နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေးငြင်းဆန် နေသော ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၏ ၂၀၁၀ နှစ်ချုပ် ညီလာခံကို ဌာနချုပ်ရှိရာ တရုတ် နယ်စပ်အနီး ပန်ဆန်းမြို့၌ မတ်လ ၁၅ ရက်မှ စတင် ကျင်းပ ...
နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေးငြင်းဆန် နေသော ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၏ ၂၀၁၀ နှစ်ချုပ် ညီလာခံကို ဌာနချုပ်ရှိရာ တရုတ် နယ်စပ်အနီး ပန်ဆန်းမြို့၌ မတ်လ ၁၅ ရက်မှ စတင် ကျင်းပမည်ဟု စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ ညီလာခံသို့ ဝ တပ်ဖွဲ့မှ တပ်ရင်းနှင့် မြို့နယ်အဆင့် ကေဒါအားလုံး တက်ရောက်ကြမည်ဖြစ်ပြီး နိုင်ငံရေး စစ်ရေးနှင့် ပတ်သက်သည့် ပြင်ဆင်မှုများ ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
“၂၀၁၀ နှစ်ချုပ် အစည်းအဝေးဆိုရင် ခါတိုင်း နှစ်ကုန်လောက်မှာ အမြဲ လုပ်ဖြစ်တယ်၊ ဒီနှစ် မတ်လ ၁၅ ရက်မှာ လုပ်မယ်။ တပ်ရင်းနဲ့ မြို့နယ် အဆင့် ကေဒါအားလုံး ၁၄ ရက်နေ့ ပန်ဆန်း အရောက် ခေါ်ထားတယ်” ဟု သူက ဆိုသည်။
ညီလာခံအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အပေါ် လက်ရှိ ကျင့်သုံး နေသည့် နအဖ စစ်အစိုးရ၏ ဖြတ်လေးဖြတ် စစ်ရေးနည်း ဗျူဟာနှင့် ပတ်သက်၍ ချပြ ရှင်းလင်းမည် ဖြစ်ပြီး နောင်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးရေး အတွက်ပါ ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ဆိုသည်။
အကယ်၍ နအဖက ဝ တပ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး မလုပ်ပဲ စစ်ရေးအရ ထိုးစစ်ဆင်လာပါက ဝ ဒေသရှိ တိုင်းရင်းသား များအပေါ် အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းမှုများ ပြုလုပ်လာနိုင်ကြောင်းသူက ဆက်ပြောသည်။
“နအဖက စစ်ရေးအရ တိုက်မယ်ဆိုရင် ၀ဒေသကိုရဖို့က ဝ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာသတ်ဖြတ်မှ ပဲရနိုင်မှာ။ အလားတူ ဝ တွေ ကလည်း ပြန်လုပ်လာမယ်ဆိုရင် ဝ တိုင်းရင်းသား တွေနဲ့ ဗမာတွေအကြား လူမျိုးရေးမုန်းတီးမှုတွေဖြစ်မယ်၊ အဲဒီပြဿနာရဲ့ အဓိက တရားခံဟာ နအဖပဲဖြစ်မယ်” ဟု ဆိုသည်။