ချင်းပြည်နယ်တွင် ကြက် ရာချီသေဆုံး

ချင်းပြည်နယ်တွင် ကြက် ရာချီသေဆုံး
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ယခုလဆန်းပိုင်းကစ၍ ဒေသခံများ မွေးမြူထားသည့် ကြက်များ ရာနဲ့ချီ သေဆုံးနေသည် ဟုသိရသည်။ ...

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ယခုလဆန်းပိုင်းကစ၍ ဒေသခံများ မွေးမြူထားသည့် ကြက်များ ရာနဲ့ချီ သေဆုံးနေသည် ဟုသိရသည်။

ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင်တည် ရှိသည့် Singai, Zongte,Chipcang, Hnahthial စသည့် ကျေးရွာ ၄ ရွာတွင် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ သေဆုံးသွားသည့် ကြက်အကောင်ရေမှာ တစ်ထောင်ကျော်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

“ Sinngai မှာ ကြက်အကောင် ၄၆၀ ၊ Zongte မှာ ၂၇၀ ၊ Chipcang မှာ ၄၀၀၊ Hnahthial မှာ အကောင် ၂၀ လောက်သေပြီ၊ သေရတဲ့ အကြောင်းရင်းတော့ အတိကျမသိနိုင်ဘူး ကြက်ငှက်တုပ်ကွေးကြောင့်လား၊ ရိုးရိုးကြက်နာရောဂါ ကြောင့်လား ဆိုတာတော့ မသိဘူး” ဟု၄င်းကပြောသည်။

ဒေသခံများသည် ၄င်းတို့မွေးမြူထားကြသော ကြက်များ တဖြုတ်ဖြုတ်နဲ့သေဆုံးနေခြင်းကြောင့် အထူးစိုးရိမ်ကြပြီး ဖလမ်းမြို့မှ
တိရိစ္ဆာန် ဆရာဝန် တဦးအား လာရောက်ကြည့်ပေးပါရန် သွားရောက်အကူအညီ တောင်းခံခဲ့ကြသော်လည်း ဆရာဝန်က ငြင်းဆန်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ ကြက်တွေ ဘာကြောင့်သေနေကြမှန်းကို ကျနော်တို့က မသိဘူး ဒါကြောင့် ဖလမ်းတက်ပြီး တိရိစ္ဆာန်ဆရာဝန်တဦးဆီမှာ  အကူအညီ သွားတောင်းတော့ ဆရာဝန်ကဘာပြောလဲဆိုတော့ ငါ့အတွက်လည်း ဘာမှလုပ်အားခ လည်းရမှာမဟုတ်ဘူးဆို တော့လိုက ်မလာနိုင်ဘူးတဲ့၊ ဒါဆိုရင် ကြက် ကာကွယ်ဆေးလေးများရှိရင် ကျနော်တို့ကို ပေးပါဦးလို့တောင်းတော့လည်း ဆရာဝန်က ဘာကာကွယ် ဆေးမှမရှိဘူးဆို ပြီးပြောလွှတ်လိုက်တယ်” ဟု ဒေသခံကပြောသည်။

ယခုကြက်များသေဆုံးသည့် ဒေသသည် ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်းက လူတုပ်ကွေး(AH1N1) ရောဂါတွေ့ရှိခဲ့ကြသည့် ချင်းပြည် နယ် ဖလမ်းမြို့နယ်မှ လဲလက် ကျေးရွာနှင့် နီးစပ်သည့်ကျေးရွာများဖြစ်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ နယ် ဘုမေ ကျေးရွာ အုပ်စု ဘုမေလက်သမားရွာရှိ ကြက်ခြံတခြံ၌ ကြက်အများအပြား အစုအပြံုလိုက် သေဆုံးမှုအပြီး စစ်ဆေးကြည့်ရာမှ အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါ Highly Pathogenic Avian Influenza (HPAI) တွေ့ရှိခဲ့ကြ သည်။

ထို့ကြောင့် ချင်းပြည်၊ ရခိုင်ပြည်နယ်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အစိုးရက မြန်မာနိုင်ငံမှကြက်၊ ကြက်ဥ နှင့် ကြက်သားများမှပြုလုပ်သောအစားအစာများ ဒေသတွင်း တင်ပို့ခွင့်ကို ယခုလ ၂၅ ရက်နေ့က ပိတ်ပင်လိုက်သည်။