တခါက ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ သင်တန်းတခုတက်ခဲ့တာ အမှတ်ရသေးတယ်။ ကျနော်တို့က မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုတာ၊ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာတို့...
တခါက ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ သင်တန်းတခုတက်ခဲ့တာ အမှတ်ရသေးတယ်။ ကျနော်တို့က မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုတာ၊ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာတို့..ဘာတို့.. စသဖြင့် ပြောကြသလို၊ ကျနော်တို့က တိုင်းရင်းသားတွေကို ဘယ်လောက်အထိ ကိုယ်စားပြုပြောဆိုတယ်ဆိုတာတွေ ပြောကြပြီး၊ ကိုယ့်ပါတီမူဝါဒတွေကို ပြောပြကြတယ်။ သင်တန်းလာပေးတဲ့ တခြားနိုင်ငံတခုက ပါတီကိစ္စတွေ လုပ်ဆောင်နေသူကတော့ ရှင်းရှင်းပဲ ပြန်ပြောပြတယ်။ မူဝါဒတွေဆိုတာ စာရွက်ပေါ်ရှိရုံနဲ့ မပြီး၊ အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်တဲ့။ "အမျိုးသမီးအခွင့်အရေးကို ကျနော်တို့ ပါတီက လေးစားပါတယ်ဆိုပြီး ပြောမနေနဲ့တဲ့။ အလုပ်နဲ့ သက်သေပြတဲ့။ ခေါင်းဆောင်မှုမှာ အမျိုးသမီး ဘယ်နှယောက် ရှိသလဲတဲ့။ တိုင်းရင်းသားအရေးကို ကိုယ်စားပြုပါတယ်၊ ထောက်ခံပါတယ်၊ ပြောမနေနဲ့တဲ့။ အလုပ်နဲ့သက်သေပြ။ ခေါင်းဆောင်မှုထဲမှာ တိုင်းရင်းသား ဘယ်နှယောက်ပါသလဲ။ အဲသလို တကယ်ဖွဲ့စည်းထားတာ၊ အလုပ်နဲ့ သက်သေပြနိုင်တာက ပိုထိရောက်ပါတယ်တဲ့"
မြန်မာ့နိုင်ငံရေးတွင် ပျောက်ဆုံးနေသော ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ
အဲဒီတော့ ဒီကနေ့ မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ ကက်ဘိနက်ထဲမှာ အမျိုးသမီးတွေ ပါမလာတာက ပြောစရာ ဖြစ်လာပါတယ်။
နိုင်ငံတကာမှာ ဆွေးနွေးငြင်းခုန်လာကြတာ ကြာပါပြီ။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောဆိုလာကြတာ ကြာပါပြီ။ အမျိုးသမီးတွေဟာ အစိုးရရေးရာ မူဝါဒဆုံးဖြတ်ခွင့်တွေမှာ ပါဝင်သင့်တယ်။ နေရာရသင့်တယ်ဆိုတာ ပြောဆိုဆွေးနွေးလာခဲ့ကြတယ်။ ဒီလိုပြောဆိုရတာ အခြေခံအကြောင်းတွေ ရှိပါတယ်။ တကယ်ဆိုရင် အမျိုးသမီးတွေက လူဦးရေရဲ့၊ တနည်းပြောရင် မဲဆန္ဒရှင်တွေရဲ့ တဝက်နီးပါးကို ကိုယ်စားပြုထားကြသူတွေ ဖြစ်ပါတယ်။
အခုပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာလည်း အစိုးရရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေအရ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းအနက် ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ၂၂.၄ သန်း၊ အမျိုးသားလွှတ်တော်အတွက် ၂၂.၂ သန်း မဲပေးခဲ့ကြတယ်လို့ ဒီဇင်ဘာလ ရ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အမျိုးသမီး မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက် ရာခိုင်နှုန်းရှိပြီး၊ အမျိုးသမီး မဲဆန္ဒရှင် မည်မျှက မဲပေးခဲ့ကြတယ်လို့ ခွဲခြားဖော်ပြထားတာ မတွေ့ရဘူး။ သေချာတာကတော့ အမျိုးသမီးမဲဆန္ဒရှင်တွေဟာ မြန်မာနိုင်ငံ လူဦးရေ ဖွဲ့စည်းပုံအရ တဝက်နီးပါး၊ သို့မဟုတ် တဝက်ထက်များတာမျိုး ဖြစ်နိုင်ပါတယ်။
အလားတူပဲ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ နေရာမှာလည်း အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှဆိုတာ ထုတ်ပြန်ကြေညာခဲ့တာမျိုး မရှိဘူး။ ရွေးချယ်ခံမယ့် မဲဆန္ဒနေရာတွေအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃, ဝ၆၉ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ (ပြည်သူ့လွှတ်တော် ၉၆၉ + အမျိုးသားလွှတ်တော် ၄၇၉ + တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၁၆ဝ၁ ဦး) အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်က မည်ရွေ့မည်မျှဆိုတာ ဖော်ပြမထားဘူး။ အဲဒါအပြင် ကျနော်သိချင်နေတဲ့ အခု မဲနေရာအများစု အနိုင်ရရှိခဲ့သူ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၆၃ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ မည်ရွေ့မည်မျှကို အမျိုးသမီးတွေကို တင်သွင်းတယ်ဆိုတာ မသိခဲ့ရဘူး။ မပြည့်စုံတဲ့ သတင်းတွေအရ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ၁ဝ ဦးလောက်ပဲ ရှိမယ်လို့ထင်တယ်။
ဒါပေမဲ့ အခုကြေညာတဲ့ အနိုင်ရရှိသူ အမျိုးသမီး လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၃၂၆ ဦးအနက် ၁၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆၈ ဦးအနက် ၆ ဦးဆိုပြီး တွေ့ရတယ်။ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ဘက်ကတော့ အမျိုးသမီးကိုယ်စားလှယ် တယောက်တလေမှ တက်လာတာ မတွေ့ရဘူး။ (တကယ်ဆိုရင် ဆေးတပ်က အမျိုးသမီး အရာရှိတွေကို ရွေးချယ်မယ်ဆိုရင်လည်း ဖြစ်နိုင်တယ်။) ခြံုပြီးတွက်ရမယ်ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော် အမတ် ၆၅၆ ဦး (၆၆ဝ-၄) အနက် အမျိုးသမီးကိုယ်စားလှယ် ရာခိုင်နှုန်းက ၃.ဝ၄ % ပဲ ရှိတာ တွေ့ရတယ်။ အခု အမျိုးသမီးအမတ် ၂ဝ ဦးမှာတောင်မှ အနိုင်ရပါတီက ဘယ်နှဦး၊ အနိုင်ရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုသူ အမျိုးသမီးက ဘယ်နှဦးဆိုတာ အချိုးချကြည့်ရင် ပိုလို့စိတ်ဝင်စားစရာ ကောင်းတာတွေ တွေ့ရနိုင်သေးတယ်။ စစ်အစိုးရက အာဏာမလွှဲခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၄၈၅ မှာ အမျိုးသမီးအမတ်က ၁၅ ဦးပဲ နိုင်တယ်ဆိုတော့ ရာခိုင်နှုန်းအရ ၃.ဝ၉ % ပဲ ရှိတာ တွေ့ရတယ်။ အခု ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့တော့ သိပ်မခြားနားလှပေဘူး။
လက်ရှိ သမ္မတက တင်သွင်းတဲ့ အစိုးရသစ်ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို တွေ့ရတဲ့ အခါကျတော့ အမျိုးသမီးကိုယ်စားပြုမှု သုည (ဝ) ဖြစ်နေတာ တွေ့ရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုမှာ အမျိုးသမီး ဘယ်လောက်ပါဝင်သလဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှုကို လူသိရှင်ကြား ထုတ်ပြန်ထားတာ မဟုတ်လေတော့ မသိရသေးဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှ ပြိုင်ခဲ့သလဲ.. မည်မျှ အနိုင်ရအမတ် ဖြစ်ခဲ့သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ တွက်ချက်ထုတ်ကြည့်ဖို့တော့ ကောင်းလှတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးကို လေးစားပါတယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့လည်း သက်သေပြဖို့ လိုသေးတယ်။ (စကားချပ်။ တိုင်းရင်းသားအရေးလည်း အလားတူပါပဲ။ သမ္မတက တင်သွင်းတဲ့ အစိုးရသစ် ဝန်ကြီးအဖွဲ့ ၃၃ ဦးကို လေ့လာကြည့်တော့ ဒုသမ္မတ စိုင်းမောက်ခမ်း (ရှမ်းပြည်နယ်၊ မဲဆန္ဒ နယ်အမှတ် ၃) နဲ့ ဦးအုန်းမြင့် (ဗခ ဟောင်း) ဖားကန့်၊ ဦးအေးမြင့် (ဗခ ဟောင်း) မော်လမြိုင် ၃ ဦးသာပဲ တိုင်းရင်းသား ပြည်နယ်တွေက ယှဉ်ပြိုင်ထားသူဆိုတာ တွေ့ရတယ်။ ကျန်တဲ့ ဝန်ကြီး ၃ဝ က ပြည်မမဲဆန္ဒနယ်တွေက စစ်တပ်ကို ကိုယ်စားပြုတင်တာ၊ (မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း.. စသဖြင့်) က တင်ထားသူတွေ ဖြစ်နေတာ တွေ့ရတယ်။)
အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်သလား၊ ခေါင်းဆောင်နိုင်သလား။
ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေကို နိုင်ငံခေါင်းဆောင်၊ ဒါမှမဟုတ် ဦးဆောင်တဲ့နေရာမှာ ထားဖို့ဆိုတဲ့ကိစ္စဟာ သီအိုရီ ၂ ခု အပေါ် အခြေခံ စဉ်းစားပြောဆိုကြတာ ဖြစ်တယ်။ ပထမစဉ်းစားချက် သီအိုရီကတော့ အမျိုးသမီးတွေကို နေရာသာပေးလိုက်၊ သူတို့က မုဆိုးစိုင်သင် လုပ်ရင်းနဲ့ သင်ယူသွားလိမ့်မယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေလိုပဲ စဉ်းစားဆုံးဖြတ်တတ်တယ်၊ အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒုတိယ စဉ်းစားချက်ကတော့ အမျိုးသမီးတွေကို သေချာ ခွန်အား အာဏာ အရည်အချင်း မြှင့်တင်ပေး။ empowerment လုပ်။ ပြီးမှသာ နေရာပေးဆိုတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေရဲ့ အားကောင်းချက်က သူတို့က အစဉ်အလာအရ မိသားစုကို ပြုစုစောင့်ရှောက်လာခဲ့ရသူတွေ ဖြစ်လေတော့ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အားကောင်းတယ်။ လူမှုရေးကဏ္ဍကို ပိုလို့အလေးထားကြတယ်ဆိုတာ တွေ့ရတယ်လို့ ပြောပါတယ်။
တကယ်တော့ အမျိုးသမီးတွေကို နိုင်ငံဦးဆောင်မှု အခန်းကဏ္ဍမှာ မြင့်မြင့်မားမား နေရာပေးရေးဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့လည်း အများကြီးဆိုင်တယ်လို့ ထင်မိပါတယ်။ (အောက်မှာ အပြည်ပြည်ဆိုင်ရာ ပါလီမန် လွှတ်တော်အမတ်များ သမဂ္ဂရဲ့ စီမံချက်ဖြစ်တဲ့ "ပါလီမန်တွင်းရှိ အမျိုးသမီးများ" Women in Parliament ဆိုတဲ့ စီမံချက်က အချက်အလက်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ အချို့ လူမှုအဖွဲ့အစည်းတွေက ရှေးရိုးစွဲဆန်၊ မဟာဖိုဝါဒ ရှိကြပါတယ်။ ဂျပန်လိုနိုင်ငံမျိုးမှာ အမျိုးသမီးအမတ် နည်းတာကို တွေ့ရပါလိမ့်မယ်။ အမေရိကန်မှာကတော့ အရင်းရှင်စီးပွားရေးစနစ် သဘော၊ အရည်အချင်းရှိသူ ဦးစားပေးပြိုင်ဆိုင်တဲ့ သဘောကြောင့် အမျိုးသမီးတွေ နေရာရမှု အားနည်းတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာက ကွန်မြူနစ်/ ဆိုရှယ်လစ် အယူအဆ ရှိကြတဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီး လွတ်မြောက်ရေး အယူအဆကြောင့် အမျိုးသမီးတွေ နေရာကောင်းကောင်း ပေးထားတာ တွေ့ရပါလိမ့်မယ်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံ လွှတ်တော်တွေကို ကြည့်ရင် တွေ့ရပါလိမ့်မယ်။ နိုင်ငံတခုမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရတာ တိုင်းပြည် ချမ်းသာကြွယ်ဝမှု၊ စီးပွားရေး/လူမှုရေး ဖွံ့ဖြိုးမှုနဲ့လည်း မဆိုင်လှပါဘူး။ ဥပမာ အရှေ့တီမောလို နိုင်ငံမျိုးမှာ အမတ်စုစုပေါင်း ၈၇ မှာ အမျိုးသမီး ၂၂ ရှိတာ (၂ဝဝ၅ စာရင်း) တွေ့ရပါလိမ့်မယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ လာအိုနိုင်ငံမှာလည်း အမတ်စုစုပေါင်း ၁ဝ၉ မှာ အမျိုးသမီး ၂၅ ဦး ရှိတာ တွေ့ရပါလိမ့်မယ်။
တခါ အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံတကာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ စတဲ့ အင်အားစုတွေရဲ့ ပံ့ပိုးမှုနဲ့အတူ နိုင်ငံသစ်ချင်တဲ့ အနေအထားမှာ အမျိုးသမီးတွေကို အထူးနေရာပေးခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ ဥပမာ - မျိုးဖြုတ်သတ်စစ်ပွဲတွေ ကြံုခဲ့တဲ့နိုင်ငံ ရဝမ်ဒါဆိုရင် အမတ် ၈ဝ မှာ အမျိုးသမီး လွှတ်တော်အမတ်က တဝက်နီးပါး နေရာရထားပါတယ်။
တကယ်တော့ နိုင်ငံကို တည်ထောင်ကြသူ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းနိုင်ငံက ယခင်ဝန်ကြီးချုပ်ဟောင်း တက်ဆင်လက်ထက်မှာတောင် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက် MDGs တွေ အကောင်အထည်ဖော်ရေး စဉ်းစားကြတော့ သူတို့က အတန်ဖွံ့ဖြိုးပြီးလို့၊ ထောင်စုနှစ် ရည်မှန်းချက် အတော်များများလည်း ပြည့်မီနေပြီး ဖြစ်တော့ကာ၊ သူတို့က MDG Plus (ထောင်စုနှစ် ရည်မှန်းချက်တွေထက် အပို) ရည်မှန်းချက်တွေအဖြစ် ၂ဝဝ၄ ခုနှစ်မှာ ရည်မှန်းအိမ်မက်ခဲ့ကြပါသေးတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ ရှိနေသေးပေးမယ့် အဲဒီအိပ်မက်တွေထဲမှာ "နိုင်ငံလွှတ်တော်ထဲ ရှိနေတဲ့ အမျိုးသမီး အရေအတွက်ကို ၂ဝဝ၂-၂ဝဝ၆ အတွင်း ၂ ဆ တိုးတက်လာစေရေး၊ ဒေသဆိုင်ရာ အစိုးရတွေ (မြို့ပိုင်၊ ခရိုင်ပိုင်) နေရာတွေနဲ့ ထိပ်တန်း အုပ်ချုပ်ရေး ရာထူးတွေမှာ အမျိုးသမီးအရေအတွက် ၂ ဆ တိုးလာစေရေး" ချမှတ် လုပ်ဆောင်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ခဝတ၊ မဝတ ဥက္ကဋ္ဌတွေထဲမှာ အမျိုးသမီး ဘယ်နှဦး ရှိပါသလဲ။ အခု အသစ်ပေါ်ထွက်လာတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ကဏ္ဍတွေမှာလည်း အမျိုးသမီးမြို့ပိုင်၊ နယ်ပိုင်တွေ ဘယ်လောက်ရှိလာမှာလဲ။ ဒီပြဿနာရဲ့ ရေသောက်မြစ်ကတော့ မြန်မာနိုင်ငံကတော့ စစ်ရေး-လုံခြံုရေး အသားပေးဝါဒ၊ တို့ယောက်ျားတွေကသာ စွမ်းနိုင်တယ်ဆိုတဲ့ မဟာဖိုဝါဒထဲက မထွက်နိုင်ကြသေးဘူး ဆိုနိုင်သလို၊ တဖက်မှာလည်း အမျိုးသမီးတွေ အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ ဘယ်လောက် ပျက်ကွက်နေတယ် ဆိုတာလည်း တွေ့ရပါလိမ့်မယ်။
စီဒေါနဲ့ ကျား-မတန်းတူမှု အကောင်အထည်ဖော်ရေး
မြန်မာနိုင်ငံက အမျိုးသမီးများအပေါ် နည်းပေါင်းစုံနဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက် CEDAW ကို ၁၉၉၇ ခုနှစ်ကတည်းက သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယေဘုယျအားဖြင့် လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ကြံုရလေ့ရှိတာ၊ နစ်နာနေကြတာဖြစ်တဲ့ ပြဿနာတွေက လုပ်သားနေရာချမှုမှာ ပါဝင်မှု ရာခိုင်နှုန်းနည်းပါတယ်။ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ နေရာမရနိုင်တာ၊ အလုပ်ရပြန်ရင်လည်း လုပ်ခနည်း၊ အချိန်ရှည် အလုပ်မျိုး ဖြစ်တတ်ပါတယ်။ အဆင့်မြင့် ရာထူးရာခံတွေအတွက်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက ပိုနည်းနေတတ်ပါတယ်။ လိင်ကွဲပြားမှုအပေါ် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ကြံုရတတ်ပါတယ်။ အဲဒါအပြင် သူတို့ကိုယ်သူတို့ ကာကွယ်ခုခံမှု မလုပ်နိုင်အောင် ခွန်အား အာဏာလည်း နည်းနေတတ်ကြပါတယ်။
ဒီနေရာတွေမှာ ဖြစ်တတ်တာက ရာထူးခန့်ထားရေး ကော်မတီမှာ ဦးဆောင်နေတာ ယောက်ျားတွေချည်း ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံ ရာထူးဝန်ချုပ်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ပေးရေး အဖွဲ့ဆိုတာက စစ်ဗိုလ်ဟောင်းတွေ၊ ယောက်ျားတွေချည်း ဦးဆောင်တာ ဖြစ်ပါတယ်။ တခါ မြန်မာနိုင်ငံ အစိုးရဖွဲ့စည်းပုံမှာက အမျိုးသမီးတွေက နစ်နာတယ်ထင်လို့ရှိရင် တိုင်ကြားနိုင်တဲ့ အွန်ဘာ့မင့်ရုံး Ombudsman လို၊ ကျား-မ လိင်ကွဲပြားမှု တန်းတူရေးရုံး Gender Equality Office/ Balancing Committee လိုမျိုးလည်း မရှိပါဘူး။ အဲဒီတော့ လူမှုအသိုင်းအဝိုင်းက လက်ခံထားချက်၊ လက်တွေ့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါမှမဟုတ်ရင်လည်း တချို့နိုင်ငံတွေမှာတော့ အစိုးရဝန်ထမ်းတွေက သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့် ရှိကြပြီး၊ နစ်နာရင် စုပေါင်းအရေးဆိုတာမျိုး လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်သမားသမဂ္ဂတွေလည်း မရှိပြန်ပါဘူး။
ဒါဆိုရင် အမျိုးသမီးတွေ အရည်အသွေး မြှင့်တင်ရေးအတွက် အစိုးရက အစီအစဉ်ချ လုပ်ဆောင်နေပါသလား။ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေလည်း အစိုးရဆီမှာ မရှိနေပြန်ပါဘူး။ တကယ်တော့ အမျိုးသမီးတွေကို တကယ်နေရာ ပေးချင်တယ်ဆိုရင် တည်ရှိနေတဲ့ အကန့်အသတ်-အတားအဆီးတွေကို တဖက်က လျှော့ချပေးဖို့ လိုအပ်သလို၊ တဖက်ကလည်း သူတို့ စိတ်ဝင်စားမှုနဲ့ အရည်အသွေးကို မြှင့်တင်ပေးနေရမှာပါ။ ဒီနေရာမှာ CEDAW ကော်မတီက မြန်မာနိုင်ငံ တည်ဆဲဥပဒေတွေထဲမှာ CEDAW နဲ့ အညီ မြန်မာနိုင်ငံ ရာဇဝတ်ဥပဒေ၊ တရားမဥပဒေ၊ တည်ဆဲဥပဒေတွေကို စိစစ်ပြင်ဆင်ဖို့ အကြံပေးထားတာ ကြာပါပြီ။ ဦးထွန်းထွန်းဦးနဲ့ ကျန် အမျိုးသား ၆ ဦး ဦးဆောင်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကိစ္စတွေကို စိစစ်ကြမှာလား၊ ရှေ့နေချုပ်တွေက ဒီကိစ္စတွေ ဆောင်ရွက်ကြမှာလား... ဆိုတာ စဉ်းစားကြည့်တော့ ဦးစားပေးအစီအစဉ်မှာ ရှိဟန်မတူပါဘူး။
ဒါတင်မကပါဘူး။ လူမှုအဖွဲ့အစည်းကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် လုပ်ဆောင်စရာ ကိစ္စတွေက အများအပြား ရှိနေပါသေးတယ်။ ပညာရေးကဏ္ဍမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေ ဖြစ်လာစေရေး၊ အစိုးရဌာနတွေနဲ့ လုပ်ငန်းခွင်တွေမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတတ်ဖို့ Gender sensitivity education သင်တန်းတွေပေးဖို့ လိုအပ်နေပါသေးတယ်။ အမျိုးသမီးတွေဘဝ တကယ်မြင့်တက်လာအောင်လည်း အပြုသဘော ဆောင်ရွက်ချက်တွေ affirmative actions တွေ လိုအပ်နေပါတယ်။ နေပြည်တော် ဒီဇိုင်းအသစ်က ဒီလိုစဉ်းစားချက်တွေ ရှိပါရဲ့လား။ မေးခွန်းထုတ်စရာပါ။
တကယ်တော့ နိုင်ငံရေးဆိုတာ အာဏာကို ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ကြတာချည်း မဟုတ်ပါဘူး။ အတူတကွ နိုင်ငံကို တည်ဆောက်ကြရတာပါ။ တိုင်းရင်းသားနဲ့ ဗမာတွေနဲ့မှ မဟုတ်။ ကျားနဲ့ မ တန်းတူရည်တူ လက်တွဲပြီး တည်ဆောက်ဖို့လည်း လိုအပ်နေကြောင်းပါ။