လွှတ်တော်တွင်း နိုင်ငံရေးသာမက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် လွှတ်တော်ပြင်ပ နိုင်ငံရေးဖြင့်ပါ လိုင်းနှစ်လိုင်းဖောက်၍ ပြည်သူ့အရေး ဆောင်ရွက်သင့် ...
ဒေါက်တာ မြတ်ဉာဏစိုးနှင့် အင်တာဗျူး
လွှတ်တော်တွင်း နိုင်ငံရေးသာမက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် လွှတ်တော်ပြင်ပ နိုင်ငံရေးဖြင့်ပါ လိုင်းနှစ်လိုင်းဖောက်၍ ပြည်သူ့အရေး ဆောင်ရွက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
လွှတ်တော်အတွင်း ဒီမိုကရေစီနည်းလမ်း ကျင့်သုံးမှု ရှိမရှိ၊ အာဏာရနှင့် အတိုက်အခံ အားပြိုင်မှု၊ အတိုက်အခံများ၏ အလားအလာ၊ လွှတ်တော်အစည်းအဝေးများနှင့် မီဒီယာ အခန်းကဏ္ဍ၊ ပြည်ပရောက်များ ပြန်လာနိုင်ရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် စသည်များကို မဇ္စျိမသတင်းထောက် မျိုးသိဏ်းက ဒေါက်တာမြတ်ဉာဏစိုးကို တနင်္လာနေ့တွင် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
လွှတ်တော်ထဲမှ ပြောရေးဆိုခွင့်ရတဲ့ အနေအထားက ဒီမိုကရေစီနည်းလမ်း ကျပါတယ်လို့ ဆရာ ပြောခဲ့ဖူးတယ်ပေါ့နော်။ ဘယ်လိုမျိုး ဒီမိုကရေစီ နည်းလမ်းကျလဲဆိုတာ ရှင်းပြပေးပါခင်ဗျ။
’’ကျနော် ဝန်ကြီးဌာန သတ်မှတ်ချက်နဲ့ ဝန်ကြီးဦးရေ သတ်မှတ်ချက်ကို ဆွေးနွေးခွင့် ရခဲ့တယ်။ အကောင်အထည် ဖော်တယ်၊ မဖော်ဘူးဆိုတာကတော့ ကျနော် အခါခါ ပြောခဲ့သလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့က Minority (လူနည်းစု) ပေါ့နော်။ Majority ဖြစ်လာတဲ့ အခါကျတော့ ဒါတွေက Voting System (မဲစနစ်) နဲ့ ဖြစ်သွားလိမ့်မယ်လေ။ အဲ့တော့ ၂ဝ၁၅-၂ဝ၂ဝ အတွက် ၂ဝ၁ဝ က ပထမဦးဆုံး ခြေလှမ်းပဲလို့ ကျနော် ပြောခဲ့ဖူးပါတယ်။ လက်ရှိ ကျနော်တို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အစိုးရ လက်ထက်မှာ ဝန်ကြီးဌာနတွေ တိုးချဲ့တာတွေ၊ ဖျက်သိမ်းတာတွေ ကျနော်တို့ ဘာမှ ဝင်ပြီးတော့ ပြောခွင့်တောင် မရှိဘူး။ အခုတော့ ပြောခွင့်လေးတော့ ရလာတယ်။ အဲဒီတချက်ကို ကျနော် ပြောချင်ပါတယ်’’
“နောက် မနက်ဖြန် ပြန်စမယ့် လွှတ်တော်မှာ ကျနော်တို့ အဆိုတင်သွင်းတာတွေ လာမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အလိုက်ပေါ့နော် ကျနော် မေးမြန်းထားတဲ့ မေးခွန်း ၉ ခု ရှိပါတယ်။ တင်သွင်းထားတဲ့အဆို ၅ ခု ရှိပါတယ်။ အဲဒါတွေကို ကျနော် ဆွေးနွေးခွင့် ရမှာပါ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘယ်လိုပြန်ဖြေဦးမလဲတော့ မသိဘူး။ သို့သော် ကျနော်တို့ မေးမြန်းခွင့်ရမယ်၊ ပြည်သူတွေအတွက် တကယ်ထိရောက်တဲ့ ပြောင်းလဲမှုမျိုးတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်လို့ ကျနော် ဒီစကားကို ပြောခြင်း ဖြစ်ပါတယ်’’
နေပြည်တော်လွှတ်တော်မှာ သမ္မတက အဆိုတင်သွင်းတယ်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေက အဆိုတင်သွင်းတယ်။ အဲဒါကို တခြားကိုယ်စားလှယ်တွေက မကန့်ကွက်နိုင်၊ ကန့်ကွက်တဲ့ အခါမှာလည်း ပယ်ချခံရတဲ့ အနေအထား ရှိနေတယ်။ ဆိုတော့ အခု လွှတ်တော် ၅ နှစ် သက်တမ်းအတွင်းမှာ ဒီအနေအထားပဲ ဆက်ရှိသွားနိုင်မလားခင်ဗျ။
’’ဖြစ်နိုင်တယ်ခင်ဗျ၊ ဖြစ်နိုင်ပါတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီစံနှုန်းက ဘာနဲ့တိုင်းတာမလဲ။ ဒီစံနှုန်းကို ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဆိုတဲ့ စကားပေါ့။ ဒီမိုကရေစီ အငွေ့အသက်တွေရှိနေပြီ ဒီမိုကရေစီ ထွန်းကားစ ပြုနေပြီဆိုတာ မွေးကင်းစ ကလေးလိုပါပဲ။ အနောက်နိုင်ငံ စံနှုန်းနဲ့ကော၊ ကျနော်တို့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံ စံနှုန်းနဲ့လောက်နဲ့တောင် ချိန်ထိုးလို့ မရသေးဘူး။ ကျနော်တို့ ၄၈ နှစ်တိတိ ဒီမိုကရေစီ ထွန်းကားမှု မရှိဘဲနဲ့ နေခဲ့ရတာကိုး။ ကျနော်ကတော့ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းထက် Democratic Practice (ဒီမိုကရက်တစ် အလေ့အကျင့်) လို့ပဲ ကျနော်သုံးချင်တယ်။ ဒီမိုကရေစီဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်း ဒါက အသုံးအနှုန်း တရပ်ပဲ။ ဒီမိုကရေစီ အလေ့အကျင့်ပေါ့ဗျာ။ ဆိတ်သုဉ်းနေခဲ့တာ ၄၈ နှစ် ကြာခဲ့ပြီ’’
’’အရွေ့တခုကို တွန်းမယ်ဆိုရင် အခုအချိန်မှာ လူနည်းစု၊ လူများစု။ အချိန်တခုမှ မျှချေဖြစ်လာလိမ့်မယ်။ နောက် အချိန်တခုကျရင်တော့ ကျနော်တို့ဘက်က လူများစု ဖြစ်သွားလိမ့်မယ်။ အဲဒါလေးကိုတော့ သည်းခံပြီး စောင့်နိုင်မယ်ဆိုရင် ကျနော်တို့ လိုလားတဲ့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ကိုရောက်သွားလိမ့်မယ်။ ဒါကို ကျနော် ဆိုလိုတာပါ။ အခု အစိုးရဘက်ကကို သူတို့ သုံးနှုန်းတဲ့ အထဲမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံး ပါလာပြီဗျ။ ဟုတ်ပြီနော်။ နဂိုတုန်းက ဒါ မပါဘူး။ အဲဒီတော့ ဒီဟာလေးတွေက အပေါင်းလက္ခဏာ ဆောင်တယ်လို့ ကျနော်က တွက်ပါတယ်။ အင်မတန်ကို နှေးကွေးလေးလံလိုက်တာ၊ ဟာ … ဒီလောက်ကလေးပဲ ရသလားလို့ မေးရင်တော့ ဒီလောက်ကလေးပဲ ရတာတောင် တော်သေးတယ်လို့ ဖြေချင်ပါတယ်။ ဒီလောက်ကလေးကပဲ စရမှာပဲ။ စေ့ထားတဲ့ တံခါးလေးကို တွန်းဖွင့်ပြီး ကျနော်တို့က ဖြည်းဖြည်းချင်း ဝင်သွားရမှာခင်ဗျ’’
လွှတ်တော်ထဲမှာ လူအများစုဖြစ်တဲ့ ကြံ့ခိုင်ရေးအမတ်တွေ၊ တပ်ကိုယ်စားလှယ်တွေနဲ့ ဆရာတို့ နိုင်ငံရေးပါတီတွေ အနေအထားကကော ဘယ်လိုများ ရှိသလဲခင်ဗျ။
’’အခု လွှတ်တော်ထဲမှာ ကြာလာတဲ့အခါကျတော့ ကျနော်တို့က တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု တော်တော်ကို ရှိလာပါပြီ။ အားလုံးအတွက် အကျိုးရှိမယ့် အဆိုမျိုးဆိုရင် တဖက်သပ်ကြီး ဒါကတော့ NDF က လွှတ်တော်ကိုယ်စားလှယ် တင်တာမျိုးမို့လို့ မဲနဲ့ အရေးနိမ့်မယ်ဆိုတာမျိုး မဟုတ်တော့ဘူးခင်ဗျ။ အဲဒီ အခင်းအကျင်း အရိပ်အယောင်တွေ ကျနော် မြင်နေရပါပြီ’’
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြံ့ခိုင်ရေးက ကိုယ်စားလှယ် ဦးခင်ရွှေက ဧည့်ခံပွဲလုပ်ပေးတဲ့အချိန်မှာ ဆရာက ဒီပွဲကို တခြားပါတီ အမတ်တွေတက်ဖို့ Organize လုပ်ပေးတယ်၊ ပွဲမှာလည်း Announcer လုပ်ပေးတယ်လို့ သိရပါတယ်။ အဲဒီအနေအထားလေးကို ရှင်းပြပါဦး။
’’ကျနော်နဲ့ ဦးခင်ရွှေနဲ့၊ ဇေကမ္ဘာဦးခင်ရွှေ ဒေါက်တာခင်ရွှေနဲ့က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ရင်းနှီးပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် စပြီးထောင်တဲ့ အချိန်ပါ။ ကျနော်က အမှုဆောင်၊ ဆေးမှူး အဲလို တာဝန်ယူတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာပါ။ ဆွေမျိုးတော်စပ်ခြင်း လုံးဝမရှိပါဘူး’’
’’အဲဒီနေ့က ဦးခင်ရွှေက ဧည့်ခံပွဲလေး လုပ်ပေးတယ်။ ဟုတ်ပါတယ်။ သူ့ဖိတ်စာပေါ်မှာ ဘာရေးထားလဲဆိုတော့ 'နိုင်ငံရေး မပါသော' တဲ့။ ကျနော်တို့ ဒီမှာ ရက်ရှည်လများ လွှတ်တော်တက်နေရတယ်။ အဲဒီအခါကျတော့ အပြောင်းအလဲလေး Relaxation သွားတယ်၊ စားတယ်။ ဘယ်အခမ်းအနားမဆို Organizer ဆိုတာတော့ လိုတာပဲ။ အဲဒီတော့ ကျနော်သည် ပြည်သူလူထုကို စည်းရုံးပြီး ဒီလွှတ်တော်ထဲကို ရောက်လာတယ်။ အဲဒီတော့ နိုင်ငံရေးသမားရဲ့ အရည်အချင်းက ဘာဖြစ်မလဲ၊ စည်းရုံးရေးပေါ့နော်။ စည်းရုံးရေး အသွင်ဆောင်တဲ့အနေနဲ့ ကျနော် ကူညီပေးတာ ဖြစ်ပါတယ်။ နောက် အဲဒီမှာ Master of Ceremony (ပွဲကြီးကြပ်ဦးဆောင်သူ) အနေနဲ့ ကျနော် လုပ်ပေးတယ်။ ဘာလို့ အဲလိုလုပ်ပေးလဲဆိုတော့ အဲဒီမှာ အားလုံး ၆၇ ဦး တက်တယ်ဗျ။ ပြည်ခိုင်ဖြိုးမှ အပပေါ့နော်။ အခမ်းအနားတခု လုပ်မယ်ဆိုရင်တော့ Master of Ceremony ရှိရမှာပေါ့။ အဲဒီတော့ ဘယ်သူမှလဲ တာဝန်ပေးတာ မဟုတ်ဘူး။ ကျနော်ကိုယ်၌က ရင်းနှီးစေချင်တယ်။ တသွေးတည်း၊ တသားတည်း ဖြစ်စေချင်တယ်။ အဲဒီ စေတနာ သက်သက်နဲ့ ကျနော်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်’’
ပြီးခဲ့တဲ့ ၂၆ ရက်နေ့က NDF အပါအဝင် ပါတီ ၁ဝ ခုက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့၊ အဝေးရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ထုတ်ပြန်ချက်တရပ် ထုတ်ခဲ့ပါတယ်။ အဲဒီဟာကို လွှတ်တော်ထဲမှာ တရားဝင် တင်ပြသွားဖို့ အစီအစဉ်ရှိပါသလား။ အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးပြောနေတော့ ဒီကိစ္စက ဘယ်လိုဖြစ်လာနိုင်သလဲခင်ဗျ။
’’ဒါကို တချို့သော ပုဂ္ဂိုလ်များက လွှတ်တော်မှာ အဆိုအနေနဲ့ တင်သွင်းထားပြီးပါပြီ။ ဒီကိစ္စက အခြေခံဥပဒေ ထဲမှာလည်း နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါပါတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ။ ကျနော့်အယူအဆအရက အာဏာလွှဲပြောင်းပြီးတဲ့ အချိန်ကျရင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဒါကို ပေးကို ပေးမှာပါ။ ၁၉၈ဝ သံဃနာယက အစည်းအဝေးကြီး ပြီးတုန်းကလည်း ပေးခဲ့တာပဲဆိုတော့ ဒါလေးက ဖြစ်လာလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်’’
လွှတ်တော်မှာ တင်ပြမယ်ဆိုတဲ့ အချက် ၉ ချက်ဆိုတာကော ပြောပြပေးလို့ ရမလားခင်ဗျ။
’’အဲဒါက လွှတ်တော်ရဲ့ ဓလေ့ထုံးစံအရ မေးခွန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ပြန်လည် ဖြေကြားပြီးတဲ့ အချိန်ကျမှ သတင်းထုတ်ပြန်ရမယ်လို့ ရှိပါတယ်။ အကြမ်းဖျဉ်း ခြံုငုံပြီးတော့ ပြောရရင်တော့ စီးပွားရေးနဲ့ ဆိုင်တာတွေ ပါတယ်ဗျာ၊ စွမ်းအင်ကိစ္စနဲ့ ဆိုင်တာတွေပါတယ်ဗျာ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတွေ ပါတယ်ဗျာ၊ နောက် လူတွေ အကုန်သိချင်နေကြတဲ့ ဘက်ဂျက်ကိစ္စလည်း ပါတယ်ဗျာ။ နောက်ထပ် ထပ်တင်ပြဖို့လည်း ရှိပါသေးတယ်’’
လွှတ်တော်အစည်းအဝေး ၁၃ ရက် ၁၃ ကြိမ်ကျင်းပပြီးတဲ့ နေရာမှာ အစိုးရမီဒီယာကလွဲရင် ပုဂ္ဂလိက မီဒီယာတွေနဲ့ နိုင်ငံခြား သတင်းမီဒီယာတွေကို ဝင်ခွင့်မပေးသေးဘူး။ ဒီအပေါ်မှာကော ဒေါက်တာနဲ့ တခြား လွှတ်တော်အမတ်တွေရဲ့ အမြင်က ဘယ်လိုရှိသလဲခင်ဗျ။
’’အဲဒါက သတင်းထုတ်ပြန်ရေးအဖွဲ့ပေါ့နော်။ အဲဒီအဖွဲ့လည်း မဖွဲ့စည်းရသေးဘူး။ နောက်ပြီးတော့ လွှတ်တော်မှာ ရေးရာကော်မတီ။ ဆိုလိုတဲ့သဘောကတော့ လွှတ်တော်က စတော့ စနေတယ်၊ အသက်တော့ ဝင်နေပြီ၊ သို့သော် ပြည့်ပြည့်ဝဝ လည်ပတ်မှု မရှိသေးဘူး။ ဒီမီဒီယာတွေကို လွှတ်တော်ကိုယ်စားလှယ်များကပဲ ထိန်းချုပ်ရမှာပဲ။ မီဒီယာတွေအတွက်ကို ဘယ်ကော်မတီက တာဝန်ယူမလဲ။ ဒီကော်မတီတွေ မရှိသေးဘူး။ လွှတ်တော်ရုံးအဖွဲ့ကတော့ သူတို့က ဝန်ထမ်းပဲ၊ သူတို့က staff (ဝန်ထမ်း) ပဲ။ အဲဒီအခါကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို တားမြစ်ခွင့်တို့ ညွှန်ကြားခွင့်တို့ ပြောရေးဆိုခွင့်တို့ အဲဒီအခွင့်အာဏာတွေ မရှိဘူး။ မရှိတဲ့အတွက် ဒါတွေကို တဆင့်ပြီးတဆင့် အကောင်အထည် ဖော်ရမယ်။ သိပ်မလောကြပါနဲ့လို့ ကျနော်ကတော့ ပြောချင်ပါတယ်’’
အခု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်ဆောင်သွားမယ်လို့ ပြောထားတာ ရှိပါတယ်။ ဒီအပေါ်မှာကော လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြောချင်တာများ ရှိမလားခင်ဗျ။
’’ဒါ မှန်ပါတယ်ခင်ဗျ။ ကျနော်တို့ အစောကြီးကတည်းက ပြောခဲ့ပါတယ်။ လွှတ်တော်တွင်း နိုင်ငံရေးလည်း ရှိရမယ်၊ လွှတ်တော်ပြင်ပ နိုင်ငံရေးလည်း ရှိရမယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်ချက်တွေထဲက ဘယ်ဟာတွေကို ကောက်နုတ်ပြီး ကျနော်တို့ တင်ပြလို့ရမလဲ၊ အရေးဆိုပေးလို့ရမလဲ၊ ပြည်သူတွေအတွက် တောင်းဆိုပေးလို့ရမလဲ ဒါတွေကို ကျနော်တို့က လုပ်ရမှာ။ အဲဒီတော့ လိုင်းနှစ်လိုင်းနဲ့ ဖောက်ရမှာပေါ့နော်။ အတွင်းလိုင်းရယ်၊ အပြင်လိုင်းရယ်။ အဲဒီတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကလည်း ရှိကိုရှိရမှာပါ။ မလွဲမသွေကို လုပ်ဆောင်ရမယ့် နိုင်ငံရေးပါ’’
တခြားဘာများ ပြောချင်တာ ရှိမလဲခင်ဗျ။
’’ကျနော်တို့တိုင်းပြည်ဟာ ၄၈ နှစ်တာ အလုံပိတ်အခန်းတခုထဲမှာ နေရသလိုပဲ။ အခု တံခါးလေးကလည်း ဟရုံလေးပဲ ရှိလာတဲ့အချိန်မှာ ကျနော်တို့လည်း အရွေ့တခုကို သွားနေပါတယ်။ ဒီအရွေ့ကို မရွေ့ရွေ့အောင် ဖော်ဆောင်နေပါတယ်။ ကျနော်တဦးတည်း ပုဂ္ဂလိကအနေနဲ့ ပြောရရင် ကျနော် ဒီအရွေ့ကိုရအောင် တွန်းနေပါတယ်။ သို့သော် အရွေ့များခြင်း၊ နည်းခြင်းဟာ အချိန်ကာလနဲ့လည်း ဆိုင်ပါတယ်။ တယောက်ကိုတယောက် အပြုသဘော ဆောင်တဲ့ ဆွေးနွေးချက်လေးတွေ ဆွေးနွေးကြမယ်၊ ပြောဆိုကြမယ်၊ မြင်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ရွေ့တဲ့နှုန်း ပိုပြီးတော့ မြန်ဆန်လာပါလိမ့်မယ်။ အဲဒီတော့ နောက်ဆုံးပိတ်အနေနဲ့ ပြောချင်တာကတော့ အခုရေတွင်းတူး၊ အခုရေကြည်သောက်တော့ မရဘူးပေါ့။ အဓိကကတော့ ကျနော်တို့ အချင်းချင်းက ကျနော်တို့ လူမျိုးတွေပဲလေ အားလုံး ညီညွတ်ဖို့က အဓိကပါလို့ ကျနော် ပြောချင်ပါတယ်’’