အန်အယ်ဒီ စိတ်ပညာ သင်တန်းပေး

အန်အယ်ဒီ စိတ်ပညာ သင်တန်းပေး
by -
သဲသဲ

အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး စျေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက်တခု အနေဖြင့် စျေးသည်များနှင့် အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် ...

နယူးဒေလီ (မဇ္စျိမ) ။        ။ အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး စျေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက်တခု အနေဖြင့် စျေးသည်များနှင့် အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် အမျိုးသမီး ခေါင်းဆောင်များကို စိတ်ပညာ သင်တန်းပေးမှု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြုလုပ်လျက်ရှိသည်။

အန်အယ်ဒီက စိတ်ပညာသင်တန်းပေး (ဓါတ်ပုံ မဇ္စျိမ)ခေါင်းရွက်ဗျတ်ထိုး စျေးရောင်းကာ စီးပွားရှာသော်လည်း တရားမဝင် ချဲထီ၊ ၂ လုံးထီ လောင်းကစားလုပ်မှုများ ရှိနေသည်ကို တွေ့ရှိရပြီးနောက် NLD အမျိုးသမီး ခေါင်းဆောင်များမှတဆင့် ပညာပေး နှစ်သိမ့်နိုင်ရန် စိတ်ပညာ ဆရာဝန်များက ယခုတပတ် တနင်္လာမှစ၍ သင်တန်း ပို့ချနေခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တလလောက်ကစပြီး အသေးစား အတိုးမဲ့ ငွေချေးတဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်။ အဲဒီမှာ ခေါင်းရွက်ဗျတ်ထိုး စျေးသည်တွေက တဖက်ကလည်း စီးပွားရှာပေမယ့်၊ တဖက်မှာက ၂လုံး၊ ၃ လုံးတွေ ထိုးပြီး သူတို့ရှာတာကို ပြန်ဖြုန်းပစ်နေတာတွေ ရှိနေတော့ ဒါတွေမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအမျိုးသမီးတွေကို ပြန်လည်ဆင့်ပွားပေးဖို့အတွက် အန်တီတို့ စိတ်ပညာသင်တန်း တက်ရတာပေါ့” ဟု NLD ဗဟို အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္စျိမကို ပြောသည်။

ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ  ဒေါက်တာတင်မျိုးဝင်း၏ ရုံးခန်းတွင် သင်တန်းဖွင့်ပြီး၊ စိတ်ပညာ ဆရာဝန် ဒေါက်တာခိုင်ခိုင်မာက အပျော်တမ်း လောင်းကစားနှင့် လောင်းကစားစွဲခြင်းအကြောင်း ဘာသာရပ်များ ယမန်နေ့က ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ ၆ ရက်ကြာ သင်တန်းကို ရန်ကုန်တိုင်း မြို့နယ် ၁ဝ ခုမှ ပါတီဝင်အမျိုးသမီး ၁၁ ဦး တက်ရောက်နေသည်။

“အခုဆို အိမ်ရှင်မတွေပါ စျေးဖိုးထဲကနေ ... ဘောလုံးပွဲတွေပါ လောင်းနေကြပြီ။ ကလေးတွေဆိုလည်း မုန်းဖိုးပေးရင် မစားဘဲ ၂ လုံးထိုး၊ ပေါက်ရင် သူတို့လိုချင်တာလေးတွေဝယ်၊ အဲဒါမျိုးတွေ ဖြစ်နေတာ။ ဒါကို မလုပ်ဖို့ အမိန့်ပေးတာ၊ တားတာမျိုး မဟုတ်ဘဲ၊ သူတို့ဆီက ပြောတာတွေကို နားထောင်ပေးမယ် အချောင်ရတဲ့ ငွေကြေးနောက်ကို မလိုက်ဖို့ Counseling လုပ်ပေးသွားမှာပါ” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။  

တလုံး၊ နှစ်လုံး၊ သုံးလုံး ဟု လူသိများသော ဘောလုံးနှင့် ထီနံပါတ် လောင်းကစားများမှာ တရားမဝင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံတဝှန်း ကျယ်ပြန့်စွာ ဖြစ်ထွန်းလျက်ရှိကာ ဒေသအာဏာပိုင် အများစုအတွက် လာဘ်ငွေရရာ လမ်းကြောင်းကြီးတခု ဖြစ်နေသည်။

NLD က အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းကို ပြီးခဲ့သည့်လမှစ၍ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ရာပြည့်စျေးရှိ ခေါင်းရွတ်ဗျတ်ထိုး စျေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝဝဝဝ နှုန်းဖြင့် ထုတ်ချေးပြီး တရက်လျှင် ရဝဝ ကျပ် အရစ်ကျ ပြန်လည် ပေးဆပ်စေသည်။ ခေါင်းရွက်ဗျတ်ထိုး စျေးသည်ဖြစ်ပါက အမျိုးသား၊ အမျိုးသမီးမရွေး ငွေချေးနိုင်ပြီး အိမ်ထောင်စုစာရင်း မိတ္တူကိုသာ လက်ခံအဖြစ် ယူထားသည်။

၂ဝ၁၁ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ အသုဘ နှစ်ပတ်လည်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ဗဟန်းအမျိုးသမီးထုနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့အခက်အခဲများကို သိပြီးနောက် ကူညီနိုင်ရန် NLD အမျိုးသမီးအဖွဲ့၏ အသေးစား အတိုးမဲ့ ငွေချေးလုပ်ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး၊ အဖွဲ့တာဝန်ခံမှာ ဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင် ၅ ဦး ဖြစ်သည်။