တမာရနံ့၊ ထနောင်းပင် ရနံ့တို့က ဒါအညာပါလို့ ပြောနေသလို ဘေးဘီ ဝဲကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းကို ဂူ၊ ဘုရားပုထိုး၊ စေတီတွေနဲ့ ပုံဖော်ထားပုံက ဒါ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတဲ့ ပုဂံပဲလို့ တွေးရင်း …
တမာရနံ့၊ ထနောင်းပင် ရနံ့တို့က ဒါအညာပါလို့ ပြောနေသလို ဘေးဘီ ဝဲကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းကို ဂူ၊ ဘုရားပုထိုး၊ စေတီတွေနဲ့ ပုံဖော်ထားပုံက ဒါ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတဲ့ ပုဂံပဲလို့ တွေးရင်း …….
မြင်းလှည်း ငှားမလို့လား၊ ပြောပါ။ သူများစျေးထက် လျှော့ပေးပါမယ်လို့ ပြောလာတဲ့ မြင်းလှည်းဆရာကတော့ အသက် (၆ဝ) ရွယ် ဦးအောင်မြင့် ဆိုသူပါပဲ။ နှစ်ဦးနှစ်ဖက် သဘောတူတဲ့ စျေးနှုန်းနဲ့ သွားလိုတဲ့နေရာကို စသွားဖြစ်ပါတယ်။ မြင်းလှည်းပေါ် ရောက်လို့ စကားစမြည် ပြောမိတဲ့အခါ ဘယ်တုန်းကပြောချင် (ရင်ဖွင့်ချင်မှန်းမသိ) တရပ်စပ် ပြောဆိုပုံကတော့“ ကျနော့ဇာတိက ဒီပုဂံကပါပဲ၊ တောင်ဘီရွာမှာနေတာ အရင်က မြင်းလှည်း မမောင်းပါဘူး။ ရှေးဟောင်း သုတေသနက ဝန်ထမ်းပါ” ဆိုပြီး သူ့စကားကို ခဏရပ်လိုက်ပါတယ်။
ဘေးလေးပဲ့ရင် ထပ်ပြီးအုတ်ဖြည့်တာ၊ ခိုင်အောင် ထောက်တာတွေပဲ လုပ်တယ်။ အခုတော့ အသစ်တွေ ပြန်ဆောက်တာလေ ဘုရား အသစ်တွေမှ ပုံလို့... |
ဒီတော့ ဘာဖြစ်လဲလို့ ပြန်မေးမိတဲ့အခါ “ အခု ပုဂံမှာ ဘုရားအသစ်တွေ ပြုပြင် တည်ဆောက်ကြတော့ သူ့ထက်ငါ ကန်ထရိုက်ရဖို့ ကြိုးစားနေကြတယ်။ အဲဒီထဲမှာ မပါချင်တော့လို့ ထွက်လိုက်တာ၊ ဒါပေမဲ့ ဒီလိုတွေ မဖြစ်ခင်အထိ အရင် ပုဂံဘုရား ပုထိုးတွေ ပြင်တဲ့အခါ ကျနော်ကိုယ်တိုင် ပြင်ခဲ့တာ၊ ကျနော်က ပန်းရံလဲ ရတယ်လေ” ဆိုပြီး တုံးတိစကားဆိုပါတယ်။
ဆက်ပြီး သူက “ ကျနော်ပြင်ခဲ့သမျှတော့ လုံးဝအသစ်ပြန်ဆောက်တဲ့ အစီအစဉ် မဟုတ်ဘူး၊ ဘေးလေးပဲ့ရင် ထပ်ပြီးအုတ်ဖြည့်တာ၊ ခိုင်အောင် ထောက်တာတွေပဲ လုပ်တယ်။ အခုတော့ အသစ်တွေ ပြန်ဆောက်တာလေ ဘုရားအသစ်တွေမှ ပုံလို့ဆိုပြီး မကျေမနပ် ပြောရာက ဒီလိုဆိုတော့ ကျနော်တို့ငယ်ငယ်က ပုဂံ အငွေ့အသက်တောင် ပျောက်သွားတယ်လို့ ခံစားရတယ်”ဟု စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုလာပါတယ်။
မြင်းလှည်းဆရာ အပြောကြောင့် ဆရာကြီး ဒေါက်တာသန်းထွန်း ရေးခဲ့တဲ့ ဆောင်းပါး တပုဒ်ကိုတောင် သွားသတိရမိပါတယ်။
“ပုဂံခေတ်က ဆင်းတုတွေမှာ လက်ချောင်းတွေက မူလပကတိ လူလက်အတိုင်း အတိုအရှည်ပဲကွ၊ နောက်လူတွေက ပြင်ပစ်ကြတယ်။ ဒါကြောင့်ပုဂံက တချို့ဆင်းတုတွေရဲ့လက်ချောင်းတွေဟာ တညီထဲ ဖြစ်ကုန်တယ်။ လက်သစ်တွေ ဖြစ်ကုန်တာပေါ့ကွာ၊ ပုဂံလက်သစ်ပေါ့လို့ ရှေးဟောင်း အမွေအနှစ်တွေကို ပြင်ဆင်တာမကြိုက်တဲ့ ဆရာကြီးက “ပြင်လို့ ပျက်ကုန်တယ်” လို့ဆိုပါတယ်။
မြင်းလှည်းဆရာရဲ့ရောက်ပြီဆိုတဲ့သတိပေးသံကြောင့် ကျမ အတွေးစတွေ ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှေးဟောင်း သုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူးဟောင်း အိမ်ကို ရောက်ခဲ့ပါတယ်။
သူကလဲ ရှေးဟောင်း ဗိသုကာလက်ရာတွေ စုဝေးနေတဲ့ ပုဂံနဲ့ပတ်သက်ပြီး “ပုဂံဟာ လျင်လျင်မြန်မြန်ပဲ ယိုယွင်း ပျက်စီးခဲ့ရတာ တကယ် နှမြောစရာပါ။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာ ခံလာရတာက တကြောင်းနဲ့ အဲဒီအချိန်မှာ ကျနော်တို့လို လူသားတွေ အိပ်ပျော်နေခဲ့တဲ့အတွက် ဘာပြုပြင် ထိန်းသိမ်းမှုမှ မလုပ်ခဲ့ကြပါဘူးလို့ နှမြောတသစွာ ပြောဆိုပါတယ်။
အခုလို ပုဂံယိုယွင်း ပျက်စီးလာရတဲ့ အကြောင်းရင်းကို အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုလာတဲ့အခါမှာ ဆရာကြီး သန်းထွန်းရဲ့ စကားတခုကို ထပ်ပြီး သတိရမိလိုက်ပါတယ်။ “အခုလို သဘာဝ ဘေးအန္တရာယ်တွေက ရှေးပစ္စည်းတွေကို ဖျက်သလိုပဲ ရတနာသုံးပါးကို သိပ်ပြီး ရိုသေ ကိုင်းရှိုင်းတဲ့ လူတွေ၊ ရဟန်းတွေဟာလဲ ကျောင်းဘုရားပျက်ရင် ပြင်မယ်။ အားလုံး ရွှေနဲ့ဝင်းပြီး စိန်ကျောက်နဲ့ တောက်ပြောင်နေမှ ကြိုက်တယ်ဆိုပြီး အဟောင်းတွေကို ဖယ်ရှားကြတယ်။ ဒီတော့ ရှေးပုဂံပျောက်ပြီး အမြင်ဆန်းသစ်သွားရတဲ့ဂူ၊ ကျောင်း၊ ဘုရားစေတီ ပုထိုး အရေအတွက်ကို တင်ပြပါရစေ” ဆိုပြီး ပြောခဲ့ပါတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာ အမြင်နဲ့သာ သနိက အဆောက်အအုံပဲ ဖြစ်တယ်။ ဒါကြောင့် ပျက်ရင် ပြင်ကိုပြင်ရမယ်။ အတတ်နိုင်ဆုံး မူလပုံစံအတိုင်း ဖြစ်အောင် တည်ဆောက်ကြရပါတယ် ဆိုပြီး ဖြေရှင်းလာပါတယ်။ |
ရှေးဟောင်း သုတေသန ဒုညွှန်မှူးဟောင်းက ဆက်ပြီး “ ၁၉၇၆ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ ပြုပြင် ထိန်းသိမ်းတာတွေ၊ အသစ်ဆောက်တာတွေကို နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်အတိုင်း ရှေးဟောင်း သုတေသနအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်လာပါတယ်။ အခုဆိုရင် အသစ် တည်ဆောက်ပြုပြင်ထားကြတဲ့ ဘုရားစေတီ ပုထိုးတွေက ဒုနဲ့ဒေး၊ ပုဂံက မြန်မာသာမက အရှေ့တောင် အာရှတခွင်မှာပါ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ နေရာတခုအဖြစ် လက်ခံထားကြသူတွေအတွက် ရှေးမူလက်ရာတွေ ပျောက်ပျက်ကုန်ပြီလို့ ခံစားနေကြရမှာပါ ” လို့ ပြောလာပါတယ်။
တဖက် အယူအဆနဲ့ ဆက်ပြောလာပုံက “ဘုရားစေတီပုထိုး ပျက်ရင်ပြင်ရမှာ ဗုဒ္ဓဘာသာတွေရဲ့ တာဝန်ဆိုပြီး သဒ္ဓာလွန် အလှူရှင်တွေရဲ့ ဆန္ဒအတိုင်း ပြုပြင်ကြပါတယ်။ ဒီကွာခြားမှုကြောင့် ထင်တယ်။ UNESCO လို အဖွဲ့အစည်းရဲ့ World Heritage အဖြစ် အသိအမှတ်ပြုတာ မခံကြရဘူး။ အခုလို ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာ လက်ရာတွေကို ထိန်းသိမ်းတဲ့အခါမှာ အမြင်လွဲမှားမှုလေးတွေ ရှိနေတာပေါ့” ဆိုပြီး သုံးသပ်ပြောဆိုပါတယ်။ သူ့အနေနဲ့ အတတ်နိုင်ဆုံး ရှေးမူလက်ရာမပျက်ပဲ တည်ရှိဖို့ မျှော်လင့်ကြောင်း၊ ယခုအခါ နတ်သမီးကဘား (ကမ်းပါး)က ဘုရားအမှတ် ၃၉ နဲ့ ၁၄၆ တို့ကို အမြန်ကယ်တင်ဖို့ လိုအပ်နေကြောင်း ပြောဆိုပါတယ်။
“ဒီဘုရားတွေရဲ့ အခြေအနေက ကမ်းပြိုပြီး မြစ်ထဲကျဖို့ ရှိနေပြီ။ ဒါမပြိုနိုင်အောင် ကျားကန်နိုင်ဖို့ လိုတယ်။ အသစ် ပြန်လုပ်စရာမလိုဘူး။ ထိန်းသိမ်းလိုက်တဲ့ သဘောပဲဆိုပြီး ထိန်းသိမ်းနည်းကို ဥပမာပေး ပြောဆိုသွားပါတယ်။
နောက်ဆုံး ရောက်ခဲ့တဲ့ နေရာကတော့ ရှေးဟောင်း သုတေသနဌာနပါ။ ဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူကို ထုံးစံအတိုင်း ပုဂံရဲ့ရှေးမူလက်ရာတွေကို ဘယ်လို ထိန်းသိမ်းလဲဆိုတာ မေးမိတော့ “ ပုဂံဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ တည်ရှိတဲ့ နေရာဒေသ ဆိုတာ အားလုံးအသိပါ။ ဒီလို အဖိုးတန်နေရာဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ယိုယွင်းပျက်စီးလို့ လာပါတယ်။ ဒါတွေကို ပျောက်ပျက် မသွားရအောင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ပြုပြင်ထိန်းသိမ်းနေပါတယ်” ဆိုပြီး နိဒါန်းပျိုး ပြောဆိုလာပါတယ်။
ပြီးတော့သူကြံုရတဲ့ ပြဿနာတခုက နိုင်ငံခြားသား ခရီးသွား အချို့က ရှေးမူတွေ ပျက်ကုန်ပြီလို့ ဆိုပြီး ပြောလာကြတယ်လို့ ဆိုပါတယ်။ ဒီလို ပြောကြားချက်အပေါ်သူဖြေရှင်းပုံက “ကျနော့ အယူအဆအရ ဖြေရှင်းဖို့ အကြောင်းပြချက် ရှိပါတယ်။ ကျနော်တို့ အနေနဲ့ ရှေးဟောင်း အဆောက်အအုံရယ်လို့ ဆိုရင် ၂ မျိုး ခွဲခြားထားပါတယ်။
တခုက လူမှုရေးဆိုင်ရာ အဆောက်အအုံ (dead monument) နဲ့ (life monument) သာသနိက အဆောက်အအုံ ဆိုပြီးပေါ့။ Dead ဆိုတာ ဘာမှ အသုံးမပြုတော့တာ။ ထပ်သုံးလို့မရတာ ဥပမာ ကျံုး၊ မြို့ရိုး စတာတွေပေါ့လို့ ဆိုပါတယ်။ ဆက်ပြီး သူက life ကျတော့ အဲလိုမဟုတ်ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအမြင်နဲ့ သာသနိက အဆောက်အအုံပဲ ဖြစ်တယ်။ ဒါကြောင့် ပျက်ရင်ပြင်ကိုပြင်ရမယ်။ အတတ်နိုင်ဆုံး မူလပုံစံအတိုင်းဖြစ်အောင် တည်ဆောက်ကြရပါတယ် ဆိုပြီး ဖြေရှင်းလာပါတယ်။ ဒါ့အပြင် ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်တဲ့အခါမှာလဲ စနစ်တကျ ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ပြီး အတတ်နိုင်ဆုံး ရှေးမူမပျက်ယွင်းအောင် လုပ်ကြရမယ်။ နံရံဆေးရေး ပန်းချီတွေအတွက် UNESCO က ထောက်ပံ့ပေးထားတဲ့ ဓာတုဆေးရည်တွေနဲ့ ချေးချွတ် သန့်စင်တာတွေ လုပ်နေတယ်လို့ သူက စနစ်တကျ ပြောဆိုပါတယ်။ အဲဒီနောက်မှာတော့ မြင်းလှည်းဆရာရဲ့ မြင်းခွာသံပေးမှုကြောင့် ပြန်ဖို့ သတိရလိုက်ပါတယ်။
ဒီလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးနေတဲ့ ပုဂံအကြောင်း ဗိသုကာပညာရှင် ဦးမော်လင်းနဲ့ ထပ်ဆင့်ပြောမိတော့ သူ့အနေနဲ့ ပြောရရင် ပုဂံရဲ့ ဗိသုကာလက်ရာတွေဟာ ယဉ်ကျေးမှု မျက်နှာစာမှာ မြန်မာတမျိုးသားလုံး အမြဲတမ်း ဂုဏ်ယူဝင့်ကြွားရလောက်အောင် ကြီးကျယ် ခမ်းနားပါတယ်။ အနုပညာ လက်ရာတန်ဖိုး၊ ရှေးဟောင်း ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာ တန်ဖိုး စတဲ့ အဖက်ဖက်က တန်ဖိုးအမျိုးမျိုး ကြီးမားခန့်ထည်စွာ တည်ရှိနေတယ်လို့ ဆိုပါတယ်။
ပုဂံနဲ့ပတ်သက်ပြီး ဆွစ်လူမျိုး Tobias Fasser ဆိုသူကလဲ ပုဂံကို ကမ္ဘောဒီးယား နိုင်ငံမှာရှိတဲ့ အန်ကောဝပ်နဲ့ ယခုလို ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့တစုံထဲသော ဝတ်စုံလေးကို တန်ဖိုးထား ထိန်းသိမ်းပြီး ကျနော်တို့ မြန်မာတမျိုးသားလုံး မြတ်နိုး တန်ဖိုး ထားနေရသလိုပေါ့။ |
“ပုဂံလိုပဲ ကမ္ဘောဒီးယားမှာ ရှိတဲ့ အန်ကောဝပ်ဟာလဲ ကမ္ဘာက မြတ်နိုးရတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တခုပဲ။ အဲဒီကတော့ အဆောက်အဦးက ိုရှေးမူမပျက်ပဲ ထိန်းသိမ်းထားတယ်။ လွယ်လွယ်ပြောရင် အဟောင်းကြီးပေါ့ဗျာ။ ပုဂံမှာတော့ တချို့အသစ်လေးတွေ မြင်နေရတယ်” ဆိုပြီး သုံးသပ်ပါတယ်။
အခုလို တကမ္ဘာလုံးက မြတ်နိုးတန်ဖိုးထားတဲ့ ပုဂံ ဗိသုကာလက်ရာတွေရဲ့သီးခြား ရပ်တည်မှုကို ဆရာမော်လင်း အသေးစိတ် ကောက်ချက်ဆွဲ ပါတယ်။ သူပြောပုံက ဗုဒ္ဓယဉ်ကျေးမှုဆိုတာ၊ ဗုဒ္ဓသာသနာဆိုတာ အိန္ဒိယက လာခဲ့တာ။ ပုဂံခေတ် ဗိသုကာ လက်ရာတွေဟာလဲ ပျူခေတ် ဗိသုကာလက်ရာတွေကို မှီငြမ်းတာ၊ အိန္ဒိယကို မှီငြမ်းတာ။ ယဉ်ကျေးမှုဆိုတာ ကူးလူးဆက်ဆံရင်း ပြောင်းလဲ တိုးတက်ရတာ ဆိုပေမယ့် ပုဂံ ဗိသုကာ လက်ရာတွေကတော့ သီးခြားဖြစ်တယ်။ လောကနန္ဒာဘုရား၊ ဗူးဘုရား၊ ရွှေစည်းခုံ၊ အာနန္ဒာဘုရားနဲ့ သဗ္ဗညုတွေဟာ အလွန်ထင်ရှားတဲ့ ပုဂံလက်ရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ်မိသားစုရဲ့ မိဘဘိုးဘွား အမွေအနှစ်တွေဟာ ယဉ်ကျေးမှု တန်ဖိုးမြင့်လာရင်၊ သမိုင်းဆိုင်ရာ တန်ဖိုးမြင့်လာရင် ကိုယ်လူမျိုးရဲ့ မိဘဘိုးဘွားအမွေ ဖြစ်လာမယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစုံထဲသော ဝတ်စုံလေးကို တန်ဖိုးထား ထိန်းသိမ်းပြီး ကျနော်တို့ မြန်မာတမျိုးသားလုံး မြတ်နိုး တန်ဖိုးထားနေရသလိုပေါ့။ ပုဂံ ဗိသုကာလက်ရာ ယဉ်ကျေးမှုတွေဟာလဲ ကမ္ဘာ့အမွေအနှစ်ပါပဲ။ World Haritage ပေါ့ လို့ သာဓကများနဲ့ ခိုင်းနှိုင်း ပြောဆိုသွားပါတယ်။
ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂံရဲ့ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းကြဖို့က အင်မတန် အရေးကြီးတယ်။
ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းကို ပြောရမယ်ဆိုရင် ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန်ကိုးကားချင်ပါတယ်လို့ ဆရာမော်လင်းက ပြောပါတယ်။
သူကိုးကားပုံက “ ရှေးဟောင်းပစ္စည်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့ အခါမှာ Conservation (မပျောက်မပျက်အောင် ထိန်းသိမ်းတာ)၊ Preservation (ဆက်ပြီး မပြိုပျက်အောင် ကာကွယ်တာ)၊Restoration (မူရင်းပုံစံ မပျက် ပြန်တည်ဆောက်တာ) ဆိုပြီး ရှိတယ်လို့ ညွှန်ပြပြီး
“ဒီတော့ဗျာ ပုဂံရှေးဟောင်းဗိသုကာလက်ရာတွေ ပျောက်ပျက်ကုန်ရင် ဆက်ပြီး ပြိုပျက်ကုန်ရင် မူရင်းပုံစံတွေ ပျောက်ကုန်မယ်ဆိုရင် ကျနော်တို့ ညံ့လို့ပေါ့ “ လို့ မာန်အပြည့်နဲ့ ပြောဆိုသွားပါတယ်။
ဟုတ်ပါတယ်။ ကမ္ဘောဒီးယားက အန်ကောဝပ်တို့၊ ရောမတို့၊ ဂရိတို့၊ အီဂျစ်တို့မှာ ကျကျနန မူရင်းအတိုင်း ထိန်းသိမ်းထားပြီး ကမ္ဘာက မြတ်နိုးနေရတာကို မြင်နေရပါတယ်။ ဒီတော့ ဗီးနပ်စ်ရုပ်တုကို လက်တပ်ပေးလိုက်ရင် ပိုပြည့်စုံသွားမယ် ထင်ရင်တော့………… လို့ ဆိုတဲ့ ဆရာမော်လင်းရဲ့စကားကိုပဲ ယူသုံးလိုက်ချင်ပါတယ်။