နယ်စပ်အခြေစိုက် ဒုက္ခသည်စခန်း ၉ ခုမှ ၄ နှစ်အတွင်း တတိယနိုင်ငံသို့ ထွက်ခွါသွားသည့် မြန်မာဒုက္ခသည် ဦးရေ ၆၅ဝဝဝ ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်စပ်အခြေစိုက် ဒုက္ခသည်စခန်း ၉ ခုမှ ၄ နှစ်အတွင်း တတိယနိုင်ငံသို့ ထွက်ခွါသွားသည့် မြန်မာဒုက္ခသည် ဦးရေ ၆၅ဝဝဝ ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် Thai Burma Border Consortium-TBBC က ထုတ်ပြန်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျံ၊ ထမ့်ဟင်၊ နို့ဖိုး၊ ဘန့်ဒုံယမ်း၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ ရှိ စစ်ပြေးဒုက္ခသည်များ နိုင်ငံရေးခိုလှုံသူများကို ၂ဝဝ၆ မှ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလထိ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် တတိယနိုင်ငံများသို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများအဖွဲ့ International Organization of Migration, IOM က စီမံ၍ ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ထိုစခန်းများမှ တတိယ နိုင်ငံများသို့ ထပ်မံပို့ဆောင်ရန် ၁၁၁ဝ၇ ဦး ကျန်ရှိသေးသည်။
ထိုအနက်မှ အမေရိကန် ပြည်ထောင်စုသို့ ၉၅၃၈ ဦး၊ သြစတေးလျ ၈၅၇ ဦး၊ ကနေဒါ ၃၃၉ ဦး၊ ဖင်လန် ၁၂၃ ဦး၊ ဆွီဒင် ၈ဝ ဦး၊ နယ်သာလန် ၅ဝ ဦး၊ နော်ဝေး ၅ဝ ဦး၊ ဂျပန် ၂၇ ဦး၊ ဗြိတိန် ၄ ဦး၊ နယူးဇီလန် ၅ ဦး၊ ဒိန်းမတ် ၈ ဦးနှင့် အခြားနိုင်ငံများသို့ ၂၆ ဦး သွားရမှာဖြစ်သည်။
“တတိယနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ များပါတယ်။ အများစုကတော့ အမေရိကန်ကို ရောက်သွားကြတာ များတယ်” ဟု ကရင်ဒုက္ခသည်ကော်မတီ KRC အတွင်းရေးမှူး ဆရာ ဂျော့က မဇ္စျိမကို ပြောသည်။
ဒုက္ခသည်များသည် အခြေချမည့် နိုင်ငံ၏ ဘာသာစကားနှင့် နေထိုင်မှု ပုံစံများကို လေ့လာသင်ကြားပြီးပါက ၎င်းနိုင်ငံများရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကြလေ့ရှိကြောင်း သူက ဆက်ပြောသည်။
TBBC သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ ဒုက္ခသည်များအား စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၄ဝ ၄၅၂ ဦးကို အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။
ထို့ပြင် မြန်မာပြည်တွင်း စစ်ပွဲများကြောင့် ထွက်ပြေးလာရသည့် ဒေသခံ တိုင်းရင်းသား ယာယီဒုက္ခသည်များကိုလည်း အမိုးအကာနှင့် အစားအသောက်များ ကူညီပံ့ပိုးပေးခဲ့သေးသည်။
ယခုအခါတွင်မူ စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စခန်းများအတွင်းရှိ ဒုက္ခသည်များကိုပါ ယခင်နှစ်များကဲ့သို့ မပေးနိုင်တော့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
အလားတူဖြစ်ရပ်ကို အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားသည့် မြန်မာဒုက္ခသည် ၄ဝဝဝ ကျော်ကိုလည်း UNHCR က ဆေးဝါးစရိတ်နှင့် နေထိုင်စရိတ်အဖြစ် တလျှင် ရူပီးငွေ ၂၅ဝဝ (ကျပ် ၄၅ဝဝဝ ဝန်းကျင်) ဖြင့် ၆ လအထိ ထောက်ပံ့ခဲ့သည်။
သို့သော် ယခုအခါ ၎င်းထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် ချင်းဒုက္ခသည် ကော်မတီ KRC ဥက္ကဋ္ဌ Steven Ral Kap Tluang က မဇ္စျိမကို ပြောသည်။
“အဲဒီလို ရပ်ဆဲလိုက်တဲ့အတွက်ကြောင့် ဒုက္ခသည်တွေမှာ နေရေးထိုင်ရေးနဲ့ စားသောက်ရေးတွေမှာ ဒုက္ခတွေ့ကုန်ပြီး တွေ့ကရာ အလုပ်တွေကို ကြံုသလို လုပ်၊ ကြံုသလို စား အနေအထားတွေကို ရောက်ကုန်တယ်” ဟု သူက ပြောသည်။
ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ထိစပ်သော မြို့များတွင် UNHCR က ဒုက္ခသည် အသိမှတ်ပြုထားခြင်း မရှိသေးသော မြန်မာနိုင်ငံသား ဒုက္ခသည် ရ သောင်းခန့် ရှိသည်ဟု ခန့်မှန်းရကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လထိ မြန်မာနိုင်ငံသား ၄ဝဝဝ ကျော်ကို ဒုက္ခသည်အဖြစ် လက်မှတ်များ လုပ်ပေးထားပြီး ဖြစ်ကြောင်းနှင့် နောက်ထပ် လာရောက်လျှောက်ထားသူမှာလည်း ထက်ဝက်ခန့်ရှိကြောင်း နယူးဒေလီမြို့ရှိ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ Roberto Mignone က ထိုလထဲတွင် မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။