မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တိုက်ခိုက်နေသည့် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တို့သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ အစိုးရပိုင် အဆောက်အဦများကို ယခုရက်ပိုင်း ...
မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တိုက်ခိုက်နေသည့် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တို့သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ အစိုးရပိုင် အဆောက်အဦများကို ယခုရက်ပိုင်းအတွင်း ရှောင်တခင် ၀င်ရောက် ဖျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
“ဘီးလင်းမြို့မှာ ကေအာန်ယူတို့က ၀င်ပစ်သွားတယ်။ ဘီးလင်းမြို့က အကောက်အခွန်ရုံးတို့။ တရားရုံးတို့ အနားမှာ သူတို့ဝင်ပစ်ပြီးတော့ အဲဒီရုံးတွေပါ သူတို့က မီးရှို့လိုက်တယ်ဗျ။ ဘယ်လောက် ထိခိုက်မှုရှိတာကိုတော့ အတွင်းရေးကို ကျွန်တော်တို့ လေ့လာလို့အခွင့်မရှိဘူးဗျ။ အဲဒီလိုမျိုး ဖြစ်နေတယ်။”
အဆိုပါ စီးနင်းပစ်ခတ်မှုတွင် စစ်တပ်မှတပ်ကြပ်ကြီး (၁)ဦးသေဆုံးပြီး တပ်သား(၂)ဦးဒဏ်ရာ အပြင်း အထန်ရရှိကာ ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးဝါးကုသခံနေရကြောင်း အဆိုပါဒေသခံမှ ပြောပါသည်။
ဘီးလင်းမြို့နယ်အရှေ့ဘက်(၁၁)မိုင်အကွာ တပ်(၄၄)လက်အောက်ခံခမရ(၃)တပ်ရင်းမှ စစ်တပ်အခြေ စိုက်ရာ သေသားစခမ်းကို ကေအာန်ယူ ဘက်မှယမန်နေ့ည(၇)နာရီတွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာတွင် မြန်မာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုအပါအဝင် လက်နက်များလဲဆုံးရှုံးခဲ့သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး မှ ယခုလိုပြောပါသည်။
“ကေအာန်ယူတပ်မဟာ(၁) ဗိုလ်သစ်တို့အဖွဲ့ဝင်ပစ်သွားတာ။ သေသားစခမ်းကိုပေါ့။ ကျွန်တော်တို့ညက အလောင်းသွားသယ်တဲ့အချိန်မှာတော့ တစ်ယောက်တော့ပွဲခြင်းပြီးတယ်။ ဆေးရုံမှာ(၃)ယောက်လောက် သေ သွားတယ်။ ကေအာန်ယူဘက်ကတော့ တစ်ယောက်မှမထိဘူး။ သူတို့က SK တစ်လက်ရယ် ကာဘိုင်တစ် လက်ရယ် (၁၆)ဗုံးသီးတစ်လက်ရတယ်။”
ထိုတိုက်ပွဲတွင် မြန်မာစစ်တပ်မှ အင်အား(၅၀)ကျော်ရှိပြီး ကေအန်ယူတပ်မှ အင်အား (၁၀၀)ကျော် ရှိကြောင်း၄င်း ကဆိုပါသည်၊
လာမည့်(၁၀)တန်းစာမေးပွဲ ဖြေဆိုမှုပြီးသည့်နောက် ဘီးလင်းမြို့နှင့် မြဝတီမြို့တို့တွင် စစ်အစိုးရတပ်တို့ကို ချေမှူန်းတိုက်ခိုက်မည်ဟု ကေအန်ယူနှင့် ဒီကေဘီအေအဖွဲ့တို့မှ ကြေငြာထားကြောင်း ကရင်နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။ ဘီလင်းမြို့တွင် ကေအန်ယူတပ်မဟာ(၁)မှ ဗိုလ်သစ်နှင့် မြဝတီမြို့နယ်တို့တွင် ဒီကေဘီအေမှ ဗိုလ်မှူးချုပ် နုတ်ခမ်းမွှေး ဗိုလ်ကျော်သက်တို့ ဦးဆောင်ပြီး တိုက်မည်ဖြစ်ကြောင်း၄င်းကဆိုသည်။ ထိုသို့ကြေငြာထားသည့်အတွက် ဘီးလင်းမြို့ရှိရဲစခန်းမှ မိန်းမနှင့် ကလေးများ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း ဘီးလင်းမြို့ခံတစ်ဦးမှပြောပါသည်။
ယခုအခါ ဘီလင်းမြို့နယ်ရှိ ကေအန်ယူတပ်တို့သည် အင်အားများ စုစည်းထားပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားဖို့ အခြေအနေမှာ ရှိနေသည်ဟု ကေအာန်ယူ စစ်ဘက်အရာရှိ တစ်ဦးမှ ပြောပါသည်။