ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်ပိုင်းတွင် NLD ကို လူထုမှထောက်ခံမှု ပိုမိုများပြားလာသည်ဟု NLD ပါတီဝင်များမှ ရန်ကုန်ရုံးချုပ်တွင် ကြာသပတေးနေ့ ပြုလုပ်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်ပိုင်းတွင် NLD ကို လူထုမှထောက်ခံမှု ပိုမိုများပြားလာသည်ဟု NLD ပါတီဝင်များမှ ရန်ကုန်ရုံးချုပ်တွင် ကြာသပတေးနေ့ ပြုလုပ်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲတွင် တင်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိမိတို့ကို ထောက်ခံမှု ပိုမို များပြားလာသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ ပြုလုပ်သည့် ညှိနှိုင်း ဆွေးနွေးပွဲတွင် တင်ပြသွားခြင်း ဖြစ်သည်။
“သူတို့တင်ပြတာကတော့ ဒေါ်စုလွှတ်ပြီးနောက်ပိုင်းမှာ လူထုက သူတို့ကိုပိုပြီးတော့ ထောက်ခံလာတယ်တဲ့၊ မခေါ်ရဲတဲ့သူတွေတောင် ခေါ်ရဲလာတယ်တဲ့။ တချို့ဆိုရင် လဘက်ရည်ဆိုင်မှာ တွေ့ရင်တောင်မှ ကျွေးမွေး သွားတာတွေရှိပါတယ်တဲ့ တင်ပြသွားတာတွေ ရှိပါတယ်။ အရင်ကဆို မျက်နှာလွှဲသွားတဲ့သူတွေက အခုဆို ပြန်ပြီးတော့ ခေါ်ရဲလာကြတယ်ပေါ့လေ၊ ဒေါ်စုမလွှတ်ခင်နဲ့ ဒေါ်စုလွှတ်ပြီး ကွာခြားချက်လေးတွေကို သူတို့ တင်ပြသွားတာပေါ့” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မေဝင်းမြင့်က ပြောသည်။
ဆွေးနွေးပွဲကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၆မြို့နယ်မှ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ၈၆ ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများမှ မိမိတို့ မြို့နယ်အတွင်းတွင် ကြံုတွေ့နေရသည့် အခက်အခဲများ၊ ပြည်သူလူထု၏ အကြောက်တရားလွှမ်းမိုးမှု၊ NLD ရပ်တည်ခွင့်၊ NLD ပါတီဝင် လူကြီးများနှင့် လူငယ်တို့ ပူပေါင်းဆောင်ရွက်ရန် တို့ကိုလည်း ဆွေးနွေးတင်ပြခဲ့သေးသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။
အလားတူပင် NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို ယခုလ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ပြည်နယ်နှင့်တိုင်းအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးမှုနှင့်ပတ်သက်သည့် တင်ပြမှုကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးရာတွင် NLD ပါတီဝင်များ လူထုအတွင်းစည်းရုံးမှု အားနည်းခြင်းကြောင့်ဖြစ်နိုင်သည်ဟု ပါရှိသည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) လွတ်ပြီးတဲ့နောက်မှာတဲ့ NLD ကိုလာပြီးဝန်းရံတဲ့အထဲမှာ ပြည်သူလူထုတွေ အများကြီးပါတယ်တဲ့။ နောက်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းတွေ တကယ်လုပ်ဖို့ တကယ်လုပ်ရင် ပြည်သူလူထုက အားကိုးလာမှာ ပြည်သူ့ရင်ထဲမှာ NLD ဟာ ရှိနေသေးသရွေ့ NLD ဟာ ရှိတာပဲ” ဒေါ်မေဝင်းမြင့်က ပြောသည်။
NLD ပါတီ ရပ်တည်ခွင့်နှင့်ပတ်သည့် တင်ပြမှုကို ဦးတင်ဦးမှ ပြန်လည် ဆွေးနွေးရာ NLD သည် မှတ်ပုံတင်ပြီးသားဖြစ်ပြီး ယခုတဖန် မှတ်ပုံတင်ပြန်တင်ရန်မလိုအပ်ခြင်းကြောင့် ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ NLD လူကြီးနှင့် လူငယ် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဦးတင်ဦးမှ ပြောဆိုသွားသည်ဟု သိရသည်။
NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်မှ ပြန်လည်ဆွေးနွေးရာတွင် ယခုအကြံပြု တင်ပြချက်များသည် လုံလောက်မှုမရှိသေးဘဲ ပြည်သူလူထုတွင်းရှိ အခြေအနေများကို ထဲထဲဝင်ဝင် လေ့လာပြီး ထပ်မံတင်ပြပေးစေလိုကြောင့် ဖြည့်စွက် ဆွေးနွေးခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးပွဲ တက်ရောက်လာသူများကို အဖွဲ့ချုပ်မှ ပြုလုပ်သည့် အစည်းအဝေး အခမ်းအနားများကို မှန်မှန်တက်ရောက်ရန်နှင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရေးအတွက် ပါတီဝင်များအနေဖြင့် အလုပ်လုပ်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး ညနေ ၄ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို သောကြာနေ့ တရက်နားမည်ဖြစ်ပြီး ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ရ ရက်နေ့တွင် ဧရာဝတီတိုင်း တို့နှင့် ဆွေးနွေးမည်ဖြစ်သည်။ ကျန်ပြည်နယ်အချို့နှင့် တိုင်းအချို့ကို ပူးတွဲဆွေးနွေးပွဲများ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်သည်။