နားရွက်ပြာရောဂါကြောင့် ဝက်သေဆုံးမှု တိုးလာနေ

နားရွက်ပြာရောဂါကြောင့် ဝက်သေဆုံးမှု တိုးလာနေ
by -
ကျော်ခ

မြန်မာနိုင်ငံတွင် ကုသရန် ဆေးမရှိဖြစ်နေသော ဝက်နားရွက်ပြာရောဂါ ကူးစက်မှုမှာ အရှိန်မြင့်လာပြီး မန္တလေးတွင် ဝက်သေဆုံးမှုမှာ အနည်းဆုံး အကောင်ရေ ၁၀၀၀ ကျော်ပြီဟု ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံတွင် ကုသရန် ဆေးမရှိဖြစ်နေသော ဝက်နားရွက်ပြာရောဂါ ကူးစက်မှုမှာ အရှိန်မြင့်လာပြီး မန္တလေးတွင် ဝက်သေဆုံးမှုမှာ အနည်းဆုံး အကောင်ရေ ၁၀၀၀ ကျော်ပြီဟု အမရပူရမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ထွန်းမြင့်စိုးက ပြောသည်။

ဝက်နားရွက်ပြာရောဂါ ကူးစက်မှု အရှိန်မြင့်လာသောကြောင့် ဇီဝနည်းပညာတွေနဲ့ ထိန်းသိမ်းကြဖို့ လိုက်လံပညာပေး (AFP PHOTO/ Frederic J. BROWN )“ဒီရောဂါက ကူးစက်မြန်တယ်။ အခုသေတာတောင် အကောင်ရေ ၁ဝဝဝ ကျော်နေပြီ။ ကူးစက်ခံရတာ ထောင်နဲ့ ချီနေပြီ။ ကျနော်တို့လည်း အတိအကျ စာရင်းလိုက်မကောက်နိုင်တဲ့ အဆင့်ထိပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖြစ်ပေါ်နေသည့် ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ကူးစက် ရောဂါကို ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သည်။

“ဒီဗိုင်းရပ်စ်ကို ကုဖို့ဆေးမရှိတော့ ကျနော်တို့က ဇီဝနည်းပညာတွေနဲ့ ထိန်းသိမ်းကြဖို့ ဖြစ်တဲ့မြို့နယ်တွေကို လိုက်ပညာပေးရတာပေါ့ဗျာ။ ဝက်ခြံနဲ့ ခြံတဝိုက်မှာ ပိုးသတ်ဆေးဖျန်းဖို့၊ ဝက်စာတွေကို သေချာကြိုချက်ကျွေးဖို့၊ ပိုးသတ်ဆေး မသုံးနိုင်ရင်တောင် အနည်းဆုံး ထုံးဖျူးဖို့ပေါ့ဗျာ။ လူတွေကလည်း ရောဂါဖြစ်နေတဲ့ ဝက်ခြံတွေကို မသွားဖို့ ဝင်ရင်လည်း ဖိနပ်စီးဖို့၊ ဒီလို ဇီဝနည်းပညာတွေ သုံးဖို့ သွားပညာပေးရတာပေါ့” ဟု ဒေါက်တာထွန်းမြင့်စိုးက ပြောသည်။

OIE ခေါ် ကမ္ဘာ့တရိစ္ဆာန် ကျန်းမာရေးအဖွဲ့ World Organization for Animal Health ကလည်း မြန်မာနိုင်ငံတွင် ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးပျံ့နေကြောင်း အရေးပေါ်ကြေညာချက် ထုတ်သည်။

“ရောဂါကူးစက်ခံရတဲ့ ဝက်တွေက ပထမ လမ်းသွားရင်း နောက်ပိုင်း ချိနဲ့လာတယ်။ နောက်ပိုင်းမှာ ကိုယ်လုံးတွေ တုန်လာတာကို တွေ့ရတယ်။ သေသွားတဲ့ အချိန်မှာတော့ အသားရောင် အညိုဘက်ကို နည်းနည်း ပြောင်းသွားတာကို တွေ့ရတယ်” ဟု ဒေါက်တာ ထွန်းမြင့်စိုးက ပြောသည်။

အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ မတ္တရာ စသည့် မြို့နယ်များရှိ ကျေးရွာ၊ ရပ်ကွက်များရှိ ဝက်မွေးမြူရေးခြံနှင့် အိမ်မွေးဝက်များအပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းတွင်ပါ ကူးစက်မှု ဖြစ်ပွားနေသည်။

ယခုအခါ မန္တလေးတိုင်း မွေး/ကု ဦးစီးဌာနမှ တိုင်းတွင်းရှိ ဝက်မွေးမြူရေးခြံနှင့် ဝက်မွေးအိမ်များသို့ ပိုးသတ်ဆေးများ အခမဲ့ ပို့ဆောင်ပေးခြင်း၊ ဇီဝနည်းပညာပေးများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်း လုပ်ကိုင်နေသည်။

နားရွက်ပြာ ရောဂါကူးစက်သေဆုံးကြသည့် ဝက်သားများကို စားသုံးရာတွင် လူကို ကူးစက်နိုင်မှု မရှိပေ။

မန္တလေး စျေးများတွင် ဝက်သားများ ပုံမှန်ရောင်းနေသော်လည်း ဝယ်ယူစားသုံးသူ နည်းပါးလာကြောင်း မြို့ခံများက ပြောသည်။

Most read this week