ကျန်းမားရေးအဖွဲ့နှင့် ပြည်တွင်းဌာန ပညာရေးအဖွဲ့တို့ ပါ၀င်ကြသည်။ ၎င်းအဖွဲ့သည် ကရင်နီပြည်တွင် စစ်အစိုးရနှင့် တရုတ်တို့ တည်ဆောက်မည့် ရေကာတာအပေါ် စောင့်ကြည့်ပြီး ဆက်လက် ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်သည်ဟု ဆိုပါသည်။

Most read this week