တိုင်းနှင့် ပြည်နယ်မှ ကျေးရွာအဆင့်အထိ မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းများ ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ အသင်းတာဝန်ရှိသူ အဆိုအရ ...
ရန်ကုန် (မဇ္ဈိမ) ။ ။ တိုင်းနှင့် ပြည်နယ်မှ ကျေးရွာအဆင့်အထိ မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းများ ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ အသင်းတာဝန်ရှိသူ အဆိုအရ သိရသည်။
အသင်းဌာနချုပ်မှာ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီဝင်းအနီး ယခင်က တောင်တန်းဒေသ သာသနာပြုမြေနေရာရှိ အဆောက်အအုံတွင် တည်ရှိမည်ဖြစ်ပြီး၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ရွာများအထိ သာသနာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် သတ်မှတ်ထားရှိရမည်ဟု သိရခြင်း ဖြစ်သည်။
အသင်းရည်ရွယ်ချက် ရ ချက်အဖြစ် နိုင်ငံတဝှန်း နယ်စပ်နှင့် တောင်တန်းဒေသများနေ တိုင်းရင်းသားများ ဗုဒ္ဓတရားတော်နှင့်အညီ ကောင်းသော အသက်မွေးဝမ်းကျောင်းဖြင့် စီးပွားရေး၊ လူမှုရေးဘဝ မြင့်မားစေရန်၊ ဗုဒ္ဓအဆုံးအမ ခံယူနိုင်စေရန်နှင့် ရတနာ ၃ ပါးကို မီခိုအားထား ဆည်းကပ်ပူဇော်ခွင့် ရစေရန်၊ စိတ်ထားဖြူစင်၍ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့ဘောင်ဖြစ်ရန်၊ ပါဠိနှင့် မြန်မာဘာသာစာပေများကို တတ်မြောက်ပြီး ဗုဒ္ဓတရားတော်ဆိုင်ရာ ပညာဗဟုသုတ ပြည့်ဝကြွယ်သော သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွန်းစေရန် ပါရှိသည်။
ကျန်အချက်များမှာ နယ်စပ် တောင်ပေါ် မြေပြန့် တိုင်းရင်းသားချင်း ယုံကြည်ချစ်ခင်လေးစားမှု ပိုမို တိုးပွားစေရန်၊ သာသနာပြုရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်များကို သာသနာတော် ပြန့်ပွားရေးကိစ္စများ ဆောင်ရွက်ရာတွင် မပင်မပန်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အထောက်အပံ့ အကူအညီများ လှူဒါန်းပေးနိုင်ရန်နှင့် သာသာနာပြု လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ဖြစ်သည်။
အသင်းတွင် ဗဟိုသာသနာနုဂ္ဂဟအသင်းက အမြင့်ဆုံးဖြစ်ကာ ယင်းနောက်တွင် အဆင့်ဆင့်ထားရှိကြောင်းနှင့် အသင်းရုံးများကို ယခုအခါ ယင်းနေရာအလိုက် ဓမ္မာရုံုကဲ့သို့သော သာသနာနှင့်ဆိုင်သော အဆောက်အအုံတို့တွင် ဆိုင်းဘုတ်တင် ဖွင့်လှစ်နေကာ သီးသန့်နေရာဖြင့် ထားရှိရမည်ဟူ၍ သတ်မှတ်ချက် မရှိကြောင်း မရမ်းကုန်း အသင်းတာဝန်ရှိသူက ရှင်းပြသည်။
အသင်းဝင်အဖြစ် လက်ခံလျက်ရှိရာ ယာယီအသင်းသားအတွက် ဝင်ကြေး ၂၅ဝဝ ကျပ်ကို အသင်းဝင်ကြေးအဖြစ် ကောက်ခံပြီး၊ ရာသက်ပန် အသင်းသားအဖြစ် ကျပ် ၅ သောင်းဟူ၍ ဘဏ္ဍာငွေကြေးဆိုင်ရာ သတ်မှတ်ချက်များတွင် ဖော်ပြထားသည်။
အသင်းဝင်လိုသူသည် (၁) မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် (၂) အသင်းအဆင့်ဆင့်သို့ လျှောက်လိုသူက ၁၂ နှစ်အထက် (၃) နိုင်ငံရေးကင်းရှင်းပြီး အသင်း၏ တိုးတက်ရေးကို စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်သူ (၄) အကျင့်စာရိတ္တ ကောင်း၍ ကိုယ်ကျင့်သိက္ခာနှင့် သီလ၊ သမာဓိတို့ကို ထိန်းသိမ်းနိုင်သူ (၅) အတ္တဟိတနှင့် ပရဟိတကို မျှတစွာ ဆောင်ရွက်နိုင်သူဖြစ်ပြီး၊ အသင်းက လိုအပ်လျှင် မိမိကိုယ်ကျိုးထက် အသင်းအကျိုးကို ဦးစားပေးဆောင်ရွက်နိုင်သူ စသဖြင့် ဖြစ်ရမည့်အပြင် အသင်းဝင်များသည် အသင်း၏ တိုးတက်ရေးအတွက် မိမိတို့ စေတနာအလျောက် လှူဒါန်းငွေများ ထည့်ဝင်နိုင်သည်ဟု သတ်မှတ်ထားသည်။
အသင်းဝင်လျှောက်လွှာ ပုံစံ ၁ တွင် ပြည့်စုံစွာ ဖြည့်သွင်း၍ အသင်းဝင် ၂ ဦး၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်အသင်း အလုပ်အမှုဆောင် ကော်မတီထံ လျှောက်ရမည်ဖြစ်ကာ၊ လျှောက်လွှာကို မြို့နယ် တာဝန်ရှိသူများက ဗဟိုသို့ တင်ပြ၍ ဝင်ခွင့်ပြုမပြု ရယူရမည်။
ဘဏ္ဍာငွေကြေးဆိုင်ရာ သတ်မှတ်ချက်များမှာ (၁) ဗဟို၏ အစီအစဉ်ဖြင့် အလှူရှင်များ၏ လှူဒါန်းငွေနှင့် ပစ္စည်းများကို အလှူခံရယူခြင်း (၂) အသင်းဝင်များသည် မိမိတို့စေတနာအလျောက် လှူဒါန်းနိုင်ခြင်း (၃) အနည်းဆုံး ၂၅ဝဝ ကျပ် လှူဒါန်းသူကို ဂုဏ်ထူးဆောင် အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း (၄) လှူဒါန်းငွေ ကျပ် ၅ သောင်းနှင့်အထက် လှူဒါန်းသူကို ရာသက်ပန်အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယင်းအတိုင်း အသင်းအဆင့်အဆင့်တွင် ဆောင်ရွက်မည်ဖြစ်သည်။
အလုပ်အမှုဆောင်ကော်မတီသည် အသင်းပိုင်ငွေများ၊ စေတနာရှင်များ၏ လှူဒါန်းငွေနှင့် ပစ္စည်းများကို ဘဏ္ဍာငွေ သုံးစွဲမှု စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း ပြုရမည်ဖြစ်ကာ၊ ငွေကြေးနှင့် ပစ္စည်းများ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့်် စပ်လျဉ်း၍ စနစ်တကျ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်း ရှိမရှိ စစ်ဆေးနိုင်ရန် စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းထားမည်။
ထူးကဲပြောင်မြောက်စွာ တာဝန်ထမ်းဆောင်သော သာသနာပြု ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များကို သာသနာနုဂ္ဂဟဘွဲ့တံဆိပ်၊ သာသာနာပြုဘွဲ့တံဆိပ်တို့ကို မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းက ချီးမြှင့်မည်။
တာဝန်ပေးအပ်ခံရသော ရဟန်းတော်သည် ဝိနည်းသိက္ခာ တစုံတရာ ဖောက်ဖျက်ကျူးလွန်ကြောင်း ပေါ်လွင်ပါက ဝိနည်းစည်းကမ်းနှင့်အညီ သြဝါဒါစရိယ ဆရာတော်များ ပေးအပ်သော အပြစ်ဒဏ်ကို ခံယူရမည်။ အသင်းဝင်က ပြစ်မှုကျူးလွန်သည့်အတွက် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်ချမှတ်ခံရလျှင် အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။
အသင်းဖွဲ့စည်းပုံမှာ သြဝါဒါစရိယ ဆရာတော်များအဖွဲ့့က အမြင့်ဆုံးဖြစ်၍ ယင်းအောက်၌ ပြည်နယ်နှင့် တိုင်း သြဝါဒါစရိယ ဆရာတော်များအဖွဲ့့နှင့် ဗဟိုနာယကအဖွဲ့ ရှိသည်။ ထိုကဲ့သို့ပင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာမှာ အဆင့်ဆင့် ဖွဲ့စည်းထားသည်။ အလုပ်အမှုဆောင် အဖွဲ့များမှာလည်း ထိုနည်းတူစွာ ဖြစ်သည်။
ဗဟိုနာယကအဖွဲ့အောက်မှ ကော်မတီများတွင် လူပုဂ္ဂိုလ်များသာ ပါဝင်ကာ ယင်းတို့တွင် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊ စာရိတ္တမြင့်မားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် သုံးစွဲရေး၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ကော်မတီများကိုပါ ထားရှိသည်။
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်နှင့် ရပ်ကွက် အဆင့်အသီးသီး၌ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းရုံးခန်းများ ဖွင့်လှစ်လျက်ရှိကာ၊ ယင်းကို ကြံ့ဖွံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစီးဆောင်ရွက်ပြီး ဗဟိုအဆင့်ဥက္ကဋ္ဌမှာ ကမ္ဘောဇ ဦးခင်ရွှေ ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခရိုင်ရှိရာ တခရိုင်လျှင် ဥက္ကဋ္ဌတဦး၊ တမြို့နယ်လျှင် ဥက္ကဋ္ဌတဦး၊ ရပ်ကွက်တခုလျှင် ဥက္ကဌတဦးစီ ခန့်အပ်တာဝန်ပေးထားသည်။
ယင်းအသင်းရုံးများကို ရပ်ကွက်နှင့် မြို့နယ် ဓမ္မာရုံများတွင် ထားရှိပြီး၊ ငှားရမ်းအသုံးပြုခြင်း မဟုတ်ဘဲ အမိန့်အရ (အထက်က ညွှန်ကြားချက်အတိုင်း) ထားရှိကြောင်း မရမ်းကုန်း တာဝန်ရှိသူ အဆိုအရ သိရသည်။
အသင်းကို ၂ဝဝ၈ ခုနှစ်တွင် ဦးခင်ရွှေက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သူသည် ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သည်။