နေပြည်တော်ဒီဇိုင်း (၂)

နေပြည်တော်ဒီဇိုင်း (၂)
by -
အောင်သူငြိမ်း

နေပြည်တော်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံကြီးဟာ အင်မတန်ခန့်ညားပြီး စနစ်ကျနတဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အမတ် ဦးခင်ရွှေ ရေဒီယိုတခုမှာ ပြောသွားတာ ကြားရတယ်။ ...

(မသန်မစွမ်းသူများကဏ္ဍ)

နေပြည်တော်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံကြီးဟာ အင်မတန်ခန့်ညားပြီး စနစ်ကျနတဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အမတ် ဦးခင်ရွှေ ရေဒီယိုတခုမှာ ပြောသွားတာ ကြားရတယ်။ အမြင်အရလည်း အတော်လည်း ကြီးကျယ်ခန်းနားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကတောင် မနာလို ဖြစ်ရလောက်အောင် ကြီးကျယ်အောင် ဆောက်ထားတဲ့ လွှတ်တော်လို့ ဆိုနိုင်တယ်။ ဒါတင် မကပါဘူး။ နေပြည်တော် မြို့တော်သစ်မှာ တခုလုံး၊ ဝန်ကြီးဌာနရုံးတွေ၊ ပန်းခြံဥယျာဉ်တွေ၊ ရေကန်ရေပန်းတွေ၊ ဂေါက်ကွင်းဆိုလည်း ၂ ခု စသဖြင့် ငွေကုန်ကြေးကျ အမြောက်အမြား အကုန်ခံပြီး ဆောက်ထားတာ မြန်မာ့ရုပ်မြင်သံကြားမှာ နေ့တိုင်းလိုလို တွေ့နေရတယ်။

ဒါပေမဲ့ ဧရာဝတီမဂ္ဂဇင်းမှာ ကိုထက်အောင်က ရေးခဲ့ဖူးတယ်။ နေပြည်တော်ဆိုတာ "အတုအယောင်မြို့၊ အသက်ဝိဉာဉ် ကင်းမဲ့နေတဲ့မြို့၊ လူမှုရေးအရ တုံ့ပြန်ဆက်သွယ်မှု ကင်းပနေတဲ့မြို့" (Synthetic, soulless and (town) desperately devoid of social interaction) ဆိုပြီး ရေးခဲ့ဖူးတယ်။ အခု ဇန်နဝါရီလ ၃၁ ရက်နေ့က လွှတ်တော်စတော့ ကျနော် စပ်စပ်စုစု သိချင်နေတဲ့ ကိစ္စတခုရှိတယ်။ ဒီလိုနဲ့ လွှတ်တော်ထဲ ရောက်နိုင်သူတွေကိုလည်း ကျနော် လူကြံုနဲ့ မေးရတာ အမောပါ။ ကျနော်သိချင်နေတာက ဒီလွှတ်တော် အဆောက်အအုံကြီးမှာ မသန်မစွမ်းသူတွေ အသုံးပြုနိုင်ဖို့ ကိရိယာ၊ တန်ဆာပလာတွေ ပါသလားပေါ့။ ရန်ကုန်ဆိုတာက မြို့ဟောင်းကြီးဆိုတော့ ထားပါတော့။ ပြင်ရဆင်ရ ခက်ခဲတယ်။

နေပြည်တော်ဆိုတာက မြို့တော်သစ်ဆိုတော့ မြို့အသစ်၊ အဆောက်အအုံအသစ်တွေမှာ ဒီလိုကိစ္စမျိုးတွေက ထည့်သွင်းတည်ဆောက်ရ မခက်ပါဘူးလို့ ထင်မိတယ်။ မြို့တော်သစ်ကြီး တည်ဆောက်တဲ့အခါ ခေါင်းဆောင်တွေက ဦးနှောက်ပြေးရင် ပြေးသလို ပိုလို့ အရည်အသွေးကောင်းအောင်၊ မြင့်အောင် တည်ဆောက်နိုင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့မြို့၊ အဆောက်အအုံတွေဆိုလည်း စွမ်းအင်လောင်စာ သိပ်မသုံးရတဲ့ ဒီဇိုင်း (energy efficient design) စသဖြင့် တည်နိုင်သေးတယ်။ (ဆိုလိုတာက သဘာဝအလင်းရောင် သုံးတာ၊ မလိုအပ်ရင် အဲယားကွန်ဒီးရှင်းတွေ သိပ်မသုံးရတာ၊ စွန့်ပစ်ပစ္စည်းတွေ နည်းအောင် စသဖြင့် ကြံဆတည်ဆောက်တဲ့ ဒီဇိုင်းမျိုးပါ။)

ဒီနေရာမှာ ကျနော်ပြောတဲ့ မသန်မစွမ်းသူတွေအတွက် တန်ဆာပလာ disabled facilities တွေ ဆိုတာကတော့ မျက်မမြင်တွေ သွားလာနိုင်ဖို့ ပလက်ဖောင်းပေါ်မှာ အမှတ်အသား အဖုကလေးတွေ၊ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနိုင်ဖို့ ဆင်ခြေလျှောတွေ၊ သူတို့သုံးဖို့ ရေအိမ်ဆိုလည်း ပိုမိုကျယ်ဝန်းတဲ့ ရေအိမ်၊ အဆောက်အအုံ ၂ ထပ် ဖြစ်လာရင်လည်း အပေါ်တက်ဖို့ ဓာတ်လှေကားတွေ စသဖြင့်ပါ။

ဘယ်လိုဖြစ်လို့ ဒီကိစ္စတွေ ကျနော် စိတ်ဝင်စားလာသလဲဆိုတော့ အမေရိကန်၊ ဝါရှင်တန်မြို့မှာ ရှိနေစဉ်က ဂီတဖျော်ဖြေပွဲ တခုကို ရောက်ရာက အတွေးဖြစ်လာမိတာပါ။ ဂီတပွဲမှာ ပျော်နေသူတွေ ပျော်နိုင်သလို၊ မသန်မစွမ်းသူတွေလည်း ပျော်နိုင်အောင် လက်သင်္ကေတနဲ့ အခုဆိုနေတာ ဘာသီချင်းပါ ဆိုတာမျိုး တယောက်က သင်္ကေတပြနေတာ တွေ့တော့ ကျနော် ကြည်နူးလိုက်ရတာ၊ လူသားဘဝရဲ့ အရည်အသွေး quality of life ဆိုတာ ဒါပါလား... ဆိုတာလည်း သဘောပေါက်လာမိတယ်။ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာက မသန်မစွမ်းတဲ့ သူတို့တွေအတွက် ကားတွေမှာလည်း ဘီးတပ် ကုလားထိုင် တက်နိုင်အောင် လုပ်ထားပေးရတယ်။ ကားရပ်ဖို့ နေရာမှာတောင် သူတို့အတွက် နေရာသီးသန့်၊ အဲဒါအပြင် ကိစ္စအများမှာ သူတို့ကို မသန်မစွမ်းသူဖြစ်လို့ ခွဲခြားဆက်ဆံတယ်၊ နှိမ်တယ်ဆိုရင်တောင် အစိုးရအထိ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးတွေ ရှိကြတယ်။

ဂျပန်လိုနိုင်ငံမှာလည်း ဒီလိုမသန်မစွမ်းတွေအတွက် တန်ဆာပလာတွေ ထားပေးတာ တွေ့ရတယ်။ တရုတ်နိုင်ငံမှာ တွေ့ရတော့ ကျနော် အံ့သြနေတယ်။ ဒါပေမဲ့ တရုတ်မိတ်ဆွေက ပြောတယ်။ ဒါဟာ Housing code (အိမ်ဆောက်ရင် လိုက်နာရမယ့် စည်းမျဉ်း) တွေ လေတဲ့။ အဆောက်အအုံတွေ၊ လမ်းတွေ၊ ရုံးတွေ ဆောက်တိုင်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေပြဋ္ဌာန်းထားလို့ လိုက်နာဆောင်ရွက်တာလို့ ပြောတယ်။ သူတို့တွေက ဒီလိုတန်ဆာတွေ ရှိနေလို့ ရှိနေမှန်းတောင် သတိမထားမိကြဘူး။ တခါက ဒီအကြောင်း စကားစပ်မိလို့ ပြောတဲ့ ဗီအိုအေက ဦးဝင်းအောင်ကြီးကလည်း သူရုရှားမှာ နေခဲ့တဲ့ အတွေ့အကြံုအရ ရုရှားမှာလည်း အခုလို မသန်မစွမ်းတွေအတွက် တန်ဆာပလာတွေ ရှိကြောင်း ဖလှယ်ဝေငှလာတယ်။ သူက "ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ စစ်နိုင်ပေမယ့် ဆိုဗီယက်ယူနီယံမှာ ဒုက္ခိတစစ်သားတွေ၊ မသန်မစွမ်းသူတွေ အများကြီး ကျန်ခဲ့တယ်။ သူတို့အတွက် မဖြစ်မနေ လုပ်ပေးရတာ" လို့ ရှင်းပြတယ်။

တကယ်တော့ လူဆိုတာ အိုနာတတ်ကြတော့ တချိန်အိုရင်၊ နာရင် ဒီလိုအခွင့်အရေးတွေ မခံစားရ မရှိလေအောင် လုပ်ထားတာလို့လည်း သဘောပေါက်မိတယ်။

အကြင်နာကင်းကင်း မြို့ကြီး နေပြည်တော်

ဒီလိုနဲ့ နေပြည်တော်အကြောင်း မိတ်ဆွေတွေကို မေးကြည့်တယ်။ ဝန်ကြီးဌာနရုံးတွေမှာ အဲသလို မသန်မစွမ်းသူတွေအတွက် တန်ဆာပလာတွေ ထည့်သွင်းထားတာ မရှိဘူးဆိုတာ ရောက်ဖူးသူတွေက ရှင်းပြကြတယ်။ မြန်မာနိုင်ငံထဲမှာ မသန်မစွမ်းသူတွေအရေး လှုပ်ရှားနေသူတဦးနဲ့ တွေ့တော့ သူက ပြောပြတယ်။

"လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးရုံးမှာတော့ ကျနော်တို့ တိုက်တွန်းတောင်းဆိုလို့ ထားပေးပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေမှာ မရှိပါဘူး" တဲ့။ ရှိတဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနမှာတောင်မှ အခုလို ဘီးတပ်ကုလားထိုင် တက်နိုင်တဲ့ ဆင်ခြေလျှောတွေက ယာယီသဘော အရှင်ထားတာ၊ ပွဲလမ်းရှိမှသာ တပ်ဆင်တယ်။ မရှိတဲ့ အချိန်ဖြုတ်ထားတယ်တဲ့။  

ဒီလိုနဲ့ အခု လွှတ်တော်အဆောက်အအုံ အသစ်ကြီးအကြောင်း မေးကြည့်မိတယ်။ " ခင်ဗျားဗျာ... စိတ်ကူးယဉ်လိုက်တာ" လို့ မေးခံရသူ မိတ်ဆွေက ကျနော့်ကို ဝေဖန်တယ်။ "အခု လွှတ်တော်အမတ်တွေ လှေခါးလျှောက်တက်နေရတာ တီဗီမှာ မြင်တယ်မဟုတ်လား" လို့ ပြန်ပြောပြတယ်။ လွှတ်တော်အမတ်တွေက အဆောင်ကနေလာရင် ကားစီးလာ၊ ကားက ငလိုက်ချောင်းကို ဖြတ်ထိုးထားတဲ့ တံတားတဖက်မှာ ရပ်ကြရတယ်။ ပြီးတော့ တံတားကိုဖြတ်၊ တဖာလုံနီးပါးလောက် လမ်းလျှောက်ကြရတယ်။ လုံခြံုရေး စစ်ဆေးခံ၊ အတွင်းရောက်မှ တခါ ဘတ်စ်ကား ထပ်စီးရတယ်။ လွှတ်တော် အဆောက်အအုံကြီးကိုတော့ မသန်မစွမ်းသူတွေအတွက် ဆင်ခြေလျှော မပြောနဲ့၊ အခု သူတို့သမ္မတတွေ၊ သက်ကြားအို စစ်ခေါင်းဆောင်တွေတောင် လမ်းလျှောက်တက်နေရတယ်ဆိုပြီး ရှင်းပြလေတယ်။

လွှတ်တော်ဒီဇိုင်းကပါ ပြဿနာ ရှိလာလေပြီလားလို့ ထင်မိတယ်။ အခု လွှတ်တော် အဆောက်အအုံဆောက်ဖို့ လုပ်ကြတော့ အတွင်းရေးမှှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးက ကြီးကြပ်ရတယ်။ အခု ဆောက်လုပ်ရေးဝန်ကြီးအဖြစ် နာမည်တင်သွင်း အတည်ပြုခံရတဲ့ ဦးတင့်ဆန်း အပိုင် ACE ကုမ္ပဏီက ကန်ထရိုက်ရတယ်။

ကျနော်စဉ်းစားမိတာကတော့ လွှတ်တော်ဆိုတာက နိုင်ငံခြားခေါင်းဆောင် ဧည့်သည်တွေလည်း လာနိုင်တယ်။ ဒီအခါ ပေါ်တီကို (ဆင်ဝင်) အောက်အထိ ကားတက်လို့ ရနိုင်တဲ့ အနေအထား ဖြစ်သင့်တယ်။ ကားတံခါးဖွင့်ဆင်း၊ တခါထဲ အဆောက်အအုံထဲဝင် ဆိုတာမျိုး ဖြစ်သင့်တယ်။ လုံခြံုရေးအရလည်းကောင်း၊ ပိုလည်း သင့်မြတ်တယ် ထင်မိတယ်။ အခုတော့ နိုင်ငံရပ်ခြားက ခေါင်းဆောင်တွေလာရင်တောင် တဖာလုံလောက် လမ်းဆင်းလျှောက်ရတော့မယ်။ တခါ လွှတ်တော်ကိုရောက်ဖို့ လှေခါးထစ်တွေ ထပ်ပြီး ဟောဟဲလိုက် တက်နေရတော့မယ်။ (ချွင်းချက်။ အမျိုးသားလွှတ်တော် အဆောက်အအုံတခုမှာတော့ ဆင်ဝင်ထဲ ကားတက်နိုင်တဲ့ ဒီဇိုင်းပုံစံရှိတာ တွေ့ရတယ်။ ကျန်တဲ့ လွှတ်တော် ပင်မ အဆောက်အအုံကြီးမှာတော့ မရှိဘူး)။ (အဲဒါအပြင် ဖွဲ့စည်းပုံအရလည်း ပြဿနာရှိနေတယ် ထင်မိတယ်။ နိုင်ငံအများမှာ သမ္မတအိမ်တော်တွေကို သီးသန့် တခမ်းတနား ထားကြတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော်လို ဟာမျိုးပေါ့။ အခုတော့ သမ္မတ အိမ်တော်၊ ဒု-သမ္မတအိမ်တော်တွေကို လွှတ်တော်ဝင်းထဲ စုထားတာ တွေ့ရတယ်။ သမ္မတရုံး သီးသန့်လိုမျိုး နေရာခွဲခြား မထားဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေ ထိုင်တဲ့ ရုံးကျတော့ လွှတ်တော်ဝင်းအပြင်ပမှာ သီးခြားကြီး ရောက်နေပြန်တယ်။ စကားချပ်)

တကယ်တော့ အခုလွှတ်တော်တည်ထားပုံက မသန်မစွမ်းသူတွေအရေး လုံးဝထည့်စဉ်းစားထားပုံ မရှိဘူးလို့ ကျနော် မြင်မိတယ်။ တကယ်တော့ နေပြည်တော်တခုလုံးကလည်း ထည့်သွင်းစဉ်းစားတဲ့ပုံ မရှိပါဘူး။ သူတို့အတွက် အကြင်နာ ခပ်ကင်းကင်းလို့ ပြောရင်တောင်ရတယ်။ မကြာသေးမီ ရက်ပိုင်းက လွှတ်တော်မှာ ဆွံ့အ နားမကြားသူတွေအတွက် ရုပ်မြင်သံကြားမှာ ဟန်ပန်သင်္ကေတသုံး ထုတ်လွှင့်ပေးဖို့ အောက်လွှတ်တော်အမတ် ဦးကြည်မြင့် (လသာ) မေးခွန်းထုတ်တာ ကြားရတော့ သူ့ကို ချီးကျူးမိသေးတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကတော့ ဒီဟန်ပန်သင်္ကေတကိုလည်း မြန်မာနိုင်ငံမှာ ဖတ်တတ်သူ နည်းပါတယ်တဲ့၊ အဆင်သင့်ရင် လုပ်ပေးပါ့မယ်တဲ့။ (တကယ်တော့လည်း မြန်မာနိုင်ငံမှာ ဆွံ့အနားမကြားကျောင်း -၂ (အစိုးရ - ၁၊ စေတနာ့ဝန်ထမ်း - ၁) သင်တန်းသား (၁၆၄+ ၁၃ဝ) ပဲ ရှိတာ မဟုတ်လား)။

မသန်မစွမ်းသူများအရေး

သူတို့အရေးကိစ္စ ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်ပြောနေရသလဲလို့ မေးခွန်းထုတ်စရာ ရှိတယ်။ အခုနောက်ပိုင်း နိုင်ငံတကာမှာ သူတို့ကို မသန်မစွမ်းသူ disabled လို့တောင် မခေါ်ကြတော့ပါဘူး။ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာအတွက် တနည်းတဖုံအားဖြင့် သန်စွမ်းသူများ differently abled လို့ ပြောင်းခေါ်လာကြတယ်။ အခြေအနေတခုခုကြောင့် ကိုယ်ကာယ မသန်စွမ်းမှုရှိမယ်။ အခြားတနေရာရာ၊ တကဏ္ဍမှာတော့ သူ့ထက်ကဲ တနည်းနည်း စွမ်းဆောင်နိုင်သူများလို့ ဆိုချင်ပုံ ရပါတယ်။ တကယ်တော့ သူတို့အားလုံးဟာ လူသားတွေဖြစ်တဲ့အလျောက် လူသားပီပီ၊ အခြားသူများ ခံစားရနိုင်သလို သူတို့လည်း ရပိုင်ခွင့်အရေး ရှိပါတယ်။ လူတိုင်းက မဲပေးနိုင်၊ ရွေးချယ်တင်မြှောက်ခံနိုင်ရင် သူတို့လည်း မဲပေးပိုင်ခွင့်၊ ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်၊ အမတ်ဖြစ်ပိုင်ခွင့်၊ နိုင်ငံခေါင်းဆောင်ဖြစ်ပိုင်ခွင့် ရှိပါတယ်။ အနည်းဆုံး အစိုးရနဲ့ ပတ်သက်တဲ့၊ ပြည်သူအများနဲ့ ပတ်သက်တဲ့ ရုံးပြင်ကန္နားအားလုံးမှာ သူတို့သွားရောက် ထိတွေ့နိုင်ခွင့် မရှိရ မဖြစ်စေရလေအောင် အခုလို မသန်မစွမ်းသူများ အသုံးပြုနိုင်တဲ့ တန်ဆာပလာတွေကို ထည့်သွင်းထားပေးဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ လူအများက သတင်းသိရှိပိုင်ခွင့် ရှိသလို၊ သူတို့လည်း သိရှိပိုင်ခွင့်ရှိတဲ့ အတွက်ကြောင့် ရုပ်မြင်သံကြားတွေမှာ သင်္ကေတ ဟန်ပန်သုံး ဖော်ပြပေးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မသန်မစွမ်းသူအရေအတွက်က မနည်းပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က လူဦးရေရဲ့ ၂.၉ % ရှိတယ်လို့ ခန့်မှန်းထားတယ်။ (အစိုးရစာရင်းတွေအရ လူဦးရေ ၃. ၃၂ % ရှိပါတယ်)။ အဲသည်တော့ ခန့်မှန်း လူဦးရေ ၃ သန်းလောက်က ရုပ်ပိုင်းဆိုင်ရာအရ ကိုယ်ကာယ တနည်းတဖုံ ချို့ယွင်းကြတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှှူးချုပ် ဦးအောင်ထွန်းခိုင် အဆိုအရတော့ ၂.၃ သန်း ရှိတယ်လို့ မြန်မာတိုင်းမ်စ် သတင်းစာမှာ ဖတ်ရပါတယ်။ ဒီအထဲကမှ အများစု ၅၅ % ဟာ အသက် ၁၆ နဲ့ ၆၅ ကြားတွေ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရှိ မသန်မစွမ်းသူများ၏ အခြေအနေပြ ပုံ

np2
သူတို့အများစုဟာ ဘဝအခြေအနေ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း အတော်နည်းပါးပါတယ်။ အစိုးရ ဝန်ကြီးဌာန ကိုယ်၌ကလည်း ဘတ်ဂျက်မှာ ဦးစားပေးတာ မခံရပါဘူး။ ရန်ပုံငွေ မဖြစ်စလောက်နဲ့ လည်ပတ်နေရတာပါ။ မြန်မာနိုင်ငံ မသန်မစွမ်းသူများအသင်း (Myanmar Physically Handicapped Association--MPHA) က တာဝန်ခံတဦးက "မြန်မာနိုင်ငံမှာ ရှိနေတဲ့ မသန်မစွမ်းသူတွေရဲ့ တဝက်ကျော်က အသက် ၁၆ နဲ့ ၆၅ ကြားတွေပါ။ ဒီအသက်အုပ်စုဟာ လူမှုအဖွဲ့အစည်းအတွက် သိပ်အရေးပါပါတယ်။ သူတို့သာ သန်စွမ်းနိုင်ကြရင် နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်ကြမှာပါ။ အခုတော့ မသန်မစွမ်းသူတွေကို အသိအမှတ်မပြုကြသလို၊ အလုပ်ရဖို့လည်း ခက်ပါတယ်။ အစိုးရက သူတို့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ စီစဉ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေလည်း ပေးသင့်ပါတယ်" လို့ အကြံပြုပြောခဲ့တာ အလဲဗင်း ဝိကလီမှာ ဖတ်ခဲ့ရဖူးတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မသန်မစွမ်းသူ ၈၅ % မှာ အလုပ်အကိုင် မရှိကြပါဘူး။ သူတို့ဘာသာ ရှာကြံရပ်တည်နေကြရပါတယ်။ အခုလို မသန်မစွမ်းသူတွေထဲမှာ စစ်တပ်အတွင်းက မိုင်းကြောင့်၊ ဒဏ်ရာကြောင့် မသန်မစွမ်း ဖြစ်လာသူ ရဲဘော်ဟောင်း တပ်ဖွဲ့ကြီးကလည်း အင်အားထပ်ဖြည့်နေပါတယ်။

မြန်မာနိုင်ငံမှာ အမြင်အာရုံ ချို့ယွင်းနေသူတွေအတွက် ကျောင်း ၃ ခု (အစိုးရ - ၂၊ ကျောင်းသား ၁၄၄ ဦး)၊ အကြားအာရုံ ချို့ယွင်းနေသူတွေအတွက် ကျောင်း ၂ ခု (အစိုးရ - ၁ ကျောင်းသား ၁၆၄+ စေတနာ့ဝန်ထမ်း ၁)၊ ဉာဏ်ရည်ချို့တဲ့သူတွေ အတွက် ၁ ကျောင်း၊ အထွေထွေ ချို့တဲ့သူတွေအတွက် တကျောင်းပဲ မသန်မစွမ်းသူတွေအတွက် ပညာရေး စီစဉ်ထားတာ ရှိပါတယ်။ သူတို့အတွက် အထူးပြုကျောင်းတွေဆိုတာလည်း မရှိသလောက်ပါ။ ဒီကိန်းဂဏန်းတွေက တပ်မတော်အစိုးရ လက်ထက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း (၂ဝဝ၉ အထိ) ဆိုတဲ့ စာအုပ်က ရယူထားတာပါ။ တကယ်ရှိနေတဲ့ မသန်မစွမ်းသူတွေရဲ့ တကယ့်အနည်းအကျဉ်းမျှကိုသာ ဝန်ထမ်းပေးနိုင်တာကို တွေ့ကြရပါလိမ့်မယ်။

ဥပဒေအရ ကာကွယ်ပေးမှု

မြန်မာနိုင်ငံမှာ မသန်မစွမ်းသူများအရေး ဆောင်ရွက်နေကြတဲ့သူတွေက မြန်မာအစိုးရအနေနဲ့ မသန်မစွမ်းသူများအခွင့်အရေး နိုင်ငံတကာ သဘောတူညီချက် Convention on the Rights of Person Disabilities (CRPD) ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်းနေကြတာ ကြာပါပြီ။ အခုအချိန်အထိ မြန်မာအစိုးရဘက်က မကြားနိုင်သေးပါဘူး။ အလေးထား စဉ်းစားတာ မရှိသေးပါဘူး။ ဝမ်းနည်းစရာပါ။ အဲဒါအပြင် မသန်မစွမ်းသူတွေ အခွင့်အရေးအတွက် အထူးပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေလည်း မရှိပါဘူး။ အကယ်၍ ကုလသမဂ္ဂရဲ့ CPRD သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရင် ၂ဝ၁၂ ခုနှစ် (လာမယ့်နှစ်) မှာ မသန်မစွမ်းသူတွေရဲ့ ၆၅ % ကို အလုပ်အကိုင် ဖန်တီးပေးရဖို့ အကြောင်းရှိနေပြီး၊ သူတို့အခွင့်အရေးတွေကိုလည်း လေးစားလိုက်နာရမှာမို့လို့ပါ။ အစိုးရတရပ်ရဲ့ တာဝန်ကို ရှောင်ချင်တာလည်း ပါပါလိမ့်မယ်။

MPHA ဥက္ကဋ္ဌ ဦးမြတ်ဦးကတော့ "မသန်မစွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးမယ့် ဥပဒေတွေ မရှိပါဘူး။ ကျနော်တို့ကတော့ မသန်မစွမ်းသူတွေ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ ရှိလာစေဖို့ မျှော်လင့်နေပါတယ်" လို့ မျှော်လင့်အိပ်မက်နေတာ မြန်မာတိုင်းမ်စ် ဂျာနယ်မှာ ဖတ်ခဲ့ရတယ်။

အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေမှာဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတောင် မသန်မစွမ်းသူတွေရဲ့အရေး ဘက်စုံ ထည့်သွင်းစဉ်းစားပြီး၊ ဘဏ္ဍာငွေသုံးစွဲပုံကအစ ခွဲဝေထားဖို့ စဉ်းစားနေကြပါတယ်။ "ဘရာတစ်စ်လာဗာ (Bratislava) ထုတ်ပြန်ကြေညာချက်နှင့် မကြာသေးမီက အခြားထုတ်ပြန်ကြေညာချက်များအရ မသန်မစွမ်းသူများ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့် မရှိလျှင်၊ ထောင်စုနှစ်ဆိုင်ရာ ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီရန် အကြောင်းမရှိပါ" ဆိုပြီး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ မသန်မစွမ်းသူတွေလည်း အခြားလူများနည်းတူ ပါဝင်ဆောင်ရွက်ခွင့် ရစေဖို့ တောင်းဆိုနေကြတယ်။ စီမံကိန်းတွေရဲ့ ဘတ်ဂျက် ၅ % ကို မသန်မစွမ်းသူတွေအတွက် လျာထားဖို့ တောင်းဆိုနေကြတယ်။

ဒီလိုနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မသန်မစွမ်းဆိုတာလေးများ ပါမလားလို့ လိုက်ရှာကြည့်မိတယ်။ ၂-ပိုဒ်တော့ တွေ့ ပါတယ်။

အခန်း ၁။ နိုင်ငံတော် အခြေခံမူများ၊ အပိုဒ် ၃၂ (က)။ နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရ မည်။

(ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်ရန် နှင့် အသက် မွေးဝမ်းကျောင်းပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်။

အခန်း ရ၊ တပ်မတော်၊ အပိုဒ် ၃၄၄။ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံး သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးအတွက် ဥပဒေပြဌာန်းပေးရမည်။" ဆိုတာတွေ့ရ တယ်။ ကျန်တဲ့အခန်းတွေမှာတော့ လုံးဝ မတွေ့ရဘူး။ "နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ" ဆိုတဲ့ အခန်း-၈ မှာလည်း မသန်မစွမ်းဆိုတာ တပါဒမျှတောင် မတွေ့ရပြန်ဘူး။

တခါ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၅) "အထွေထွေပြဌာန်းချက်များ"? အပိုဒ် (၄၅၁) မှာ နိုင်ငံတော်သည် ဥပဒေပြုတွင် လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း၊ နိုင်ငံတော် အခြေခံမူများနှင့်အညီ အလေးဂရုပြု ဆောင်ရွက်ရမည်။ သို့ရာ တွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရ" ဆိုပြီး တံခါးပိတ်ထားပြန်တယ်။ မသန် မစွမ်း လူ ၃ သန်းအရေးအတွက် သွားပါလေရော...။ သူတို့အရေး ဆောင်ရွက်ပေးဖို့ ပျက်ကွက်ပြန်ရင်လည်း အစိုးရကို တရားစွဲဆိုဖို့ အကြောင်းမရှိတော့ဘူးလေ။ မသန်မစွမ်းသူတွေဟာ နိုင်ငံသားတွေမှ ဟုတ်ပါလေစ။ ကောင်းကြပါလေ ရော... ။  

(၁၁ မတ်လ၊ ၂ဝ၁၁ ခုနှစ်။)

အကိုးအကား
၁။ Htet Aung, Torn between Two Capitals, Irrawaddy News online, September 15, 2010.
၂။ မျိုးသန့်၊ ဆင်းရဲသား အခမဲ့ဆေးကုနိုင်ခွင့် ပယ်ချခံရ၊ မဇ္စျိမသတင်းဌာန အွန်လိုင်း၊ မတ် ၁ဝ၊ ၂ဝ၁၁။  http://www.mizzimaburmese.com/news/inside-burma/7086-2011-03-10-13-22-56.html
၃။ Cherry Thein, Disabled advocacy group expands national network, Myanmar Times, Nov 15-21, 2010
http://www.mmtimes.com/2010/news/549/news54923.html
၄။ Nyein Zaw Lwin and Ei Thin Zar Kyaw, Most of Myanmar disabled persons are between the ages of 16 and 65, Eleven Weekly News,http://eversion.news-eleven.com/index.php?option=com_content&view=article&id=1086:most-of-myanmar-disabled-persons-are-between-the-ages-of-16-and-65&catid=42:weekly-eleven-eversion&Itemid=109
၅။ UN Convention on the Rights of Persons with Disabilities http://en.wikipedia.org/wiki/Convention_on_the_Rights_of_Persons_with_Disabilities
၆။ Country Report on Disability (Myanmar), JICA.  http://siteresources.worldbank.org/DISABILITY/Resources/Regions/East-Asia-Pacific/JICA_Myanmar.pdf
၇။ မသန်မစွမ်းသူများ အပါအဝင်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘုံရပ်တည်ချက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက် http://www.genevacall.org/resources/research/f-research/2001-2010/2011_GC_BURMA_Landmine_RPT_CD-Rom_ENG.pdf
၈။ တပ်မတော်အစိုးရ လက်ထက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း

Most read this week