သတင်းပေးမှုဖြင့် ဆိုက်ကားသမားများကို စရဖ ခေါ်စစ်

သတင်းပေးမှုဖြင့် ဆိုက်ကားသမားများကို စရဖ ခေါ်စစ်
by -
ကျော်ခ

ပြည်ပသတင်းဌာနများထံ သတင်းပေးဟုဆိုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ဆိုက်ကားသမား ၃ ဦးကို စစ်ဘက်ဆိုင်ရာ လုံခြံုရေး စရဖ နှင့် မယက အာဏာပိုင်များက စစ်ဆေးခဲ့ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ပြည်ပသတင်းဌာနများထံ သတင်းပေးဟုဆိုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ဆိုက်ကားသမား ၃ ဦးကို စစ်ဘက်ဆိုင်ရာ လုံခြံုရေး စရဖ နှင့် မယက အာဏာပိုင်များက စစ်ဆေးခဲ့ကြောင်း မြို့ခံ ဆိုက်ကားယာဉ်အသင်း အဖွဲ့ဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် လထဲတွင် မြောင်းမြမြို့နယ်စည်ပင် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်၊ ဆိုက်ကားယာဉ်အသင်း ဥက္ကဋ္ဌ ဦးမောင်လတ်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်က ဆိုက်ကားသမား ၁၁၄ဝ ထံမှ တနှစ်စာ ကျပ်သိန်း ၄ဝ ကျော် လိမ်လည်ကောက်ခံကြောင်း ပြည်ပသတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် မြောင်းမြခရိုင် ခယက ရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ကြောခံရသူများမှာ ငွေလိမ်ကောက်သည့်အကြောင်းကို မြို့နယ်ကောင်စီ မယက နှင့် ဧရာဝတီတိုင်း စည်ပင်သို့ စာရေးသား တိုင်တန်းခဲ့သည့် ဦးစိုးမြင့် (ဆိုက်ကားအမှတ် ၅၆၆)၊ ဦးနေဝင်း (၁ဝ၂၆) နှင့် ဦးစိုးမင်း (၆ဝ၂) ဖြစ်သည်။

“ခင်ဗျားတို့ကို လာမေးတာက ခင်ဗျားတို့တိုင်စာရလို့ လာစစ်တာမဟုတ်ဘူး။ ခင်ဗျားတို့ အခုတိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေမှာ သတင်းတက်တာတွေ့လို့ နေပြည်တော်က စာပို့လာတဲ့အတွက် အဲဒီသတင်းဌာနတွေကို ခင်ဗျားတို့ထဲက ဘယ်သူ ပြောလဲ သိချင်လို့ ခေါ်မေးတာတဲ့” ဟု စစ်မေးခံရပုံကို ဆိုက်ကားသမားတဦးက မဇ္စျိမကို ပြောပြသည်။

ဆိုက်ကားသမားများ၏ တိုင်တန်းစာ နောက်ကွယ်တွင် ကူညီပေးနေသူ ရှိမည်ဟု ယူဆ၍လည်း စစ်ဆေးခဲ့ပြီး၊ ဆိုက်ကားသမားများက မရှိကြောင်း၊ မသိကြောင်းသာ ပြောဆိုခဲ့ကြသည်ဟု ဆိုက်ကားယာဉ်အသင်းထံမှ သိရသည်။

“သူတို့ ပြောတာက ဆိုက်ကားသမားတွေဟာ ပြည်ပသတင်းဌာနတွေ သိဖို့ မလွယ်ဘူးတဲ့။ ဒီလို ဥပဒေအကြောင်းအရာအရ ရေးသားတဲ့ တိုင်တန်းစာတွေဟာ ခင်ဗျားတို့ ဆိုက်ကားသမားတွေ မရေးတတ်ဘူး။ နောက်ကွယ်က ကူညီနေသူကို ပြောပြပါတဲ့။ သူတို့က ဖမ်းဆီးအရေးယူမှာ မဟုတ်ဘူးတဲ့၊ အဲလိုပြောတယ်။ မသိဘူးလို့ဘဲ ပြောလိုက်တယ်တဲ့” ဟု ဆိုက်ကားယာဉ် အသင်းသား တဦးက မဇ္စျိမကို ပြောသည်။  

ဆိုက်ကားသမားများထံမှ လိုင်စင်ကြေးနှင့် ဘီးခွန်ကြေး သတ်မှတ်ခ အဖြစ် စည်ပင်နှင့် ဆိုက်ကားယာဉ် အသင်းသို့ ဆိုက်ကားတစီးလျှင် ကျပ် ၁၃၈ဝဝ ပေးသွင်းရသော်လည်း ဒေါ်လှလှမြင့်နှင့် ဦးမောင်လတ်နှင့် ဦးကျော်ကျော်က တစီးလျှင် ၁၇၈ဝဝ နှုန်း ကောက်သဖြင့် ဆိုက်ကားသမားများ တိုင်တန်းသည်ကို ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် မဇ္စျိမ အင်တာနက် ဝဘ်ဆိုဒ်က သတင်းဖော်ပြခဲ့သည်။

ယင်းသတင်း ထုတ်ပြန်ပြီး ၂ ရက်အကြာ ယခင်လ ၂၁ ရက်နေ့တွင် နေပြည်တော် စာရင်းစစ်ချုပ်ရုံးက အဆိုပါ အကြောင်းအရာအား စုံစမ်းစစ်ဆေးရန် ဧရာဝတီတိုင်း စည်ပင်ကိုလည်း စာပို့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းစည်ပင်မှ စုံစမ်းစစ်ဆေးရေးဖွဲ့ကာ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင် ဦးဆောင်၍ အမှုဆောင်အရာရှိ ဦးလှတိုး (လပွတ္တာ)၊ အမှုဆောင်အရာရှိ ဦးမောင်ဝင်း (ဝါးခယ်မ) တို့ဖြင့် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်ဆေးခဲ့သည်ဟု မြို့နယ် စည်ပင်သတင်းရပ်ကွက်ကလည်း ဆိုသည်။

ငွေလိမ်ကောက်သည်ဟု စွပ်စွဲခံရသူ ၃ ဦးအပြင် မြို့နယ်စည်ပင် ရုံးဝန်ထမ်းများ၊ ဆိုက်ကားသမားများ စုစုပေါင်း ၃ဝ ဦးခန့်ကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ဝန်ခံထွက်ဆိုခဲ့ကြသဖြင့် နေပြည်တော်သို့ တင်ပြသွားမည်ဟု ဦးအောင်မင်းနိုင်က ကတိပေး ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ဒီကိစ္စကို အခု စစ်ချက်အဖြစ်မှန်အတိုင်း နေပြည်တော်ကို တင်ပြပေးသွားမယ် ပြောတယ်။ တလလောက် ကြာမယ်တဲ့။ ဒီကြားထဲမှာတော့ ဘယ်သတင်းဌာနကိုမှ သတင်းပေးတာ။ တခြားနေရာတွေကို တိုင်တန်းတာ မလုပ်ရဘူးလို့ လာစစ်တဲ့ အဖွဲ့တွေက မှာသွားပါတယ်” ဟု မြို့နယ်စည်ပင်ရုံးနှင့် နီးစပ်သူ တဦးက မဇ္စျိမကို ပြောသည်။

တိုင်တန်းမှုသည် ယခုမှသာ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းတွင်လည်း ဧရာဝတီတိုင်း စည်ပင်သို့ တိုင်တန်းခဲ့ပြီး၊ တိုင်းစည်ပင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဒီဇင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ တကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ တိုင်စာအရ စာရင်းစစ်ရုံး၏ ညွှန်ကြားမှုဖြင့် မြောင်းမြခရိုင် စာရင်းစစ်ရုံးကလည်း တကြိမ် လာစစ်ခဲ့သေးသည်။

တိုင်တန်းခံရသူ မြို့နယ် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်သည် ယခုလ ပထမ အပတ်ထဲတွင် တိုင်းစည်ပင် ညွှန်ကြားချက်ဖြင့် ဝါးခယ်မမြို့နယ် စည်ပင်သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။ သို့သော် အစစ်ခံရန်အတွက် မြောင်းမြသို့ လာရသည်။

မြောင်းမြမြို့ပေါ်တွင် အင်တာနက်ဆိုင် ၄ ဆိုင်ရှိပြီး ယခုအခါ ထိုဆိုင်များကိုလည်း ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သော မသင်္ကာသူ ရှိမရှိ စရဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု မယက ရုံးအဖွဲ့ဝင် တဦးက ပြောသည်။

Most read this week