အပူ မများ၊ မိုးကောင်းမည်ဟု ဦးထွန်းလွင် ခန့်မှန်း

အပူ မများ၊ မိုးကောင်းမည်ဟု ဦးထွန်းလွင် ခန့်မှန်း
by -
မျိုးသန့်

မြန်မာနိုင်ငံ ဒေသအများအပြားတွင် ယခုနှစ်နွေရာသီ၌ အပူမများဘဲ မိုးကောင်းလာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။ ...

ချင်းမိုင် (မဇ္စျိမ) ။      ။ မြန်မာနိုင်ငံ ဒေသအများအပြားတွင် ယခုနှစ်နွေရာသီ၌ အပူမများဘဲ မိုးကောင်းလာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင် မတ်လမှစ၍ ဇူလိုင်လအထိ မိုးရွာနိုင်ပြီး အပူလွန်ကဲခြင်း မရှိနိုင်ဟု ခန့်မှန်းပြောဆိုခြင်း ဖြစ်သည်။

“ကျနော်တို့ခန့်မှန်းချက်ကတော့ ဇူလိုင်အထိတော့ မိုးရွာမှာပဲ။ အထူးသဖြင့် တောင်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ် တဖြည်းဖြည်းနဲ့ မိုးက မြောက်ပိုင်းကို လိုက်လာမှာပဲ။ မိုးလည်းကောင်းမယ်၊ အပူလည်း မများဘူးလို့ ခန့်မှန်းထားတယ်။ မတ်လကတည်းက စခန့်မှန်းပါတယ်” ဟု ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။

တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်၊ ရှမ်း၊ မွန်နှင့် ကရင်ပြည်နယ်တွင် ၅ ရက်မှ ရ ရက်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု အင်္ဂါနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေသည်လည်း စီးဆင်းရာ လမ်းကြောင်းတလျှောက်တွင် ပေဝက် (၆ လက်မ) မှ ၃ ပေအထိ မြင့်တက်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် မြန်မာ့မြောက်ပိုင်း ဒေသများတွင် မတ်လအတွင်း မိုးရွာသွန်းနိုင်ခြေ မရှိခြင်းကြောင့် မြစ်ရေ မြင့်တက်လာဖွယ် မရှိဟု ဦးထွန်းလွင်က ဆိုသည်။

“မြောက်ပိုင်းဒေသကတော့ ကျနော်ကတော့ မိုးမရွာတဲ့ဘက်က ပိုများတယ်ဗျ။ တောင်ပိုင်းကတော့ မိုးရွာမယ် လက်ခံတယ်။ မြောက်ပိုင်းကတော့ မိုးမရွာနိုင်ဘူးလို့ ထင်တယ်။ မိုးမရွာနိုင်ဘူးဆိုတော့ ဒါ ထုံးစံကတော့ ချင်းတွင်း၊ ဧရာဝတီကတော့ ရေတက်ဖို့ အကြောင်းမရှိဘူးလေ” ဟု သူက ပြောဆိုသည်။

ယခုနှစ်အတွင်း ရာသီဥတုဒဏ် ဆိုးရွားစွာ မခံရနိုင်ဟု ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက ယခုနှစ် မဟာသင်္ကြန်စာကို အခြေခံကာ ပြောဆိုသည်။

“သကြားမင်းက ရေအိုးပိုက်ဆင်းရင်တော့ ကောက်ပဲသီးနှံ အထွက်နှုန်းတို့ဘာတို့ ကောင်းပါတယ်။ ပိုးမွှားဖျက်ဆီးမှု အန္တရာယ်လည်း ကင်းပါတယ်။ ယေဘုယျအားဖြင့်တော့ ဒီနှစ်ထဲမှာ ရာသီဥတုဒဏ် ကြီးကြီးမားမား မရှိနိုင်ဘူး” ဟု သူက ဆိုသည်။

ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်ထက် မီးဘေးအန္တရာယ်ကို ပိုသတိထားသင့်ကြောင်း သူက ပြောဆိုသည်။

“ရာသီဥတုကတော့ သကြားမင်းက သိန္တောမြင်းစီးပြီးတော့ ယေဘုယျအားဖြင့်တော့ အေးချမ်းတဲ့ သဘော။ တချို့တွေကလည်း မီးအလောင်ဓာတ် ရှိတယ်ပေါ့နော်၊ မီးအန္တရာယ် ရှိတယ်ပေါ့။ သဘာဝအန္တရာယ်ထက် မီးဘေးအန္တရာယ်ကို ပိုပြီးတော့ သတိထားရမယ့်သဘောပဲ”

ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတွင် မီးလောင်မှု ရ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဘေးဒုက္ခသည် ၈၁၆ ဦး ရှိကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ ဒဿမ ဝ၄ သန်း ကျော်ရှိသည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန စာရင်းထုတ်ပြန်ချက်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မကွေးမြို့နယ် ဆူးပစ်စမ်းရွာတွင် မီးလောင်မှုကြောင့် အိမ်ခြေ ၁၈၄ လုံး၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မကွေးမြို့နယ် ညောင်ပင်ရွာတွင် အိမ်ခြေ ၁၄ လုံး ဆုံးရှုံးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။  ရန်ကုန်တိုင်း အင်းစိန်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ အိမ်ခြေ ၅ လုံး၊ စစ်ကိုင်းတိုင်း ခင်ဦးတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ အိမ်ခြေ ၉ လုံးနှင့် မကွေးတိုင်း မင်းဘူးမြို့နယ် ချောင်းဖြူရွာ အိမ်ခြေ ၂ဝ၈ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုထားသည်။