ယခု ရက်ပိုင်းအတွင်း လားရှိုး-မိုင်းရယ်ဖက်သို့ စစ်ကားနှင့် နအဖ စစ်အင်အား ထပ်မံပို့ဆောင် ဖြည့်တင်းပြီး နောက်ပိုင်း SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးလက်လူထု ခရီးသွားလာမှု ခက်ခဲကာ ...
ယခု ရက်ပိုင်းအတွင်း လားရှိုး-မိုင်းရယ်ဖက်သို့ စစ်ကားနှင့် နအဖ စစ်အင်အား ထပ်မံပို့ဆောင် ဖြည့်တင်းပြီး နောက်ပိုင်း SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးလက်လူထု ခရီးသွားလာမှု ခက်ခဲကာ ကားခလည်း ၃ ဆအထိ တက်သွား ကြောင်း သျှမ်းပြည်မြောက်ပိုင်းမှ လာသော သတင်း အရ သိရသည်။
“ဒီလ ၂ ရက် မနက်အစောကြီး သီပေါကနေ လားရှိုးကို ၆ ဘီးစစ်ကား ၁၀ စီး ရောက်တယ်။ နောက်ပြီး မနက်ပိုင်း ကျောက်မဲကနေလဲ ရ စီးထပ်တက်လာတယ်။ ၃ ရက်နေ့ကျတော့ မန္တလေးကနေ ၃၆ စီး ရောက်လာပြန်တယ်။ အစီးတိုင်းမှာစစ်သားတွေ ပြည့်နေတာဘဲ။ တန့်ယန်းဖက် ဆက်သွားမယ်လို့ တချို့ကပြောတယ်” ဟု လားရှိုးမြို့နေ ဈေးဆိုင်ဖွင့်ထားသူတဦး ကပြောသည်။
ထိုသို့စစ်အင်အား ထပ်မံပို့ဆောင်ဖြည့်တင်းခြင်းမှာ စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာဖြင့် ရေမနှောက်ဘဲ ငါးလဲဖမ်းမိ စေသည့် နည်းလမ်းဖြစ်နိုင်ကြောင်း နယ်စပ် အခြေစိုက်အကဲခတ်များက ပြောသည်။
“ပထမတစ်သုတ် ၁၇ စီးက သီပေါအဝင် နမ့်တူတံတားသစ်လုံခြုံရေးအတွက်လို့ပြောပြီး မိုင်းရယ်ဖက်ရောက် သွား တယ်။ SSPP/SSA ထိန်းချုပ်နယ်မြေရဲ့မြောက်ဖက်အရပ်မှာထပ်နေရာယူလာတာပေါ့။ စစ်အင်အား အသင့် ဖြစ်ပြီးရင်တော့ ပိုမိုခြိမ်းခြောက်ဖိအားပေးလာနိုင်တယ်။ အခုသူတို့ လုပ်နေတဲ့ပုံက ဖြတ်လေးဖြတ်ပုံစံလေ ” ဟု လားရှိုးဒေသခံတဦး ကလည်းပြောသည်။
၎င်းကဆက်ပြောသည်မှာ“ ပြီးခဲ့တဲ့လက ကြေငြာတဲ့ ယူအဲန်အက်ဖ်စီ နဲ့ပြည်ထောင်စုတပ်မတော် ဆိုတာကလဲ ကြည့်ရတာက ခုခံကာကွယ်ဖို့၊ တိုက်ခိုက်ဆန့်ကျင်ဖို့ ဆိုတာထက် နအဖကိုကမ်းလှမ်းဆေါးနေါးဖို့တံခါးဖွင့် ထားဆဲ၊ ညှိနှိုင်းအပေးအယူလုပ် ဈေးဆစ်ဖို့ လိုလားဆဲ တွေ့ရတယ်။ ဗမာစစ်တပ်ဖက်ကလဲ အကြမ်းဖက်စစ်ရေးနည်းနဲ့ တိခနဲဖြတ် လိုက်တာမဟုတ်ဘဲ လေရှူပေါက်လေးထားပေးတာကိုး။ တင်းလိုက်လျှော့လိုက်-ပိတ်လိုက် ဖွင့်လိုက် ကစားနေ တယ်လို့ယူဆရတယ်” -ဟုဆို၏။
ထိုသို့စစ်အင်အားဖြည့်နေသည့်ကြားမှ SSPP/SSA ထိန်းချုပ်နယ်မြေ ဝမ့်ဟိုင်းသို့ဖြတ်သန်းမည့် အဖက်ဖက်မှ ကားလမ်းကိုလည်း အာဏာပိုင်တို့ပိတ်ထား သဖြင့် ခရီးသွားကျေးလက်လူထုအဖို့ အခက်အခဲဖြစ်နေရကြောင်း ဝမ့်ဟိုင်းမှ ဒေသခံတဦး ကလည်းပြောသည်။
“အရင်က ဝမ့်ဟိုင်းကနေ လားရှိုးသွားရင် ၆ နာရီလောက်ဘဲကြာတယ်။ အခုစိန်ကျော့မှာ တညသွားအိပ်ရတယ်။ ကားခ ကလဲ တယောက် ၁၂၀၀၀ - ၁၅၀၀၀ ကနေ အခု ၄၅၀၀၀ ကျပ် အထိ တက်သွားတယ်။ ခရီးလဲပိုကြာ ပိုက်ဆံလဲပိုကုန် တာပေါ့ ” ဟု ကျေးသီး-မိုင်းရယ်- လားရှိုး ကားဆရာတဦးကလည်း ပြောသည်။
ဖေဖော်ဝါရီ ၂၄ ကစ၍ SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအားဖြတ်သန်းသည့် လားရှိုး-မိုင်းရှူး၊ တန့်ယန်း-မိုင်းရှူး၊ တောင်ကြီး - မိုင်းရှူးကားများ နအဖစစ်တပ်ကပိတ်လိုက်သဖြင့် ကျောင်းသားများ မိဘများနှင့် ကုန်သည်များ အပါအဝင်ဒေသခံ လူထု အခက်အခဲများစွာတွေ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။