နယ်ကျွံသည့် အင်အားဖြည့် နအဖတပ်များနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်

နယ်ကျွံသည့် အင်အားဖြည့် နအဖတပ်များနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း SSPP/SSA နယ်မြေသို့ ကျွံဝင်သည့် နောက်ဆုံး အင်အားထပ်ဖြည့် နအဖ တပ်များနှင့် SSPP/SSA နယ်ခံတပ်ဖွဲ့တို့ အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရ ...

သျှမ်းပြည်အလယ်ပိုင်း SSPP/SSA နယ်မြေသို့ ကျွံဝင်သည့် နောက်ဆုံး အင်အားထပ်ဖြည့် နအဖ တပ်များနှင့် SSPP/SSA နယ်ခံတပ်ဖွဲ့တို့ အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

ssa_north“မနေ့က ညနေ ၃ နာရီလောက် စကခ ၂ ဌာနချုပ် မိုင်းနောင်ကနေ မိုင်းရှူးဘက် တက်သွားတာ အစီး ၂၀ လောက်ရှိတယ်။ တပ်ရင်း ၃ ရင်းကို ဗျူဟာမှူးတယောက် ဦးဆောင်တယ်တဲ့။ စစ်သားက ၂၀၀ ကျော်ရှိမယ်။ မိုင်းရှူးမြောက်ဖက် မိုင်းအောတ် ရောက်တော့ ညနေ ၆ နာရီခွဲလောက်ရှိနေပြီ။ အဲ့မှာ သျှမ်းတပ်ထိန်းချုပ် နယ်မြေလေ။ တိုက်ပွဲ ဖြစ်တော့တာပေါ့။ ၂၀ မိနစ်လောက် ပစ်ခတ်သံ ကြားရတယ်။  ”- ဟု မိုင်းရှူးမှ ကားဆရာ တဦးက ပြောသည်။

ယခုလ ၁၃ ရက်(ယမန်နေ့က) မိုင်းရှူးမြို့အဝင် မိုင်းအောတ်အုပ်စု နောင်ဟျိုး ဘုန်းကြီးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး နအဖတပ်သား ၁ ယောက်သေ ၂ ယောက် ဒဏ်ရာရကာ သေနတ်တလက်လည်း သိမ်းဆည်းရမိ၏။  ရွာသားတဦး လည်း ထိခိုက်ခဲ့သည်ဟု ဆိုပါသည်။ ကျေးလက်ဒေသခံများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ စတင် ဆုတ်ခွာပေးခဲ့ကြောင်း နီးစပ်သူတဦးက ပြောပြသည်။

ယနေ့မနက်ပိုင်းက လားရှိုးအခြေစိုက် ခလရ ၂၉၁ က တိုက်ပွဲဖြစ်ပွါးရာနေရာ သွားရောက်စစ်ဆေးရန် အင်အား ၁၀၀ ကျော်ရှိ တပ်ရင်းတရင်းလုံး တန့်ယန်း မိုင်းကောင်ဘက်မှ SSA ထိန်းချုပ်နယ်မြေ နမ့်လောင်းဘက်သို့ ဆင်းသွားကြောင်း၊ ကျေးလက်လူထု ဒုက္ခ မရောက်စေလိုလျင် နမ့်လောင်းတဝိုက်ရှိ သျှမ်းသူပုန်အားလုံး ဝမ့်ဟိုင်းဘက် ချက်ချင်း ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း ရာဇသံပေးလိုက်သည်ဟု သိရသည်။

“မနေ့ညနေကဘဲ လားရှိုးဘက်ကလာတဲ့ ဗမာစစ်ယာဉ်တန်း ၂၀ စီးမက တန့်ယန်းဘက် ဆင်းသွားတယ်” ဟု လားရှိုး- မိုင်းရယ်လမ်းခွဲ ဟိုယဒေသ ခံ တဦးကပြောသည်။

lashio--mong-hsu

ယနေ့မနက်(မတ်ခ်ျ ၁၄ ရက်) ၆ နာရီခွဲတွင်မူ မိုင်းအော့တ်အုပ်စု အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမာ့ဟယ်ရွာ နှင့်  ဟိုနမ့်ရွာအကြား နာရီဝက်အကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ နှစ်ဘက်စလုံးသေကြေ ဒဏ်ရာရမှု ရှိသည် ဟုသာကြားသိရပြီး အသေးစိတ်ကိုမူ မသိရသေးပေ။  

ယမန်နေ့နံနက်ပိုင်းကလည်း လားရှိုးအလွန် လားရှိုးနှင့် ဟိုယကြား နမ့်ပေါင်အုပ်စုဒေသခံများက နအဖ စစ်ကား အစီးရေ ၄၀ ထက်မနဲတွေ့ရကြောင်း အဆိုပါ ကုန်သည်က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“ဒီနေ့မနက်သတင်းအရ ဟိုယကနေ တန့်ယန်းဘက်သွားပြီး မိုင်းကောင်-မိုင်းအောတ်ဘက်ဘက်ဆက်သွားတဲ့ ဗမာစစ် ကား အစီးရေ ၅၀ ထက်မနည်းတော့ဘူး။ တဘရိတ်ထဲသွားတာမဟုတ်ဘူးပေါ့။ တသုတ် ၁၀ စီး ၁၅ စီး နဲ့စုစုပေါင်း အစီး ရေ ၅၀ လို့ပြောတယ်။ တချို့တလေလဲ တန့်ယန်းကိုရောက်တယ်။ တချို့တလေလဲ လမ်းမှာ တပ်ဖျောက်ထားပုံရတယ်။  ” ဟု တန့်ယန်းသား တဦးကလည်းပြောပြသည်။

အဆိုပါနအဖစစ်ယာဉ်တန်းများသျှမ်းပြည်မြောက်ပိုင်းအလယ်ပိုင်း အရှေ့ပိုင်းသို့တက်သွားခြင်းနှင့်ပါတ်သက်၍ ဝမ့်ဟိုင်း နှင့်ပန်ဆန်း မှ စစ်ရေးခေါင်းဆောင်များက -“ အသွင်ပြောင်းရေးလက်မခံတဲ့ ကျနော်တို့ သျှမ်း၊ မိုင်းလား၊ ပန်ဆန်းတပ်ဖွဲ့ ကို နအဖက ဖြတ် ၄ ဖြတ် စတင်နေတာဖြစ်တယ်။ အဓိကတပ်မဟာ ၁ လို့လူသိများ တဲ့ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ကိုပေါ့။ နောက် မိုင်းလားထိန်းချုပ်နယ်မြေ၊ ဝ  ထိန်းချုပ် နယ်မြေ အနီးအနား အင်အားထပ်ဖြည့် ပိတ်ဆို့ထားဖို့ ဖြစ်တယ်” ဟု ပြော၏။

ဖြတ် ၄ ဖြတ်ဆိုသည်မှာ ရိက္ခာ ငွေကြေး အထောက်အပံ့၊ သတင်းအချက်အလက်၊ လူသစ်စုဆောင်းရေးနှင့် ဆက်သွယ် ရေးလမ်းကြောင်းတို့ကို ဖြတ်တောက်ခြင်း ဖြစ်သည်။

သံလွင်မြစ်ကူး၍ အနောက်ခြမ်းသို့ ပို့ဆောင်မည့် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကိုပိတ်ပင်တားမြစ်နိုင် စေရန် သျှမ်း ပြည်အလယ်ပိုင်း အရှေ့ပိုင်းသို့ စစ်အင်အားများ ပို့ဆောင်နေရကြောင်း နယ်စပ်လုံခြုံရေးတရုတ် အာဏာပိုင်များအား နအဖအာဏာပိုင်များက သတင်းပို့အကြောင်းကြားခဲ့သည်ဟုလည်း သိရသည်။

လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ရ ရင်း ထပ်မံချထားမည် ဖြစ်ကြောင်းသိရသည်။

၁၃ ရက် သံလွင်ကလည်း လားရှိုး- တန့်ယန်း- မိုင်းရယ် ကားလမ်းအကြားရှိ နမ့်မ- နမ့်တုန်းအုပ်စု လားဟူ ပြည်သူ့စစ် ခေါင်းဆောင်တဦးက - “ နအဖတပ်ရင်းမှူးတယောက်ကပြောတယ်။  ၁၀ တန်းကျောင်းသားတွေ စာမေးပွဲဖြေပြီးရင်တော့ ဝမ့်ဟိုင်း သျှမ်းတပ်ဖွဲ့ကို ဝင်တိုက်တော့မှာတဲ့”  ဟု ပြောကြောင်း အမည်မဖော်လို သည့် ဌာနေကုန်သည်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။