လူ့အဖွဲ့အစည်းရှိ မည်သည့် ကိစ္စရပ်မျိုးနှင့်မဆို ထိတွေ့ဆက်စပ်နေသည့် နိုင်ငံရေး သိပ္ပံဘာသာရပ်ကို မြန်မာနိုင်ငံ တက္ကသိုလ်များ၌ ပြဋ္ဌာန်း သင်ကြားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြော ...
နယူးဒေလီ(မဇ္စျိမ) ။ ။ လူ့အဖွဲ့အစည်းရှိ မည်သည့် ကိစ္စရပ်မျိုးနှင့်မဆို ထိတွေ့ဆက်စပ်နေသည့် နိုင်ငံရေး သိပ္ပံဘာသာရပ်ကို မြန်မာနိုင်ငံ တက္ကသိုလ်များ၌ ပြဋ္ဌာန်း သင်ကြားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။
“Political Science က အင်မတန်အရေးကြီးတဲ့ ဘာသာရပ် ဖြစ်တယ်။ Political Science ကို ကျောင်းသား လူငယ်တွေ အားလုံး သိသင့်တယ်။ နောက်ပြီး ရိုးရိုးတန်းတန်း အရပ်သူ အရပ်သားတွေလဲ သိသင့်တယ်။ Political Science ဆိုတာက ကျနော်တို့ လူ့အဖွဲ့အစည်းတွေမှာ အကြောင်းအရာ ကိစ္စတိုင်းကို ထိတွေ့နေတဲ့ ကိစ္စကြီး ဖြစ်တယ်ပေါ့ဗျာ” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံကို အထူးပြုအနေဖြင့် သင်ယူခွင့်ရှိခဲ့သည်။ ၁၉၆၂ အာဏာသိမ်းပြီးစထိ အနောက်တိုင်းသမိုင်းဌာနတွင် နိုင်ငံရေးသိပ္ပံကို တွဲဖက်ထားခဲ့ပြီး ထိုစဉ်က သင်ရိုးများတွင် အစိုးရ မူဝါဒများ ထည့်သွင်းသင်ကြားခြင်း မဟုတ်ဘဲ အုပ်ချုပ်မှု၊ လူ့အဖွဲ့အစည်း၊ စီးပွားရေး စသည့် ကဏ္ဍများအလိုက် သင်ယူခဲ့ရသည်။ စာရေးဆရာနိုင်ငံရေးသမားကြီး ဦးသိန်းဖေမြင့်က တက္ကသိုလ်တွင် မာ့က်စ်ဝါဒသင်ကြားသင့်သည်ဟု လှုံ့ဆော်ရေးခဲ့သည်။
“အစိုးရနဲ့ မကိုက်လို့ဆိုတဲ့၊ ငါတို့ ပေါ်လစီနဲ့ မကိုက်တဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ခေတ်အလိုက် ပြောင်းသွားတဲ့ ဒီ Trend ကြီး တခုလုံးပေါ့။ ရွေ့လျားနေတဲ့ အခြေခံရုပ်တွေ၊ အုပ်ချုပ်ရေးစနစ်တွေ၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ စနစ်တွေ ပြောင်းလဲလာတဲ့အမျှ၊ စီးပွားရေးစနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ၊ နိုင်ငံရေးပညာရဲ့ ပြောင်းလဲမှုတွေ၊ နိုင်ငံရေးပညာရဲ့ အပြောကျယ်မှုတွေ အဲဒါတွေအကုန်လုံးကို ပို့ချတာပဲဗျ” ဟု ဝါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းတင်က ပြောဆိုသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ပါတီမူဝါဒများကို သင်ကြားပို့ချသည့် ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းကို ၁၉၆၃ နောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဦးဆောင်ရေးဆွဲခဲ့သည့် မောင်ချစ်လှိုင် ဦးစီးသည့် ထိုကျောင်းတွင် နိုင်ငံရေးသင်တန်းခေါ်သည့် ကေဒါ သင်တန်းများဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများကို ပါတီ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့သည်။
မဆလကို ဝေဖန်သင်ကြားမှုဖြင့် မန္တလေးတက္ကသိုလ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာမောင်မောင်ကြီး ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံကို အောင်မှတ်အတွက် မသင်မနေရသင်ရသည့် အခြေအနေမျိုးရှိခဲ့သည်။
ပြည်တွင်းအခြေစိုက် ဝါရင့်စာရေးဆရာတဦးက “ဟိုခေတ်တုန်းက Political Science ဆိုတဲ့ ဟို subject (ဘာသာရပ်) ပြည့်ပြည့်ဝဝပေါ့ဗျာ။ မဆလ ခေတ်က သင်တဲ့ Political Science ဆိုတဲ့ ဟာကတော့ နာမည်သာ Political Science ဆိုပေမယ့်လို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ သဘောတရားကို သင်တာပေါ့ဗျာ။ အခု Political Science ဆိုတဲ့ ဘာသာရပ်ရဲ့ကဏ္ဍတွေ စုံလင်အောင်ပေါ့ဗျာ။ ပြည့်ပြည့်စုံစုံ သင်မယ်ဆိုရင် နိုင်ငံရေးနဲ့ပတ်သက်လို့ ဗဟုသုတရှိမယ်၊ အမြင်ကျယ်မယ်ပေါ့ဗျာ” ဟု မဇ္စျိမကို ပြောသည်။
ယခုလ ၂၄ ရက်ထုတ် ရန်ကုန်ထုတ် ပြည်သူ့ခေတ်ဂျာနယ်၌ စာရေးဆရာစံမြတ်က နိုင်ငံရေးသိပ္ပံဘာသာရပ် ပြန်လည်ပြဋ္ဌာန်းသင့်ကြောင်း ဆောင်းပါးရေးခဲ့သည်။
ဆောင်းပါးထဲတွင် “နိုင်ငံခြားက ခေါင်းဆောင်အများအပြားဟာ အများအားဖြင့် တက္ကသိုလ်ဘွဲ့ရ ပညာတတ်တွေပါ။ ပြီးတော့ နိုင်ငံရေးသိပ္ပံပညာ၊ နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒပညာ၊ နိုင်ငံရေးဆိုင်ရာ သမိုင်းပညာ၊ နိုင်ငံရေးဆိုင်ရာ ဥပဒေပညာ၊ လူမှုရေး သိပ္ပံပညာ စသဖြင့်နဲ့ အောင်ခဲ့ကြသူတွေ များပါတယ်။ ပညာတွေကို ဒီလိုစနစ်တကျ တတ်ခဲ့ကြလို့ပဲ သူတို့နိုင်ငံတွေကို လက်တွေ့အုပ်ချုပ်ကြတဲ့အခါမှာ တည့်မတ်မှန်ကန်အောင် ဦးဆောင်နိုင်ကြပြီး နိုင်ငံကိုလဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြတာပါ။ ဒါကို ကျနော်တို့ အတုယူကြရပါလိမ့်မယ်” ဟု ဖော်ပြပါရှိသည်။
တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ပြဋ္ဌာန်းခြင်းမျိုးကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကလည်း ထောက်ခံသည်။
“ ကျနော်တို့ကျောင်းမှာ ရှိတုန်းတည်းကလဲပဲ Political Science ဆိုတာ ရှိခဲ့တာပဲ။ Political Science ဆိုတာကတော့ဗျာ…အများကြီး ကျယ်ဝန်းတာပဲ။ မြန်မာနိုင်ငံတော် အဆင့်တက္ကသိုလ်တွေမှာ ရှိသင့်တာပေါ့။ ဒါ့အပြင် တခြားနိုင်ငံက လာပြီးတော့ သင်တဲ့ တက္ကသိုလ်တွေမှာလဲပဲ ဒီဘာသာရပ်မျိုးတွေ ရှိရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရတာပေါ့” ဟု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောဆိုသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်အပြီး NLD ရုံးချုပ်ရှေ့ လူထုဟောပြောပွဲ၌ လူတိုင်းသည် နိုင်ငံရေးနှင့် ပတ်သက်နေပြီး မပတ်သက်ချင်လျှင်လည်း ပတ်သက်နေရမည်ဟု ပြောကြားခဲ့သေးသည်။