နအဖ စစ်တပ်မှ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်နေ

နအဖ စစ်တပ်မှ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်နေ
by -
မောင်ရမ္မာ

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ်တလျှောက်တွင် နအဖ စစ်အစိုးရ စစ်သားများမှ တပ်ရင်း ၄ ရင်းဖြင့် ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေး ပြုလုပ်နေသည်။ ...

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ်တလျှောက်တွင် နအဖ စစ်အစိုးရ စစ်သားများမှ တပ်ရင်း ၄ ရင်းဖြင့် ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေး ပြုလုပ်နေသည်။

ALA-operation-tropအဓိက အားဖြင့် ရခိုင်ပြည် လွှတ်မြှောက်ရေး တပ်မတော် ALA အပေါ်တွင် ဖြတ်လေးဖြတ် စီမံကိန်းဖြင့် စစ်ဆင်ရေး ပြုလုပ် နေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

“သူတို့က အခုလက်ရှိ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ပြုလုပ်နေတာက အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ တပ်ရင်း ၄ ရင်း ပါ၀င်ပြီးတော့ အဲဒီ တပ်ရင်းတွေကတော့ ခလရ ၃၄၊ ခလရ ၂၃၂၊ ခလရ ၂၈၉ နှင့် ခမရ ၅၈၀ တို့ ဖြစ်ကြပါတယ်” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ တွဲဘက် အထွေအထွ အတွင်းရေးမှူး၂ ခိုင်သုခမှ ပြောသည်။

ယခုကဲ့သို့ နအဖ စစ်တပ်မှ အိန္ဒိယမြန်မာ နယ်စပ်တလျှောက်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် အပေါ် ဖြတ်လေးဖြတ်လုပ်နေသော်လည်း တစုံတရာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် အပေါ် ထိခိုက်ခြင်း မရှိဟု သူက ပြောသည်။

“အခုလို ဖြတ်လေးဖြတ်လုပ်တာက ကျွန်တော်တို့ကို ပြည်သူတွေနဲ့ အဆက်အသွယ် ဖြတ်တဲ့ သဘောပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့ဖက်ကတော့ မပြတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တပ်တွေက ပြည်သူတွေကို ဆေးဝါးအကူအညီ ပေးတာတွေ၊ ရိက္ခာပြတ်လတ်နေတဲ့ ပြည်သူတွေကို နိုင်သလောက် ရိက္ခာထောက်ပံ့ပေးတာတွေရှိတဲ့ အတွက် ရွာသားတွေနဲ့ တနည်းမဟုတ် တနည်း အဆက်အသွယ်တော့ ရှိနေပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ စစ်ဆင်ရေးလုပ်နေတာကို ကျွန်တော် တို့ ALA အနေနဲ့ ကြံုရင်ကြံုသလို စစ်ဆင်ရေးကာလမှာဘဲဖြစ်၊ စစ်ဆင်ရေးနောက်ပိုင်းမှာဘဲ ဖြစ်ဖြစ် ဆက်ပြီးတော့ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။”

ALA-operation-trop-Arakanဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ၏ ပြန်လည် တုန့်ပြန်တိုက်ခိုက်မှုကြောင့် နအဖ စစ်သား ၃ယောက် ကျဆုံးသွားပြီး ၂ယောက် ဒဏ်ရာရရှိသွားခဲ့ ကြောင်း တွဲဘက် အထွေအထွ အတွင်းရေးမှူး၂ ခိုင်သုခက ယခုကဲ့သို့ ဆက်ပြောသည်။

“ ဖြတ်လေးဖြတ် အတွင်း ကျွန်တော်တို့ တပ်တွေနဲ့ သူတို့ တပ်တွေ ထိပ်တိုက်တိုးတာတွေ ရှိပါတယ်။ ဒီလ ၈ ရက်နေ့ကဆိုရင် ငွေလက်ဝ ထိပ်တိုက်တိုးတယ်။ ရန်သူတွေက ရွာတွေမှာ တပ်သား ရ၀ လောက်စီ နေရာယူထားကြပါတယ်။ မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲမှာ စပြီးတော့ ကျွန်တော်တို့နဲ့ ပစ်ခတ်မှုတွေ စဖြစ် တယ်။ အဲဒီတနေ့တည်းမှာဘဲ တိုက်ပွဲက ၃ ကြိမ်ဖြစ်ပါတယ်။ အဲဒီသုံးကြိမ်မှာ ရန်သူဖက်က ၃ ယောက် ကျဆုံးပြီးတော့ ၂ ယောက် ဒဏ်ရာရသွားပါတယ်။”

ယခုအခါ နအဖ စစ်ဆင်ရေးကြောင့် နယ်စပ်တလျှောက်တွင် ရှိသော ငွေလက်ဝ၊ အုန်းသီးဝ၊ ထန်း လိုင်ဝ၊ ဖွယ်လက်ဝအပါအဝင် ကျေးရွာပေါင်း၂၀ နီးပါးမှ ကျေးရွာသားများမှာ တောင်ယာခုတ်ရန် သွား သောနေရာတွင်လည်း ထမင်းထုတ်များ၊ စားစရာများကို ယူဆောင်သွားခြင်း မပြုသည့်အပြင် စစ်ကြောင်းတွင် ပေါ်တာအဖြစ် လိုက်ပါဆောင်ရွက်နေကြရသဖြင့် အခက်အခဲများစွာနှင့် ကြံုတွေ့နေ ကြရသည်ဟု သိရှိရသည်။

၁၉၇၀ နှစ် မဆလ အစိုးရလက်ထက်တွင် ရခိုင်ရိုးမအတွင်း လှုပ်ရှားခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ ရခိုင် လက်နက်ကိုင် တော်လှန်ရေး ပါတီမျာ နှင့် တခြားမြန်မာနိုင်ငံမှ KNU အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များကို ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းကြောင့် ရွာများတွင် စူးတပ် ကာရံရခြင်း၊ ကင်းစောင့်ရခြင်း၊ ရိက္ခာများကို လယ်တဲများသို့ မယူဆောင်ရခြင်း၊ စစ်တပ်ပေါ်တာအဖြစ် အသုံးပြုခံရခြင်း တို့ကြောင့် ပြည်သူများ အတွင်း အထူးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

ဖြတ်လေးဖြတ် စီမံကိန်းမှာ လက်နက်ကိုင် ပါတီများကို ရိက္ခာဆေးဝါး ဖြတ်ခြင်း၊ အဆက်အသွယ် ဖြတ်ခြင်း၊ ငွေကြေး ဘဏ္ဍာနှင့် လူစုဆောင်းခြင်းများကို ဖြတ်တောက်သည့် စစ်ဆင်ရေး ဖြစ်ကြောင်း သိရသည်။

Most read this week