တရုတ်ရေတပ်

တရုတ်ရေတပ်
by -
ဘိုဘိုကျော်ငြိမ်း

မော်စီတုံး လက်ထက်က တရုတ်ရေတပ်ဟာ ဖွတ်ချပ်ဖွတ်ချပ်နဲ့ မီးကျိုးမောင်းပျက် အဆင့်ပဲ ရှိပါတယ်။ ဧပြီလ ၂၃ရက် ၁၉၄၉ခု မှာ တရုတ်အရှေ့ပိုင်း စစ်နယ်မြေရေတပ်ကို စတင်ဖွဲ့စည်းခဲ့ ...

မော်စီတုံး လက်ထက်က တရုတ်ရေတပ်ဟာ ဖွတ်ချပ်ဖွတ်ချပ်နဲ့ မီးကျိုးမောင်းပျက် အဆင့်ပဲ ရှိပါတယ်။ ဧပြီလ ၂၃ရက် ၁၉၄၉ခု မှာ တရုတ်အရှေ့ပိုင်း စစ်နယ်မြေရေတပ်ကို စတင်ဖွဲ့စည်းခဲ့တယ်။

စစ်ကော်မရှင်က   ကြည်းတပ်ဗိုလ်ချုပ် Xiao Jinguang ကို  ရေတပ်ဦးစီးအဖြစ် ခန့်အပ်တယ််။ ၁၉၅ဝခု ဧပြီလ ၁၄ ရက်မှာ ဘေဂျင်းမှာ တရုတ်ရေတပ်ဌာနချုပ်ကို စတင်တည်ထောင်ခဲ့တယ်။ ကနဦးအစမှာ ရေတပ်ဟာ တိုးတက်စနိုင်ငံတိုင်းမှာလို ကြည်းတပ်ရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်ခဲ့ပါ။ ထို့ပြင် ယဉ်ကျေးမှု တော်လှန်ရေးခေတ်က “လင်ပြောင်”က ရေတပ်ဦးစီးချုပ်ကို ရန်ရှာလို့ နိုင်ငံရေးမှူးက ဦးဆောင်ပြီး နိုင်ငံရေး စွက်ဖက်ခဲ့တာကြောင့် ဖယိုဖရဲဖြစ်ခဲ့ရတယ်။ တိန့်လျောက်ပိန် ပြန်တက်လာအပြီးမှာမှ တရုတ်စစ်တပ်ကို ခေတ်မီစစ်တပ် ဖြစ်ရစေမယ််ဆိုတဲ့ မူဝါဒချမှ  ရေတပ်လည်းခေတ်မီ တိုးတက်လာရတာပါ။

တရုတ်ရေတပ်အတွက် တာဝန် ၃ ရပ်က ရှင်းရှင်းလေးပါပဲ
(၁)  ရေကြောင်းဘက်မှ ရန်သူများကျူးကျော်လာမှုကို ကာကွယ်ရန်
(၂)  မိမိ ရေပိုင်နက်အတွင်း အချုပ်အခြာအာဏာပိုင်မှုကို ထိန်းသိမ်းရန်
(၃) တရုတ်နိုင်ငံအကျိုးနှင့် ရေကြောင်းလမ်းအခွင့်အရေးများကို ထိန်းသိမ်းရန်  
တရုတ်ရေတပ်ရဲ့ ကြေငြာချက်တွေမှာ တောင်ပိုင်းတရုတ်ပင်လယ် South China Sea  နဲ့ အရှေ့ပိုင်း တရုတ်ပင်လယ် East China Sea  (Yellow Sea အပါအဝင်)တွေမှာ တရုတ်ရဲ့အဓိကကျတဲ့ အကျိုး (Core Interest) ကို ကာကွယ်ရန်ဆိုတာ အမြဲပါပေမယ့် ဒီ အဓိက တရုတ်အကျိုးနယ်မြေဟာ ဘယ်လောက် ကျယ်တယ်ဆိုတာ မပါဘူး။

မြောက်ပိုင်းမှာ တရုတ်နဲ့ဂျပန်တို့  ရူကူကျွန်းတွေ (Ryukyu Islands)ကို သူပိုင်တယ်ငါပိုင်တယ် ဆိုတဲ့အငြင်းပွားမှု ရှိသလို၊ တောင်ပိုင်းမှာ စပရက်လီကျွန်း (Spratly Islands) တွေကိုလည်း ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ အငြင်းပွားလျက်ရှိတယ်။  

တရုတ်ရေတပ် အားကြီးလာတာနဲ့အမျှ တရုတ်ရဲ့ အကျိုးသက်ရောက်မှုနယ်ပယ် (Core Interest)ဟာ ကျယ်သထက်ကျယ်လာတယ်။ တရုတ်နိုင်ငံဟာ သူ့တိုင်းပြည်ထူထောင်ဖို့  ရေနံနဲ့သဘာဝသံယာဇာတတွေကို အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းက သွင်းယူနေရတယ်။ ဒီသင်္ဘောလမ်းကြောင်းတွေ လုံခြံုရေးအတွက် အမေရိကန်ရေတပ်ကို အားကိုးရမှာကို မလိုလားဘူး။ မိမိ၏ပင်လယ်ပြင် လုံခြံုရေးနဲ့ ကမ္ဘာ့ သင်္ဘောလမ်းကြောင်းများ လုံခြံုရေးဟာ တရုတ်ရေတပ်အတွက် အဓိကတာဝန်နှစ်ရပ်ဖြစ်တယ်။

၁၉၉၁ ခု သမ္မတကလင်တန် လက်ထက်မှာ တိုင်ဝမ်ပြဿနာဖြစ်တော့ ကလင်တန်က လေယာဉ်တင် သင်္ဘောအုပ်စု နှစ်ခုလွှတ်ပြီး ခြိမ်းခြောက်ခဲ့တယ်။ တရုတ်ရေတပ်က အင်အား မရှိသေးတာကြောင့် တရုတ်တွေ အလျော့ပေးခဲ့ရတယ်။ ဒါပေမယ့် အင်မတန် မခံချင်ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် စစ်ကော်မရှင်က ဖျက်သင်္ဘော Destroyer တွေဝယ်ဖို့ အမိန့်ချမှတ်ခဲ့တယ်။

ဒါ့အပြင် တရုတ်ပိုင်နက်ရေပြင်ထဲ အမေရိကန်နဲ့ ဂျပန်သင်္ဘောတွေ ဝင်မလာရဲအောင် A2/AD လို့ခေါ်တဲ့ (for "anti-access/area denial")  အဝင်အထွက် ပိတ်ဆို့ခြင်း နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကိုချမှတ်ပြီး
Anti-Ship Ballastic Missiles   ASBM
Anti-Ship Cruise Missiles   ASCM
Land–based Cruise Missiles   LBCM
(မှတ်ချက် စာ (၁၃)စာ(၁၆) CRS (Congressional Research Service) Report For Congress on China Naval Modernization  October 2010 နှင့် Austin Bay ရေးတဲ့ China’s Navy Gets Bigger, but Why?, December 28, 2010 ရဲ့ ဆောင်းပါးကိုညွှန်းပါသည်။)
အမေရိကန်တွေ နောက်မစော်ကားရဲအောင် ပြင်ဆင်တာပဲ။ အမှန်တကယ်လည်း အမေရိကန်တွေ အရင်လို အရမ်းကာရော တရုတ်ရေပြင်ထဲ မဝင်ရဲတော့ဘူး။

တလောက မြောက်ကိုရီးယားကိုခြိမ်းခြောက်ဖို့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်လေ့ကျင့်မှုတရပ် Yellow Sea မှာ လုပ်တာနီးလွန်းတယ်လို့ တရုတ်က ကန့်ကွက်လို့ နေရာပြောင်းလေ့ကျင့်ကြရတယ်။ အမေရိကန်တွေလည်း ဒီလေယာဉ်တင် သင်္ဘောပစ်ဒုံးကျည်ရန်ကိုတန်ပြန်ဖို့ ကြိုးစားနေပေမယ့် လုံးဝပစ်ချနိုင်တဲ့အဆင့် မရောက်သေးဘူး။ လေယာဉ်တင် သင်္ဘောကြီးအမြှပ်ခံရရင် အရှက်တွေဗြန်းဗြန်းကွဲမှာ စိုးရိမ်စရာပါ။ Warfare စိတ်ဓါတ်စစ်ဆင်ရေးတွေလည်း အများကြီးပါပါတယ်။

တရုတ်ရဲ့ တိုင်ဝမ်မူဝါဒ မဟာဗျူဟာကိုလေ့လာရင် စစ်ရေးအရ အင်မတန်ချီးကျူးစရာကောင်းတယ်။ တရုတ်က ဆန်ဇူး ( Sun Zhu) ပြောခဲ့တဲ့ စစ်မတိုက်ရဘဲ အောင်နိုင်ခြင်းဗျူဟာကို ကျင့်သုံးနေတာပဲ။

ဆန်ဇူး က ပြောခဲ့တယ်မဟုတ်လား (The supreme art of war is to subdue the enemy without fighting) စစ်တိုက်ခြင်းပညာရဲ့ အထွဋ်အထိပ်ဟာ စစ်မတိုက်ရဘဲ ရန်သူကိုနှိပ်ကွပ် အနိုင်ရခြင်းပဲ။ In the practical art of war, the best thing of all is to take the enemy's country whole and intact; to shatter and destroy it is not so good. လက်တွေ့စစ်တိုက်ခြင်းပညာမှာ ရန်သူ့နိုင်ငံကို တခုလုံးမပျက်စီးဘဲ ရရှိုနိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။ အားလုံးကြေမွပျက်စီးပြီးမှဆိုရင် မကောင်းပါတဲ့။

တရုတ်ခေါင်းဆောင်တွေဟာ အင်မတန်စိတ်ရှည်ကြတယ်။ တဘက်က စစ်အင်အားကြီးလာ၊ တဘက်က စီးပွားရေးအရပူးပေါင်းမှု နယ်ကျွံလာပြီး ဟောင်ကောင်နဲ့ မကာအိုလို လက်ရှိဘဝလက်ရှိစံနစ် မပျက်ဘူးဆိုရင် တိုင်ဝမ်ဟာ နောက်အနှစ်အစိတ်နဲ့ ငါးဆယ်ကြားမှာ တရုတ်အမြိုခံရမှပဲ။ တနိုင်ငံအတွင်း စနစ် ၂ ခု ဆိုတဲ့ မူဝါဒဟာ တိန်လျောက်ပိန် ဘယ်လောက် ဉာဏ်အမြှော်အမြင်ကြီးတယ် ဆိုတာကိုပြတာပဲ။ ပါးစပ်ကို (ဟ) ထားပေမယ့် (သွား) တွေကို မပြဘူး။ မော် လက်ထက်က အားရင်ခြိမ်းခြောက်နေတာမျိုး မလုပ်ဘူး။ အမှန်က ပိုကြောက်ဖို့ကောင်းတယ်။  

တရုတ်ရေတပ်ဖွဲ့စည်းပုံဟာ အမေရိကန်ရေတပ်လောက် မရှုပ်ဘူး၊ ရေတပ်ကို ၃ ပိုင်းခွဲထားတယ်
North Sea Fleet  မြောက်ပိုင်း ရေတပ်မတော်
South Sea Fleet  တောင်ပိုင်း ရေတပ်မတော်
East Sea Fleet   အရှေ့ပိုင်း ရေတပ်မတော်
ဆိုပြီး နယ်မြေအလိုက် ရေတပ်မတော် ၃ ခု ရှိတယ်။ တရုတ်ရေတပ်မတော်  အောက်မှာ ကဏ္ဍ ၅ ခု ပါဝင်တယ်။
(၁) ရေပေါ်သင်္ဘော(Surface)
(၂) ရေငုပ်သင်္ဘော(Submarines)
(၃) ကမ်းခြေတက် စစ်တပ်(Marines)
(၄) ရေတပ်၏ လေတပ်(Naval Aviation)
(၅) ကမ်းခြေကာကွယ်ရေး(Coastal Defense)
ဒီအောက်မှာမှ စစ်သင်တန်းလေ့ကျင့်ရေးကျောင်းနဲ့ အကယ်ဒမီ ၁ဝ ခု၊ သုတေသန အထူးအထောက်အကူ (Specialized Support)  နိုင်ငံရေးထောက်ပံ့ရေး (Logistic) ထိန်းသိမ်းရေး  (Maintenance) ဆိုပြီး ရှိပြန်တယ်။ တရုတ်ရေတပ်မှာရှုပ်တာက ရေတပ်အောက်မှာ မရိန်း နဲ့ ကမ်းခြေကာကွယ်ရေးဟာ ပါဝင်နေတော့ ဖွဲ့စည်းပုံမှာလာရှုပ်ပါတယ်။ ဥပမာ တရုတ်ရေတပ်မှာ တပ်ဖွဲ့စည်းပုံအဆင့် ၃ ခုရှိတယ်
Zhidui   - division leader organization   Flotilla
Dadui   - regiment leader organization  Squadron
Zhongdui - battalion leader organization  Detachment
ဘာသာပြန် အဘိဓါန်တချို့က Zhidui ကို Flotillaလို့ ပြန်သလို တချို့က Division လို့ ပြန်ကြတယ်။ တရုတ်ရေတပ်မတော်မှာ zhidui အဆင့် (၇) မျိုးရှိတယ်။

  • Submarine
  • Destroyer
  • Frigate
  • Speedboat
  • Combat support vessel
  • Submarine chaser and frigate
  • Landing ship

ဒါကိုကြည့်ရင် အမေရိကန်ရေတပ်ရဲ့ Types နဲ့ အတူတူပါပဲ။ နောက် dadui ကို ရေတပ်ဝေါဟာရအရ Squadron သင်္ဘောအစု  လို့ခေါ်တယ်။ မရိန်း ရေတပ်ရဲ့ လေတပ် (Naval Aviation) ထိန်းသိမ်းရေးတပ် (Maintenance troops) အခေါ်အဝေါ်နဲ့ကျရင် Batallion level ဖြစ်သွားရော။ တချိန်တည်းမှာ ရေတပ်အတွက် Zhongdui ဟာ တပ်ရင်း Batallion level ဖြစ်ပေမယ့် မရိန်း စတဲ့တခြားတပ်ဖွဲ့တွေအတွက် တပ်ခွဲ Company အဆင့်ဖြစ်သွားပြန်တယ်။ မရိန်းနဲ့ ကမ်းခြေကာကွယ်ရေး Coastal Defense တွေဟာ ရေတပ်အောက်မှာ သွတ်သွင်းထားတာကြောင့် ဖွဲ့စည်းပုံအခေါ်အဝေါ်တွေ ရှုပ်ကုန်ပြီး ဘာသာပြန်မှာ ပိုရှုပ်ကုန်တယ်။

ရေတပ်မတော် (Fleet) ၃ ခုဖွဲ့စည်းပုံက တခုနဲ့တခုမတူပါ။ ဥပမာ တရုတ်ကမ်းခြေတက်တပ် Marines မှာ Battlalions ၂ ခုပဲရှိပြီး အားလုံးကို တောင်ပိုင်းရေတပ်မတော်  အောက်မှာပဲထားတယ်။ ဒီရေတပ်တွေက အချင်းချင်း အပြန်အလှန် ဖလှယ်ကြတာနည်းတယ်။ အကြောင်းက ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် သပ်သပ်စီ ရပ်တည်ရတာကြောင့်တဲ့။ ကျနော်တို့ ဗမာတွေရဲ့ မဆလစိတ်ဓာတ် ပြဿနာမျိုးဟာ ယနေ့အထိ တရုတ်ပြည်မှာ ရှိသေးတယ်။ အခုတော့ ပူးပေါင်းဆောင်ရွက်မှုရှိအောင် တပ်အချင်းချင်း သိရအောင် အပြန်အလှန် ဖလှယ်ပြီး စစ်မှုထမ်းကြတယ်။ ဥပမာ မရင်းတပ်ခွဲတခွဲကို မြောက်ပိုင်းရေတပ်ဆီ ၆ လ အမှုထမ်းစေမယ်ပေါ့။

တရုတ်ရေတပ်မတော်မှာလည်း အမေရိကန်လို ရေပေါ်သင်္ဘော (Surface ships) နဲ့ ရေငုပ်သင်္ဘော (Submarines) အုပ်စုဆိုပြီး ခွဲထားပါတယ်။ ရေငုပ်သင်္ဘောအုပ်စုမှာ တခါ အမေရိကန်တို့လိုပဲ တိုက်စစ် Attack Submarines နဲ့ အနုမြူသင်္ဘော SSBN ဆိုပြီး ခွဲထားပြန်ပါတယ်။ ဒါပေမယ့်ကွာတာက တရုတ်တွေဟာ ဒီဇယ်နဲ့မောင်းတဲ့ ရေငုပ်သင်္ဘောတွေကို အသုံးပြုနေတုန်းပဲ။ ဒီဇယ်ရေငုပ်သင်္ဘောက ကြာကြာရေအောက်မှာ မနေနိုင်ပါ။ အနုမြူနဲ့မောင်းတဲ့ ရေငုပ်သင်္ဘောအစင်းရေကလည်း နည်းပါသေးတယ်။ ဒါကြောင့် မိမိကမ်းရိုးတန်းနဲ့ မနီးမဝေးမှာပဲ ကင်းလှည့်နိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။

တရုတ်တွေရဲ့ အဓိကအားနည်းချက်က  ခေတ်မှီသင်္ဘောဆောက်တဲ့ အတတ်ပညာမှာ  နောက်ကျနေတုန်းပဲ။ ဒါကြောင့် ရုရှားလုပ် ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို ရုရှားက ဝယ်နေကြရတုန်းပဲ။ တရုတ် ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ Xia Class SSBN နဲ့ ရုရှားတွေရဲ့ နောက်ဆုံးပေါ်အတတ်ပညာတွေကို ပေါင်းထည့်ထားတဲ့ Jin-class SSBN ဆိုတာရှိတယ်။ Jin-class မှာမှ Type 093 နဲ့ Type 094 ဆိုပြီး နှစ်မျိုး နှစ်စားရှိပြန်တယ်။ Type 093 က attack submarine Type 094 ကမှ SSBN အနုမြူဒုံး သယ်ဆောင်နိုင််တဲ့ အနုမြူရေငုပ်သင်္ဘော ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ထောက်လှမ်းရေး Office of Naval Intelligence ရဲ့ အမေရိကန်လွှတ်တော်ကို နှစ်စဉ်အစီရင်ခံစာတွေအရ Type 094 SSBN ဟာ ကီလိုမီတာ ၈,ဝဝဝ အကွာအဝေးအထိ ပစ်နိုင်စွမ်းရှိတဲ့ JL-2 ballistic missiles (DF-31s) ၁၂ ခုကို သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တရုတ်ကမ်းခြေအလွန် ကူရီကျွန်း Kuril Islands အနီးမှာ ကင်းလှည့်နေရုံနဲ့ အမေရိကန်နိုင်ငံရဲ့ သုံးပုံလေးပုံကို အန္တရာယ်ပြုနိုင်ပါတယ်။ အမေရိကန် ရေတပ်ထောက်လှမ်းရေး ONI က အချိန်ပြည့် ကင်းလှည့်နိုင်စွမ်းရှိအောင် တရုပ်ရေတပ်က Type 094 SSBN ၅ စီး တည်ဆောက်လိမ့်မယ်လို့့ ခန့်မှန်းထားပါတယ်။

ရေငုပ်သင်္ဘောကို နားထောင်ဖို့ ဆိုနာ (Sonar) လို့ခေါ်တဲ့ နားထောင်ကရိယာတွေကို ပင်လယ်အောက်မှာ ချထားရပါတယ်။ အမေရိကန် အခေါ်အဝေါ်အရ SONUS လို့ခေါ်ပါတယ်။ တရုတ်ရဲ့မဟာဗျူဟာက ပထမစည်းဝိုင်းက မိမိတို့ရဲ့ ကမ်းရိုးတန်း။

ဒုတိယစည်းဝိုင်းက ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင၊် စင်္ကာပူ၊ ထိုင်း၊ မြန်မာ စတဲ့နိုင်ငံတွေအထိရောက်တဲ့ အပြင်စီးဝိုင်း။

တတိယစည်းဝိုင်းက ဒုတိကမ္ဘာစစ်အတွင်း အမေရိကန်တို့ သိမ်းပိုက်ခဲ့တဲ့ Mariana  စတဲ့ ကျွန်းတွေအထိရောက်တဲ့ စည်းးဝိုင်း၊ ဒီစည်းဝိုင်း ၃ ခုနဲ့ တရုတ် အကျိုးကိုခုခံမှာကိုး။ အကယ်၍ စစ်ရေး တင်းမာမှုဖြစ်ခဲ့ရင် အမေရိကန်ရေတပ်က  မလက်ကာ ပင်လယ်ကြားထိပ်က ပိတ်ခဲ့ရင် တရုတ် အရှေ့ဘက်ကမ်းကို သင်္ဘောတွေ မဝင်နိုင်တော့ရင် စစ်ရေးအရ အခက်အခဲရှိနိုင်တယ် မဟုတ်ပါလား။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေးအရ အရေးပါလာရတာပေါ့။

(မှတ်ချက် - တရုတ်သင်္ဘောတွေ ရခိုင်မှာကပ်ပြီး ကုန်းလမ်းကနေ ကူမင်းကိုတင်ပို့ နိုင်အောင် ရခိုင်ကမ်းခြေမှာ ရေနက်ဆိပ်ကမ်း တရုတ်အကူနဲ့ တည်ဆောက်နေတာပါ)

ဒီနေရာမှာ အများကသတိမပြုမိကြတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ ဂျပန်ရေတပ်မတော်ပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်တွေက စစ်အင်အားကိုအားမကိုးပဲ စီပွားရေးအင်အားကိုပဲ အာရုံစိုက်ခဲ့ကြပေမယ့် ဂျပန်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တာကြောင့် နိုင်ငံကာကွယ်ရေး Defense Forcesလို့ ဆိုပေမယ့် ရေတပ်ကို အရေးပေး ဖွဲ့ခဲ့ကြတာကြောင့် ဂျပန်ရေတပ်မတော်ဟာ ကမ္ဘာ့ရေတပ်မတော်တွေထဲမှာ ထိပ်တန်း ရေတပ်မတော်တခု ဖြစ်တယ်။ တရုတ်က ကြောက်တာလည်း ဂျပန်ကိုပဲဖြစ်တယ် ဒါကြောင့် အကယ်၍များ စစ်ဖြစ်ခဲ့ရင် တရုတ်ရင်ဆိုင်ရမှာက အမေရိကန်ရေတပ်သာမက ဂျပန်ရေတပ်ရဲ့ အန္တရာယ်လည်းရှိပြန်တယ်။ ဂျပန်တွေဘက်ကလည်း တရုတ်ရေတပ် ကြီးထွားလာတာကို စိုးရိမ်စိတ်နဲ့ ကြည့်နေကြရတယ်။

မကြာသေးခင်အထိ  အိုကီနာဝါကျွန်းက အမေရိကန်တွေ ထွက်သွားဆိုပြီး ဆန္ဒပြနေတဲ့ဂျပန်တွေဟာ တရုတ်ရဲ့အန္တရာယ်ကြောင့် ဆန္ဒမပြကြတော့ဘူး။ အမေရိကန်တွေ ထွက်သွားလို့ မအော်ကြတော့ဘူး။ ဒုတိယကမ္ဘာစစ်က ဂျပန်စစ်သားတွေဟာ တရုတ်ပြည်သူတွေအပေါ် အလွန်ရက်စက်ခဲ့ကြတယ်။ ဂျပန်နဲ့ တရုတ်အကြား ရာဇဝင်အကြွေး ရှိနေသေးတာကိုး။

တဘက်မှာလည်း တရုတ်နဲ့ နယ်စပ်စစ်ဖြစ်ခဲ့ရတဲ့ အိန္ဒိယ  နိုင်ငံကလည်း ရှိနေပြန်သေးတယ်။ ဒါကြောင့် တရုတ်က အဝိုင်းမခံရအောင် အနားအကပ်မခံတဲ့ A2/ADလို့ ခေါ်တဲ့ (for "anti-access/area denial")  အဝင်အထွက် ပိတ်ဆို့ခြင်း - နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကို ချမှတ်လာတာပါပဲ။

မကြာသေးခင် ၂ဝ၁ဝ စက်တင်ဘာလက တရုတ်ငါးဖမ်းသင်္ဘောဟာ တရုတ်နဲ့ဂျပန် သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ဆင်ကာကူကျွန်း Senkaku Islands အနီးမှာ ငါးဖမ်းနေရာ ဂျပန်စစ်သင်္ဘေင်္ာက သတိပေးတာကို  ဂရုမစိုက်ဘဲ၊ ဂျပန်စစ် သင်္ဘော ၂ စီးကို ဝင်တိုက်ပစ်ရာ ဂျပန်တွေက တရုတ် သင်္ဘောသားများကို ဖမ်းဆီးခဲ့တာကြောင့် နှစ်နိုင်ငံအကြားပြဿနာ ပေါ်ခဲ့ရပါတယ်။

အရင်က စစ်သင်္ဘောများလာရင် ရှောင်ထွက်သွားတတ်တဲ့ ငါးဖမ်းလှေများဟာ အခုဂရုမစိုက်ကြဘူးလို့ ဂျပန်ဘက်က စွပ်စွဲလာပါတယ်။ အနာဟောင်းများ ပြန်ပေါ်လာကြပြီး တရုတ်လူထုက အမျိုးသားစိတ်ဓါတ်တွေ တက်ကြွဆူညံလာကြပါတယ်။ ဒီပဋိပက္ခကြောင့် တရုတ်အစိုးရက ကွန်ပြူတာနဲ့ အခြားအဆင့်မြင့်ပစ္စည်းတို့မှာ မရှိမဖြစ်တဲ့ Rare Earth Metals လို့ခေါ်တဲ့ သဘာဝသတ္ထုကို ဂျပန်ပြည်ကို တင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဂျပန်တွေ ဒီနေ့အထိ  ပြဿနာပေါ်လျက်ရှိပါတယ်။

ယနေ့ကမ္ဘာကြီးရဲ့ ၉၇% သော Rare Earth Metals ထုတ်လုပ်မှုဟာ တရုတ်ပြည်ကဖြစ်တာကြောင့် တရုတ်တွေက စီးပွားရေးအင်အားပါသုံးပြီး ဂျပန်တွေကို ပညာပေးလျက်ရှိပါတယ်။ ဂျပန်ဆိုတာနဲ့ တရုတ်လူထုက အမျိုးသားစိတ်တွေဝင်လာကာ ဆူညံလာတာကြောင့် တရုတ်အစိုးရကလည်း အလျော့မပေးရဲပါ/ ဒါ့ကြောင့် ဂျပန်ကစိုးရိမ်လျက်ရှိသည်မှာလည်း  သဘာဝကျပါတယ်။

တရုတ်ပြည်မှာ စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့ကြတဲ့ ကွန်မင်ဒါသောမတ်နဲ့ ဒုဗိုလ်မှူးကြီး ချက်ဘယာဂီယား တို့ရေးတဲ့ စာတမ်းမှာ တရုတ်ရေတပ်ရဲ့ “အမေရိကန် ကျွမ်းကျင်သူတွေ” ဟာ တသက်လုံး အမေရိကန်စကား၊ ယဉ်ကျေးမှု၊ ရာဇဝင်၊ ဗျူဟာ တို့အပြင် အရေးပါတဲ့ရေတပ်နဲ့ မရိန်းလူကြီးတွေကိုပါ အသားပေး လေ့လာကြတယ်။ တနည်းအားဖြင့် စစ်သက်တန်းတလျောက် လေ့လာကြရတယ်။ အမေရိကန် စစ်ဗိုလ်တွေကတော့ တာဝန်ကျရာသက်တမ်း အချိန်ပိုင်းကာလမှာပဲ လေ့လာနိုင်ကြတယ်။

တရုတ်ရေတပ်ရဲ့ နိုင်ငံခြားရေးအရာရှိတွေဟာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ကြရုံမက နိုင်ငံခြားမှာ ပညာသင်ကြရပြီး အမေရိကန်ရေတပ်ရဲ့ ပြဿနာတွေကို အတွင်းကျကျသိကြပြီး ထိပ်ပိုင်း ရေတပ်ဗိုလ်ချုပ်တွေရဲ့ ယုံကြည်အားကိုးရတဲ့ အကြံပေးအရာရှိတွေ ဖြစ်ကြတယ်။ တရုတ်ရေတပ်ရဲ့ အမေရိကန်ဗျူဟာနဲ့ တပ်တွင်းလုပ်ထုံးတွေအပေါ် သုတေသနပြုမှုဟာ အံ့သြစရာကောင်းလောက်အောင် နက်လည်းနက် ကျယ်လည်းကျယ်ပြန့်တယ်။ အမေရိကန်ရေတပ်က တရုတ်ရေတပ်ကိုလေ့လာဖို့ Naval Intelligence ဆိုတာရှိပါတယ်။ ကွန်ကရက်ကို တနှစ်တခါ အစီရင်ခံရတဲ့ အစီရင်ခံစာတွေဟာ အင်မတန် တိကျမှုရှိပါတယ်။

အမေရိကန်တွေကတော့ ငပွကြီးပဲ။ အမေရိကန်တွေကထွင်လိုက် ရန်သူတွေက ခိုးလိုက်ပဲ။ ဆိုဗီယက်ခေတ်က ဝါဒနဲ့(ငွေ)နဲ့မျှားပြီး ခိုးတယ်။ တရုတ်ခေတ်ရောက်တော့ မျိုးချစ်စိတ်နဲ့ခိုးတယ်။ အမေရိကန်နိုင်ငံသား တရုတ်ပညာရှင်တွေ ရှိကြတာကိုး။

နောက်တခုသာတာက တရုတ်ကနှစ်စဉ်ထုတ််တဲ့ အင်ဂျင်နီယာ ပမာဏက အမေရိကန်ထက် အများကြီး ပိုတယ်။ အမေရိကန်မှာက အတော်ဆုံးလူတွေက ပိုက်ဆံများများရတဲ့ ရှေ့နေ၊ MBA ယူကြတယ်။ တရုတ်တွေက အင်ဂျင်နီယာဘက်လိုက်ကြတယ်။ ဒါကြောင့် အခုအချိန်မှာတရုတ်က ပညာရပ်ဆိုင်ရာမှာ နောက်ကျနေပေမယ့် မကြာခင်မီလာလိမ့်မယ်။

ဒီနေရာမှာ တခုသတိရှိရမှာက တရုတ်ရေတပ်ကလည်း အမေရိကန်ရေတပ်ကို အကြောင်းပြပြီး ပိုက်ဆံတိုးတောင်းတယ်။ အမေရိကန်ရေတပ်ကလည်း တရုတ်ရေတပ်ကို လက်ညှိုးထိုးပြီး ဘတ်ဂျက်ပို တောင်းတယ်။ အသေးစိပ်ကတော့ classified လို့ခေါ်တဲ့ လျှို့ဝှက် စာတမ်းတွေဖတ်ရမှ အတိအကျ အသေအချာ ပြောနိုင်မှာပါ။ အမေရိကန်ရေတပ်က ၆ဝ% ကို တရုတ်ကိုရင်ဆိုင်နိုင်ဖို့ ပစိဖိတ်သမုဒ္ဒရာ ရေတပ်ဘက် ပို့ထားပါတယ်။ တရုတ် ရေတပ်ရဲ့အင်အားက
တပ်သားဦးရေ - ၂၅၅,ဝဝဝ

ရေပေါ်စစ်သင်္ဘော

ဖျက်သင်္ဘော: ၂၆
ဖရီးဂိတ်: ၄၉
Medium landing Ship: ၃၁
အလျင်အမြန်တိုက်ခိုက်ရေးရေယာဉ်း ၂ဝဝ ကျော်

ရေငုပ်သင်္ဘော
SSBN: ၃ စီး
SSN: ၅ မှ ရ စီး
SSK: ၅၆

ရေတပ်၏လေတပ်
တပ်သားဦးရေ  - ၂၆,ဝဝဝ  
လေယာဉ် - ၄ဝဝ မှ ၅ဝဝ အစီး
ကုန်းတက်တပ်သား(မရင်း) တပ်အင်အား   ၁ဝ,ဝဝဝ

အဓိကကျသော ရေတပ်စခန်းများ
•    Lushun
•    Qingdao
•    Shanghai (Wusong)
•    Zhoushan
•    Fuzhou
•    Xiamen
•    Guangzhou
•    Zhanjiang
•    Yulin
James R. Holmes and Toshi Yoshihara တို့ရေးတဲ့ စာတမ်အရ ပဋိပက္ခဖြစ်ခဲ့သော် အမေရိကန် တို့ဘက် စစ်ရေယာဉ်  ၂၈၅ စီးအပြင် အောက်ပါရေတပ်များကို အားကိုးမိတ်ဖက်ပြုနိုင်ပါတယ်။

ဂျပန် ၁၄၇ စီး  ( Aegis Cruisers နှင့် Helicopter Carriers) အပါအဝင် တောင်ကိုရီးယား ၈၅ စီး၊ သြတြေးလျ ၅၆ စီး၊ တိုင်ဝမ် ၁ဝဝ စီး၊ အမေရိကန်အင်အားနှင့် ပေါင်းခဲ့သော် အင်အားမနည်းပါ။

မနေ့တနေ့ကပဲ တရုတ်အစိုးရက သူ့ရဲ့စစ်တပ်အသုံးစရိတ်ကို ၁၂.၅% ပိုတိုးသုံးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက အာကာသလေဟာပြင် (Space)နဲ့ တချို့အသုံးစရိတ်တွေ မပါသေးဘူး။ ကမ္ဘာမှာ နိုင်ငံတိုင်းဟာ စစ်အသုံးစရိတ်တွေကို လျော့ချနေရချိန်မှာ တနှစ်ထက်တနှစ် ၁ဝ%ကျော်ကျော် တိုးသုံးနိုင်တာ တရုတ်ပဲရှိတာကိုး။ သို့သော် အမေရိကန်ဘတ်ဂျက်က ဘီလျံ ၅ဝဝ ကျော်တာမို့ တရုတ်သုံးငွေဟာ ၁ဝချိုးတချိုးပဲ ရှိပါသေးတယ်။

သို့သော် များများအော် ကျယ်ကျယ်အော်မှ မိမိတို့ဘတ်ဂျက်လည်း မလျော့မှာကိုး။ တရုတ်ရေတပ်ဟာ အမေရိကန်ရေတပ်ကိုမီဖို့ရာ အနည်းဆုံး အနှစ် (၂ဝ) လောက် လိုပါသေးတယ်။ သို့သော် အန္တရာယ်ကို လက်ညှိုးထိုးထားမှ မိမိတို့လည်း ဘတ်ဂျက် အဖြတ်မခံရမှာ ဖြစ်ပါတယ်။

Most read this week