ထိုင်းလူမျိုး ၄ ဦးက မြန်မာအလုပ်သမား ခင်ပွန်းသည်ကို ရိုက်နှက်ပြီး ဇနီးသည်ကို အဓမ္မပြု သတ်ဖြတ်သွားသည့် ဖြစ်ရပ်တခု ထိုင်းနိုင်ငံတောင်ပိုင်း၌ တနင်္ဂနွေနေ့ မနက်တွင် ဖြစ်ပွားခဲ့သည် ...
ထိုင်းလူမျိုး ၄ ဦးက မြန်မာအလုပ်သမား ခင်ပွန်းသည်ကို ရိုက်နှက်ပြီး ဇနီးသည်ကို အဓမ္မပြု သတ်ဖြတ်သွားသည့် ဖြစ်ရပ်တခု ထိုင်းနိုင်ငံတောင်ပိုင်း၌ တနင်္ဂနွေနေ့ မနက်တွင် ဖြစ်ပွားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ အဆိုအရ သိရသည်။
ချုံဖော်ခရိုင် ထပ်ဆပ်မြို့နယ် ဘန့်ကျန်ထိန့်ဒေသတွင် ထိုင်းလူမျိုး ၄ ဦးက ရော်ဘာခြံလုပ်သား ကိုအောင်ငွေ (၁၉ နှစ်) ကို ထိုးကြိတ်ရိုက်နှက်ပြီး၊ ဇနီး မဝေဝေလွင် (၂ဝ နှစ်) ကို မတရားပြုကျင့်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု သိရခြင်း ဖြစ်သည်။
“စနေနေ့ညက ဖြစ်တာပါ။ ည ၁၂ နာရီကျော်လောက်မှာ ထိုင်း ၄ ယောက် သူတို့ခြံထဲကို ဝင်လာပြီး အောင်ငွေကို ထုထောင်းရိုက်နှက်ပြီး ရေကန်ထဲပစ်ချတယ်။ ပြီးတော့ ကောင်မလေးကို ရေကန်ဘေးမှာပဲ မတော်မတရား ပြုကျင့်ခဲ့တာပါ” ဟု မဝေဝေလွင်၏ အကိုဝမ်းကွဲတော်သူ ကိုထွန်းခိုင်က မဇ္စျိမကို ပြောသည်။ ထို့နောက် ၎င်းတို့ပါလာသော သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။
သေဆုံးပြီထင်၍ ရေကန်ထဲ ပစ်ချခံထားရသူ ကိုအောင်ငွေ သတိရလာပြီး ရေကန်ဘောင်ပေါ် ပြန်အတက် သစ်ကိုင်းခြောက် နင်းမိသဖြင့် ထိုင်းများက သတိပြုမိသွားကာ သေနတ်ဖြင့် ၃ ချက် လှမ်းပစ်ကြောင်းနှင့် သေနတ်ကျည်ဆံတခု ဝဲဘက်လက်ပြင်တွင်းသို့ ဝင်ရောက်သွားသော်လည်း အနီးရှိ ရော်ဘာခြံသို့ သွား၍ ဆွေမျိုးသားချင်းများထံသို့ ဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
“အောင်ငွေ အဲလိုပြေးပြီး ဖုန်းဆက်ပြောမှ သူ့ဆွေမျိုးတွေက သိတာ။ အဲဒါနဲ့ လူစုပြီး သွားပြန်ကြည့်တော့ ၃ နာရီ ထိုးနေပြီ ရေကန်ဘေးမှာ အလောင်းပဲ တွေ့တော့တယ်။ ဖျာတွေ၊ မွေ့ယာတွေအပေါ်မှာပါ။ ခေါင်းထဲကို သေနတ်နဲ့ ပစ်ထည့်သွားတယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။
ကိုအောင်ငွေမှာ သတိပြန်မလည်သေးသဖြင့် ယခုအခါတွင် ချုံဖော်ဆေးရုံကြီးတွင် အရေးပေါ် ဆေးဝါးကုသနေရသည်။
ရဲက ၄ ဦးအနက် ၃ ဦးကို ဖမ်းဆီးပြီး တဦးလွတ်နေသည်။ ထို့အတွက် ယနေ့မနက် ၁၁ နာရီတွင် မဝေဝေလွင် ရုပ်အလောင်း ထားရှိရာ ဘုန်းကြီးကျောင်းသို့ ရဲများက တရားခံအဖြစ် စွပ်စွဲခံထားရသူ ၃ ဦးနှင့်အတူ လာရောက်၍ မှုခင်းမှတ်တမ်းတင် သက်သေခံချက် ယူသည်။
“သူ့သူဋ္ဌေးက အကုန်လိုက်လုပ်ပေးပါတယ်။ ဒီမနက်မှာ လာပြီး အလောင်းရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းတယ်။ တီဗီနံပါတ် ၃ လိုင်းကလည်း လာရိုက်တယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။
မဝေဝေလွင်သည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရင်သောင်ရွာဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ တနှစ်ခန့်သာ ရှိသေးသည်။ ဖခင်ဖြစ်သူ ဦးဝင်းဋ္ဌေးမှာ စူရပ်ဌာနီခရိုင်တွင် လုပ်ကိုင်နေပြီး ကိုအောင်ငွေနှင့် အိမ်ထောင်ကျသည်မှာ ၆ လ ခန့်သာ ရှိသေးသည်။
မဝေဝေလွင်၏ အသုဘပွဲကို မနက်ဖြန် ပြုလုပ်မည် ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် ရော်ဘာပင်စိုက်ပျိုးသည့် စီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်ကြရာတွင် ခြံအလုပ်သမားအများစုမှာ မြန်မာပြည်သားများ ဖြစ်သည်။ လူသူအလှမ်းဝေးသည့် တောတောင်ထဲရှိ ရော်ဘာခြံများအတွင်း နေထိုင်ကြရသူများမှာ ဓားပြတိုက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အသတ်ခံရခြင်းများ ကြံုတွေ့ရတတ်ရှိသည်။