မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဘောလခဲမြို့နယ် အတွင်းရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်တွင် ရေကာတာ (၂) ခု တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် တာဝန်ယူ တည်ဆောက်ပေး ...
မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဘောလခဲမြို့နယ် အတွင်းရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်တွင် ရေကာတာ (၂) ခု တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် တာဝန်ယူ တည်ဆောက်ပေးသော တရုတ်အင်ဂျင်နီယာများက ယခုအချိန်ထိ မြေနှင့် ရေကို တိုင်းတာနေဆဲ ဖြစ်သည်ဟု ကရင်နီဖွံ့ဖြိုးရေးနှင့် သုတေသနအစုအဖွဲ့ (KDRG) က ပြောသည်။
ဘောလခဲမြို့နယ်အတွင်းရှိ ကျောက်ကျဉ်းဟု ခေါ်သော သံလွင်မြစ်ပေါ်နှင့် စောလိုဟောင်ခမ်းဟု ခေါ်သော ပွန်ချောင်းပေါ် နေရာတို့တွင် ရေကာတာများ တည်ဆောက်ရန် စစ်အစိုးရနှင့် ပူးပေါင်းပြီး တာဝန်ယူနေသော တရုတ်အင်ဂျင်နီယာအဖွဲ့ ယူနာပြည်နယ် ဒါထာ ရေးအာလျှပ်စစ် ထုတ်လုပ်ရေး ကုပ္မဏီ Datang ( Yunnan ) United Hydropower Developing Co) သည် မြေနှင့် ရေကို ယခင်နှစ် မိုးရာသီမှ စ၍ ယခုအချိန်ထိ တိုင်းတာနေဆဲ ဖြစ်သည်ဟု (KDRG) ဒါရိုက်တာ တော်ရယ်ပိုးက ပြောသည်။
တရုတ် အင်ဂျင်နီယာအဖွဲ့သည် ထိုရေကာတာများ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါ၀ပ် ထုတ်လုပ်ရန်အတွက် စီမံကိန်းကို (၆)နှစ်မှ (၁၀)နှစ်အထိ လျာထားကြောင်း၊ သို့သော် စစ်အစိုးရသည် ထွက်ရှိမည့် လျှပ်စစ်ဓါတ်အားများအပေါ် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးသည့်အတွက် လျှပ်စစ်ဓါတ်အားများကို မည်သည့် နေရာတွင် အသုံးပြုမည်နည်း ဆိုသည်ကို မသိရှိရသေးကြောင်း တော်ရယ်ပိုးက ဆက်ပြောသည်။
ယခုအချိန်တွင် ရေကာတာများကို မတည်ဆောက်သေးသော်လည်း ဆောက်လုပ်မည့် နေရာများသို အချို့ဆောက်လုပ်ရေးပစ္စည်းများကို မြန်မာပြည်အလယ်ပိုင်းမှ သယ်ဆောင်လာပြီး ချထားပြီဖြစ်ကြောင်း၊ ထိုနေရာဒေသတွင် နယ်ခြားစောင့်တပ် အမှတ် (၁၀၀၅) တပ်ရင်းမှ လုံခြံုရေး တာဝန်ယူထားကြောင်း ကရင်နီပြည်တွင်းမှ နယ်စပ်သို့ ခရီးသွားလာလေ့ရှိသူ တဦးက ပြောသည်။
“ရေတာကာ ဆောက်မယ့် နေရာမှာပေါနော့် နယ်ခြားစောင့်တပ် အမှတ် ၁ဝဝ၅ က လုံခြံုရေး တာဝန်ယူထားတာကို တွေ့ရတယ်။ ဆောက်လုပ်မယ့် ပစ္စည်းတွေလည်း သူတို့ ယူလာတာ အဲဒီနယ်ခြားစောင့်တပ် တပ်စခန်းထဲမှာပဲ လာထားထားတယ်လေ။ ရေကာတာ ဆောက်မယ့် နေရာ အနီးအနားတွေမှာ သူတို့ ပေးမသွားဘူး။ တားမြစ်ထားတယ်” ဟု သူက ပြောသည်။
စစ်အစိုးရသည် ကရင်နီပြည်တွင် ရေကာတာများ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားများ ထုတ်လုပ်ရန် စီစဉ်သော်လည်း ထွက်ရှိမည့် လျှပ်စစ်ဓါတ်အားများမှာ ဒေသခံကရင်နီပြည်သူများအတွက် အကျိုးအမြတ် ရှိစေမည် မဟုတ်ကြောင်း တော်ရယ်ပိုုးက သုံးသပ်သည်။
၎င်းက “လောပိတရေအားလျှပ်စစ် စက်ရုံ တည်ဆောက်တုန်းက ကျနော်တို့ အတွေ့အကြံု ရှိခဲ့ပြီးပြီ။ ရေမြုပ်ခံရတဲ့ ကျေးရွာတွေက အဲလိုပဲ အကုန်လုံး ထွက်ပြေးကြရတယ်။ လျှော်ကြေား ဘာမှ မရှိဘူး။ ရရှိတဲ့ လျှပ်စစ်မီးတွေလည်း ကရင်နီပြည်မှာ ပေးမသုံးပဲ အများအားဖြင့် မြန်မာပြည် အထက်ပိုင်းသို့ ပို့သွားတယ်။ နောက်ပြီး စက်ရုံ လုံခြံုရေးအတွက် သူတို့ တပ်အင်းအာတွေ ထပ်တိုးချဲ့ချထားတယ်။ ဓါတ်မီးတိုင် လုံခြံုရေးအတွက် အောက်မှာ မြေမြုပ်မိုင်းတွေ ထောင်ထားတယ်။ ပြည်သူတွေလည်း ဓါတ်မီတိုင် လုံခြံုရေးအတွက် ဂိတ်သွားစောင့်ရတယ်။ အခု ဆောက်မယ့်ဟာလည်း အရင်ကအတိုင်းပဲ ဖြစ်မှာပဲ” ဟု ပြောပါသည်။
ကရင်နီပြည်တွင် ရေအားလျှပ်စစ် စက်ရုံများ ဖြစ်သော လောပိတအမှတ် (၁) စက်ရုံနှင့် အမှတ် (၂) စက်ရုံ (၂) ရုံ ရှိထားပြီး ဖြစ်သည်။ ယခုလောလောဆယ်တွင်လည်း စစ်အစိုးရမှ လောပိတအမှတ် (၃) စက်ရုံကို တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်သည်။ ထိုအပြင် ယခု တည်ဆောက်မည့် ဘောလခဲမြို့နယ်အတွင်းရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်မှ ရေကာတာ ၂ ခု အပါအဝင် ကရင်နီနှင့် ရှမ်းပြည်နယ် နယ်စပ်ဘက်မှ တဘက်ချောင်းပေါ်နှင့် ဖရူဆို (သို့မဟုတ်) ဖာဆောင်းမြို့နယ်ရှိ ထူးချောင်းပေါ်တွင်လည်း ရေကာတာများ ထပ်တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။