အဲဒီနေ့က ကျမတို့အိမ်မှာ ဗိုလ်ကြီးအောင်ကို ထမင်းစားပြီး ကျမတို့ကို စည်းရုံးသိမ်းသွင်းနေတာ ညနေ ၄ နာရီ ထိုးခါနီးမှ ပြန်သွားတယ်။ အမေ့ကိုလည်း အမေအမေနဲ့ တလေးတစားကို ဖြစ်နေတာ ...
အဲဒီနေ့က ကျမတို့အိမ်မှာ ဗိုလ်ကြီးအောင်ကို ထမင်းစားပြီး ကျမတို့ကို စည်းရုံးသိမ်းသွင်းနေတာ ညနေ ၄ နာရီ ထိုးခါနီးမှ ပြန်သွားတယ်။ အမေ့ကိုလည်း အမေအမေနဲ့ တလေးတစားကို ဖြစ်နေတာ သည်းခံပြီး နားထောင်ချင်စိတ် မရှိလောက်အောင်ကို မြင်ပြင်းကပ်လာတယ်။ ကျမတို့မောင်နှမတွေကိုလည်း ပေးလိုက်တဲ့ အခွင့်အရေးတွေက မက်မောစရာပဲ။ အတော်စိတ်ရှည်ရှည်နဲ့ကို သေချာပြောပြနေတာလေ။ အကိုကြီးတယောက်က ညီငယ်၊ ညီမငယ်တွေကို ထွန်းပေါက်စေချင်တဲ့ စိတ်နဲ့ နားချနေသလိုပါပဲ။ အမေ့ကိုလည်း သားတယောက်အနေနဲ့ဆိုပြီး ပြောနေလိုက်တာများ တကယ့် မိသားစုဝင်တယောက်အလား မှတ်ရတယ်။
သာမန်အချိန်တွေမှာဆို ယုံချင်စရာပါ။ အခုလို ကူညီဖို့ ကမ်းလှမ်းတဲ့အတွက်လည်း ကျမတို့က ကျေးဇူးရှင်ကြီးအဖြစ် ကျေးဇူးတင်လို့ကို ဆုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ သူက ဦးဇင်းကို ဖမ်းနိုင်ဖို့အရေး အဓိက တာဝန်ယူထားရသူတဦး ဖြစ်နေတော့ ဦးဇင်းကို ဖမ်းနိုင်ဖို့အတွက် ကျမတို့က ပူးပေါင်းဆောင်ရွက်အောင် သူတို့ဘက်က အခွင့်အလမ်းတွေ ဖွင့်ပေးနေတာပဲလို့ ကျမ မြင်မိတယ်လေ။ ဒါကြောင့် ဒီလိုမူမမှန်တဲ့ အခွင့်အရေးတွေ၊ အနှောင်အဖွဲ့နဲ့ ကူညီတာမျိုးတွေကို လုံးဝလက်မခံနိုင်ဘူးလို့ ငြင်းလိုက်တော့တယ်။
‘‘ညီမက စီးပွားရေး အထူးပြုဘာသာရပ်နဲ့ ဘွဲ့ရထားတာဆိုတော့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှာ ကျူတာလုပ်ပေါ့။ အကိုပြောပေးမယ်’’ ဆိုပြီး စလာတယ်။
ကျမကတော့ ငြင်းတယ်။ ‘‘ကျမသင်ခဲ့ရတဲ့ ပညာရေးက ဒီလောက်အဆင့်မီတာ မဟုတ်ဘူး။ အထင်မကြီးပါနဲ့’’။
‘‘ဘာပဲဖြစ်ဖြစ် အလုပ်ဝင်ဖို့ပဲ စဉ်းစားထား နောက်ကျတော့ အဆင်ပြေသွားပါလိမ့်မယ်’’။
ကျမက ထပ်ပြောတယ်။ ‘‘တကယ်ပြောတာပါ။ ကျမက အဝေးသင်တက္ကသိုလ်မှာ တက်ခဲ့ရတာ။ ဘွဲ့လက်မှတ်တခု ရထားတာကလွဲပြီး စနစ်တကျ လေ့လာခဲ့ရတာ မဟုတ်ဘူး’’
သူကလည်း လက်မလျှော့ဘူးလေ။ ‘‘မဟုတ်ပါဘူး၊ အဲဒါတွေကို ဂရုမစိုက်မနေနဲ့။ လောလောဆယ် အလုပ်ရဖို့က အရေးကြီးပါတယ်။ အကိုပြောလိုက်တာနဲ့ ကျူတာ တန်းခန့်မှာ။ ဘယ်သူမှ ကွန်ပလိမ်း မတက်စေရဘူး။ စက်မှုဇုန်နားဆိုတော့ အိုးမကွာအိမ်မကွာနဲ့ ပိုအဆင်ပြေတာပေါ့’’ တဲ့။
ကျမကတော့ လက်မခံနိုင်ပါဘူးလို့ပဲ တွင်တွင်ကြီး ငြင်းလိုက်တယ်။
ကျမနဲ့ စကားပြောလို့ သိပ်အဆင်မပြေ ဖြစ်လာတော့ အောင်ကိုကိုလွင်နဲ့ လွင်မောင်မောင်တို့ဘက်ကို လှည့်ပြီး ‘‘ညီတို့ကော ကျောင်းပြီးပလား’’ လို့ မေးပြန်တယ်။
အမေကပဲ ဝင်ဖြေပေးတယ်။ ‘‘မပြီးကြသေးဘူးကွယ်။ စီးပွားရေး အခြေအနေတွေကြောင့် မောင်နှမတွေ တလှည့်စီပဲ ကျောင်းပြီးအောင် လုပ်နေကြရတယ်’’။
‘‘သြော်.. ဟုတ်လား.. ပညာရေးကိုတော့ ဆုံးခန်းတိုင်အောင် ဆက်သင်ကြပေါ့။ ဒီခေတ်က ပညာမတတ်လို့ မဖြစ်ဘူး၊ ဘွဲ့တခုခုတော့ ရအောင်ယူထားနိုင်မှ ဘဝအာမခံချက် ရှိတာ’’။
ဒီတော့ ကျမက ဝင်ပြီး ထောက်ပြလိုက်တယ်။ ‘‘ကျောင်းပြီးမှ ဘွဲ့ရပညာတတ်လို့ မဆိုနိုင်ပါဘူး။ ဘွဲ့လက်မှတ်ကြီး ကိုင်ထားပြီး ဘာမှ လုပ်မရသူတွေ တပုံကြီးကို။ အခု ကျမဆိုရင်လည်း အလုပ်က ရှာရခက်လိုက်တာ မပြောနဲ့တော့။ ရတဲ့ အလုပ်ကျတော့လည်း တယောက်စာ ထမင်းစားဖို့တောင် မလုံလောက်တဲ့ လစာနဲ့ ဘယ်လို လုပ်ရပ်တည်ပါ့မလဲ။ အဲဒါကြောင့် ကျမ အိမ်ဆိုင်ဖွင့်ပြီး စျေးရောင်းနေရတာ’’ ဆိုပြီး ပြောလိုက်တယ်။
တကယ်လည်း ဟုတ်တယ်။ ဘွဲ့ရပညာတတ်လေးတွေ ကားစပယ်ယာ ဖြစ်နေတာ။ ဆိုက္ကားသမား ဖြစ်နေတာ။ ကုန်ထမ်းနေရတာ။ လမ်းဘေးမှာ ကွမ်းယာရောင်းနေရတာတွေ တပုံကြီးလေ။
မြန်မာလူမျိုးတွေက အင်္ဂလိပ်စာ ပိုသွက်ကြတယ်။ ဆိုက္ကားသမားကအစ အင်္ဂလိပ်လို ထမင်းစားရေသောက်တော့ ပြောနိုင်တယ်။ နိုင်ငံခြားသားတယောက်ကို သဒ္ဒါနည်းကျကျ မပြောတတ်ပေမယ့် အဆင်ပြေအောင်တော့ ဆက်ဆံနိုင်တယ်ဆိုပြီး ပြောဆိုချီးမွမ်းကြတာ ကြားဖူးတယ်။ အဲဒါကို လူငယ်တယောက်က ပြန်ရှင်းပြတာလည်း မှတ်သားလောက်တယ်။ ‘‘ပြောနိုင်တာပေါ့ဗျာ။ ကျနော်တို့ မြန်မာပြည်က ဆိုက္ကားသမားဆိုတာက ၁ဝ တန်းအောင်၊ ဘွဲ့ရတွေ များနေတာကိုး’’ တဲ့။
ကျမတို့မောင်တွေတောင် ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသားတွေလေ။ တခြားအလုပ် မလွယ်လို့ ဆိုင်ကယ်ဝပ်ရှော့ဆိုင် ဖွင့်ပြီး၊ ကိုယ်ပိုင်အလုပ်နဲ့ ဝင်ငွေရှာနေကြရတာ။ အဲဒါတောင် အမေတို့က ရှိစုမဲ့စုလေးနဲ့ အရင်းတည်ပေးထားနိုင်လို့ အဆင်ပြေတာပါတော်လို့ အမေက ပြောပြတော့ ဗိုလ်ကြီးအောင်ကိုက ‘‘ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပူပါနဲ့။ အားငယ်စရာလည်း မလိုဘူး။ လိုသလောက်ပြော၊ အကို လစဉ်ထောက်ပံ့ပေးမယ်။ ကျောင်းပြီးအောင်သာ မင်းတို့ကြိုးစားကြကွာ’’ ဆိုပြီး ကျမ မောင်တွေကို စည်းရုံးနေတယ်။ ဒါပေမဲ့ ကျမ မောင်တွေက လက်မခံကြသလို အမေကလည်း လက်မခံပါဘူး။ ဗိုလ်ကြီးအောင်ကိုကတော့ အတော်စိတ်ရှည်ပုံရတယ်။ ကျမတို့ဘက်က သိပ်ပြီး လိုက်လျောညီထွေ မဆက်ဆံပေမယ့်လည်း သူကတော့ သွေးအေးအေးနဲ့ စိတ်ရှည်ရှည်ထားပြီး စည်းရုံးနေလေရဲ့။
ထမင်းစားလိုက် ဟိုဟိုဒီဒီ ရောက်တတ်ရာရာ ပြောလိုက်။ ထမင်းစားပြီးတော့လည်း လက်ဖက်နဲ့ ရေနွေးကြမ်းလေး သောက်လိုက် အလ္လာပသလ္လာပတွေ ပြောလိုက်နဲ့ အတော့်ကို အချိန်ပေးပြီး၊ ကျမတို့နဲ့ တရင်းတနှီး ဖြစ်အောင်ကို ပြောဆိုဆက်ဆံနေတာ။ အတော်လည်း ပါးပါးနပ်နပ် ရှိလှပါပေတယ်။
‘‘ငယ်ငယ်က အတော်လှမှာပဲနော်။ ခုတောင်မှ အမေ့အလှက ရိုးရိုးယဉ်ယဉ်နဲ့ မြန်မာဆန်လိုက်ပုံများ တကယ့်ကို ကျက်သရေရှိတာပဲ’’။
အမေကတော့ ရီပဲနေတယ်။
ပြီးတော့ ကျမတို့ဘက်ကို လှည့်လာတယ်လေ။
‘‘အမေမွေးတဲ့ သားသမီးတွေကလည်း ထက်ထက်မြက်မြက်နဲ့ တော်ကြတာပါပဲ။ မိဘအပေါ်လည်း သိတတ်တယ်။ ပြီးတော့ အခုထိ အိမ်ထောင်မပြုကြသေးဘူးဆိုတာက ခပ်ရှားရှားရယ်။ အခုခေတ်က ခုမြင်ခုကြိုက် ခုလိုက်တာများတယ် အမေရဲ့။ အေးလေ၊ အမေက တကယ့် အမေပီသတာကိုး။ အမေ့သားသမီးတွေက အမေ့ကို ချစ်ကြတာလည်း မပြောနဲ့၊ ကျနော်လို ခုမှ တွေ့ဖူးမြင်ဖူးသူကတောင် အမေ့ကို ကိုယ့်အမေလို စိတ်မှာ မှတ်ယူထားတာသာ ကြည့်တော့’’။
အဲဒီအချိန်မှာ ကျမက အသက် ၃၂ နှစ်ရှိနေပေမယ့် အိမ်ထောင်မပြုဖြစ်သေးဘူး။ အောင်ကိုကိုလွင်နဲ့ လွင်မောင်မောင်တို့ကလည်း ၂ဝ ကျော်၊ ၃ဝ နားတွေပဲ။ တယောက်မှ အိမ်ထောင်မကျသေးမှန်းသိလို့ သူက အဲဒါကို ချီးမွမ်းခန်းဖွင့် နေတာလေ။
တကယ်တမ်းပြောရရင် ကျမတို့အမေက မြန်မာဆန်ဆန်နေတယ်၊ စေတနာကောင်းကောင်းထားတယ်၊ လူကြီးလူကောင်းစိတ် မွေးတယ်ပေါ့နော်။ ဒါကြောင့် အမေနဲ့ တွေ့သူအတော်များများက အမေ့ကို ချစ်ကြတယ်။ အမေ စာသင်ပေးခဲ့ဖူးတဲ့ ရွာနီးချုပ်စပ်ကဆိုရင် နှစ်တိုင်း ဆရာကန်တော့ပွဲလုပ်တုန်း။ ပြာသိုလ်လမှာ ကျင်းပတဲ့ ဆရာကန်တော့ပွဲဆို အမေ့ကိုလည်း မဖြစ်မနေရောက်အောင်ကြွဖို့ အမြဲနားပူတိုက်နေကျလေ။ တခါတလေ ခရီးသွားဟန်လွှဲ ရောက်ရင်တောင်မှ ပေးလိုက်ကြတဲ့ လက်ဆောင်တွေဆိုတာ မနည်းဘူး။ တချို့ လက်ဆောင်ပေးသူတွေက ကျပ်တည်းဆင်းရဲကြတာ အမေက သိတော့ မယူရက်ဘူး။ ဒါပေမဲ့ သူတို့စေတနာကို အသိအမှတ် မပြုတာလား၊ မျက်နှာမွဲကန်တော့တာကို မခံချင်လို့လား စသဖြင့် တန်းညှိကြတော့ အမေလည်း အသည်းမမာနိုင်တော့ဘူးပေါ့လေ။
ကျမတို့လည်း အမေ့ရဲ့ သားသမီးဖြစ်ရတာ အတော်ကို ကျေနပ်နေခဲ့မိပါတယ်။ အမေရဲ့ မိတ်ဆွေအများစုက ဆရာမသမီး၊ ဆရာမသားတွေ ဆိုပြီး ကျမတို့ကို တလေးတစားနဲ့ကို ဦးစားပေးတတ်ကြတာကိုး။
အမေကတော့ သူ့ကို ဗိုလ်ကြီးအောင်ကိုက မြှောက်ပင့်ပြောနေမှန်း သိပေမယ့် အဆင်ပြေအောင်သာ ရေလိုက်သင့် ငါးလိုက်သင့်ပြောပြီး ဧည့်ခံပေးနေတယ်။ ကျမတို့ကတော့ ခပ်တည်တည်ပဲ နေကြတယ်။ ပလီပလာ အတော်တတ်တာပဲဆိုပြီး အမြင်ကို ကတ်လာတော့တာ။
နောက် စကားလမ်းကြောင်း တည့်လာတော့ အမေ့ကို သူ့အမေအရင်းလိုပဲ သဘောထားပါတယ်ဆိုပြီး စတော့တာပဲ။
‘‘တာဝန်တွေ၊ ဝတ္တရားတွေဆိုတာ သပ်သပ်တကဏ္ဍ ထားတာပါ။ သားတယောက်အနေနဲ့ အမေ့ကို ဖြည့်ဆည်းပေးချင်တာ ရှိတယ်။ အမေက အသက်ကြီးပြီဆိုတော့ မြန်မာပြည်အနှံ့ တန်ခိုးကြီးဘုရားတွေကို ဘုရားဖူး လိုက်ပို့ချင်တယ်’’။
အမေက ‘‘လောလောဆယ်တော့ ဘုရားဖူးသွားဖို့ အစီစဉ်မရှိသေးပါဘူးကွာ။ နောင်တချိန်တော့ သွားနိုင်အောင် ကြိုးစားရမှာပေါ့။ မသေခင်တော့ ရောက်နိုင်မယ် ထင်တာပဲ’’။
‘‘ဒါဆိုလည်း နောင်တချိန်မှာတော့ အမေ့ကို ကျနော့်အမေအဖြစ်နဲ့ လိုက်ပို့ခွင့် ရချင်ပါတယ်’’ လို့ ထပ်ပြီး ပြောပြန်တယ်။
ဒီတော့ အမေကလည်း နည်းနည်းတော့ မြင်ပြင်းကတ်လာပုံရတယ်။
‘‘သြော် ဗိုလ်ကြီးရယ်…၊ ဒီအချိန်မှာ ကျမသား ဦးဇင်းတို့ကို ဖမ်းဖို့လာတာပဲ မဟုတ်လား။ ဒါကြောင့် ဒီစကားတွေ ပြောနေတာပါ။ နောင်တချိန်ဆိုတာ ဗိုလ်ကြီးတို့မှာ ရှိသေးလို့လား’’ လို့ ပြောလိုက်တော့ ဗို်လ်ကြီးအောင်ကို ချက်ချင်း စကား မပြန်နိုင်ရှာတော့ဘူး။ စိတ်မကောင်း ဖြစ်သွားတာလား။ ဒါမှမဟုတ် သူရွှေ့တဲ့အကွက်ထဲ ဝင်မလာလို့ စဉ်းစားရ ကျပ်သွားတာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမယ်။
ခဏငြိမ်သွားပြီးမှ ကျနော် ပြန်တော့ပါမယ်ဆိုပြီးသာ နှုတ်ဆက်ပြန်သွားတယ်။ သူထွက်သွားမှ ကျမတို့လည်း စိတ်မကောင်း သလိုလိုတော့ ဖြစ်သွားမိသေးတယ်။ သူ့စေတနာကိုများ စော်ကားလိုက်သလို ဖြစ်သွားမလားပေါ့။ ဘာပဲဖြစ်ဖြစ် သူက ဦးဇင်းနဲ့ အဖေကို ဖမ်းမယ့်သူပဲ၊ သူ့စေတနာဆိုတာလည်း မာယာက ၉ဝ ရာခိုင်နှုန်းလောက် ရှိနေမှာပါလို့သာ တွက်ပြီး စိတ်ကို တင်းထားလိုက်တော့တယ်။
ဗိုလ်ကြီးအောင်ကိုနဲ့ စကားပြောရတာ နည်းနည်းတော့ သက်တောင့်သက်သာ ရှိတယ်လို့ပဲ ပြောရမယ်။ ၄ နာရီဝန်းကျင်လောက် ကြာတယ်ဆိုပေမယ့် ကျမတို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး စတဲ့ အထွေထွေကိစ္စတွေကိုသာ ပြောဆိုဆက်ဆံသွားတာ။ ဦးဇင်းနဲ့ အဖေ့အကြောင်း တခွန်းမှ မဟဘူး။ အဲဒါ ထူးထူးဆန်းဆန်း သူတဦးပဲ ရှိတယ်။ အိမ်ကိုလာတဲ့ နယ်ထိန်းအဆင့်လောက်ကအစ လမ်းတွေ့ရင် ဦးဇင်းတို့သတင်း ဘာကြားသေးလဲဆိုတာနဲ့ နှုတ်ဆက်တာများလို့ အတော်စိတ်တိုစရာတွေချည်း ဖြစ်ဖြစ်နေရတာလေ။
တကယ်တော့ ဒီလိုအခွင့်အရေးတွေပေးပြီး၊ ကျမတို့ မိသားစုကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားကြတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ၈၈ လူထုအရေးတော်ပုံကြီးနောက်ပိုင်း အဖေ ထောင်က လွတ်လာတုန်းကလည်း ဒီလို စည်းရုံးသိမ်းသွင်းတာကို ခံခဲ့ရဖူးပါတယ်။
အဖေ ထောင်က လွတ်လာပြီးနောက် ပေါက်မြို့နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီးတော့ ပေါက်မြို့နယ် ကုန်သည်ကြီးများအသင်းဆိုပြီး တည်ထောင်ကြတဲ့အခါ အများသဘောဆန္ဒနဲ့ အဖေက ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရတယ်။ မြို့နယ်တွင်းမှာရှိတဲ့ ရပ်မိရပ်ဖအနေနဲ့ကော၊ အသင်းတာဝန်ရှိသူအနေနဲ့ပါ အစည်းအဝေးတွေကို မကြာမကြာ တက်ခဲ့ရပါတယ်။ အစည်းအဝေးတခုမှာ မြို့နယ် မဝတ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်မှူးနဲ့ စကားလက်ဆုံကျဖြစ်ရာက အဖေ့ကို စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်သားတဦး ဖြစ်ခဲ့ကြောင်းကို သိသွားခဲ့ပြီး အဖေ့ရဲ့ ပြောပုံဆိုပုံတွေကိုလည်း သဘောကျသွားဟန် တူပါတယ်။ ပေါက်မြို့အလယ်မှာရှိတဲ့ ကျောင်းကြီးဝိုင်းအတွင်းမှာ ဆောက်လုပ်မယ့် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး ကော်မတီမှာ အဖေ့ကို အတွင်းရေးမှူး ခန့်ပါတယ်။ ဗိမာန်တော်ကြီးအတွက် လိုအပ်တဲ့၊ သစ်ဝယ်ယူရေးမှာ တာဝန်ပေးပြီး သစ်တင်သွင်းခွင့် ပါမစ်တွေ ချပေးမယ်လို့ ပြောပေမယ့့် အဖေက သစ်ပါမစ်ကို လက်မခံခဲ့ပါဘူး။ သစ်ပါမစ်ရှိသူတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နားလည်မှုယူပြီး တရားဝင် ခွင့်ပြုတဲ့ သစ်တန်ချိန်ထက် ပိုတဲ့ သစ်တွေကို ပခုက္ကူ-ကမ္မ စတဲ့ မြို့တွေကို တင်ပို့ရောင်းချနိုင်တာ။ ရောင်းချနေကြတာကြောင့် အဖေက လက်မခံခဲ့တာပါ။
၁၉၉၅-၉၆ ဝန်းကျင်လောက်မှာလည်း အဖေ့ကို ကျောက်ထု၊ မင်းတပ်၊ ယော၊ ဆော စတဲ့ ဒေသဘက်တွေကို သွားတဲ့ ကားလမ်းဆုံ တနေရာမှာ ဂိတ်ဖွင့်တယ်။ ဒေသစုံက ဝင်လာတဲ့ ကားတွေဆီကနေ နှုန်းသင့်ပြီး ဂိတ်ကြေးကောက်ရာမှာ အဖေ့ကို ဂိတ်မှူးခန့်ဖို့ စီစဉ်ကြပြန်ပါတယ်။ အဲဒိအတွက် ပေ ၄ဝ-၆ဝ ရှိတဲ့ မြေကွက် ၄ ကွက် တွဲပေးမယ်။ တယ်လီဖုန်းလိုင်း ချပေးမယ်။ မီတာဘောက်တွေ ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဖေကလည်း မလုပ်ချင်တဲ့အပြင် အမေကလည်း ကန့်ကွက်ခဲ့တာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။
ဒီလိုအခွင့်အရေးတွေနဲ့ မကြာမကြာ စည်းရုံးသိမ်းသွင်းနေပေမယ့် အဖေကတော့ ခေါင်းမာမာနဲ့ပဲ ဆက်ပြီး ငြင်းဆန်နေတာပါပဲ။ အမေကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူကို အကျိုးမပြုတဲ့ လုပ်ငန်းမျိုးကို ကန့်ကွက်လေ့ရှိတာကြောင့် အာဏာပိုင်တွေအနေနဲ့ အဖေ့ကို ကမ်းလှမ်းတိုင်းမှာ တခုမှ အထမမြောက် ဖြစ်နေခဲ့ပါတယ်။
အဲဒီတုန်းက အမေပြောခဲ့တဲ့ စကားလေးကို ကျမ မှတ်မိနေသေးတယ်။ ‘‘ပုထုဇဉ်လူသားတဦးဖြစ်လို့ ဒီလို အဆောင်အယောင်တွေကို မက်မောတာ ရှိပေမယ့်၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်သီလကိုတော့ ဒီအဆောင်အယောင်တွေကြောင့် ထိခိုက်တာမျိုး အဖြစ်မခံနိုင်ဘူး’’ တဲ့။
အခု ကျမလည်း အမေ့သမီး ပီသစွာနဲ့ အမေ့လို စိတ်ဓာတ်မျိုးကိုပဲ မွေးနေမိတော့တယ်။
ကျမကို မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှာ အလုပ်လုပ်ဖို့ ဗိုလ်ကြီးအောင်ကိုက ကမ်းလှမ်းတယ်ဆိုတာကို မိတ်ဆွေတချို့သိတော့ သူတို့က နှမျောနေကြတယ်လေ။ ‘‘ဒီလိုအခွင့်အရေးမျိုးဆိုတာ ရတောင့်ရခဲ’’ တဲ့။ လက်လွတ် မခံသင့်ဘူး ဆိုတာတွေက ပါသေး။
တချို့တွေ တက္ကသိုလ်မှာ ကျူတာဖြစ်ဖို့ကို တကူးတက လိုက်နေရတော့ သူတို့လည်း နှမြောကြတာ ရှိမှာပေါ့နော်။ တက္ကသိုလ်ဆရာမတယောက် ဖြစ်ဖို့အတွက်သာ မဟုတ်ပါဘူး။ ဘွဲ့ရတယောက်အနေနဲ့ အလုပ်တခုခု ရဖို့ဆိုရင် သက်ဆိုင်ရာဌာနရဲ့ အကြီးအကဲနဲ့ အဆင်ပြေမှ၊ တနည်းပြောရရင် ငွေကြေးနဲ့ လမ်းခင်းနိုင်မှ၊ အလုပ်ရနိုင်ဖို့ လမ်းစပွင့်ကြတာ များနေတာကိုး။ နောက် ရှိသေးတယ်။ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်ဆိုတာလည်း ပါသေးတယ် ဆိုလားပဲ။ အခု ကျမကိုကျတော့ တိုင်းအဆင့် အရာရှိကြီးကိုယ်တိုင်က အိမ်တိုင််ရာရောက်လာပြီး ကမ်းလှမ်းနေတာဆိုတော့ ရတောင့်ရခဲ အခွင့်အရေးလို့ ထင်ကြတာဖြစ်မှာပေါ့။
ဒါပေမဲ့ ဒီအခွင့်အရေးရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရမယ့် အရင်းအနှီးကိုကျတော့ သူတို့တွေက မြင်ကြတာ မဟုတ်ဘူးလေ။
တကယ်တမ်း ပြောရရင် စာသင်ပေးရတဲ့ အလုပ်ကို ကျမ အရမ်းသဘောကျတာပါ။ ကိုယ်တိုင်လည်း ၁ဝ တန်း ဖြေပြီးကတည်းက ကျူရှင်မှာ ဂိုက်် Guide ပြန်လုပ်ပေးခဲ့ဖူးတဲ့ အတွေ့အကြံု ရှိပါတယ်။ ပြီးတော့ စီးပွားရေး တက္ကသိုလ်ဖြစ်တဲ့အတွက် ကျမ ဝါသနာပါတဲ့ အလုပ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် သာမန်အချိန်မှာ ခင်မင်မှုအရ ကူညီတာဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ကို လက်ခံမိမှာပါပဲ။ အခုလို အချိန်မှာတော့ ဒီလိုအခွင့်အရေးမျိုးက ကျမအတွက် သောကတွေကို ရင်ဝယ်ပိုက်ထားရမယ့် အဖြစ်မျိုးပါ။
ဗိုလ်ကြီးအောင်ကို ပေးတဲ့ အကူအညီကိုသာ လက်ခံလိုက်ရင် ကျမက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတော့မှာ သေချာတယ်။ သူ့ဆန်စား ရဲမှကိုး။ ဦးဇင်းနဲ့ အဖေ့ကို ဖမ်းနိုင်ဖို့အတွက်လည်း ကျမက သတင်းပေးသတင်းယူ လုပ်ရလိမ့်မယ်။ တကယ်တော့ ဆင်ကို ကျုံးသွင်းသလိုမျိုးပဲပေါ့နော်။ တဖြည်းဖြည်းနဲ့ သူတို့လိုချင်တဲ့ ပုံစံမျိုးကို ရောက်အောင် ကျုံးသွင်းယူကြမှာပဲလေ။ အဲလိုဆို ကျမလည်း စိတ်ချမ်းသာရမှာ မဟုတ်ဘူး။ အထက်ဖားအောက်ဖိ စနစ်ကြီးကို ကျမကိုယ်တိုင်က ရွံ့မုန်းနေတာ၊ ဒါကြောင့် အထက်ဖားအောက်ဖိ သံသရာထဲမှာ ဘာအကြောင်းကြောင့်မှ ကျမ အလည်မခံနိုင်ဘူး။ အမေတို့ကလည်း ဒီလိုစနစ်ဆိုးကြီးကို မကြိုက်လို့ အစဉ်အလာနဲ့ကို ငြင်းဆန်ခဲ့၊ ဆန့်ကျင်ခဲ့တာမို့ ကျမကလည်း အမျိုးအနွယ်ကို စောင့်ရှောက်တဲ့အနေနဲ့ ထိန်းသိမ်းဖို့ တာဝန်ကလည်း ရှိပြန်တယ်လေ။
ပြီးတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လူမိုက်အားကိုး၊ လက်နက်အားကိုးနဲ့ ထိန်းချုပ်ထားတဲ့ ခေတ်ကြီးမှာက အာဏာပိုင်တွေ ဘဝင်မကျရင် အချိန်မရွေး အလုပ်ဖြုတ်ခံရတာ အဖမ်းခံရတာမျိုးတွေနဲ့ နေ့မြင်ညပျောက်တွေက အများကြီး။ အခု ကျမကို အလုပ်ခန့်မယ်ဆိုတာတောင် တက္ကသိုလ် အကြီးအကဲတွေက အရည်အချင်းကို စိစစ်ပြီး ကြိုက်လို့ ခန့်ရတာ မဟုတ်ဘူး။ အာဏာကို ကြောက်လို့ ခန့်ကြရမယ့် အဖြစ်မျိုး မဟုတ်လား။ ဒီတော့ အာဏာအားကိုး မရှိတော့တဲ့အချိန် ကျမလည်း မသေချာဘူးလေ။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပဲ တိုက်တွန်းနေနေ ကျမ တွေဝေမနေတော့ဘူး။ ဒီအခွင့်အရေးကြီးကို ခေါင်းမာမာနဲ့ပဲ ငြင်းဆန်နေမိတော့တယ်။