ချီးမြှင့်ငွေနှင့် အသုံးစရိတ် နည်းဟု အမတ်များ ဝေဖန်

ချီးမြှင့်ငွေနှင့် အသုံးစရိတ် နည်းဟု အမတ်များ ဝေဖန်
by -
ကိုဝိုင်း

လွှတ်တော်အမတ်များ၏ လစဉ်ချီးမြှင့်ငွေနှင့် အသုံးစရိတ်များ နည်းနေသဖြင့် အမတ်များ၏ အဆင့်မှာ နိုင်ငံတော်အဆင့်နှင့် မကိုက်မညီ ဖြစ်နေကြောင်း နေပြည်တော်ရောက် အမတ်များက ဝေဖန် ...

ချင်းမိုင် (မဇ္စျိမ) ။       ။ လွှတ်တော်အမတ်များ၏ လစဉ်ချီးမြှင့်ငွေနှင့် အသုံးစရိတ်များ နည်းနေသဖြင့် အမတ်များ၏ အဆင့်မှာ နိုင်ငံတော်အဆင့်နှင့် မကိုက်မညီ ဖြစ်နေကြောင်း နေပြည်တော်ရောက် အမတ်များက ဝေဖန်ပြောဆိုသည်။

သမ္မတနှင့် ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၏ လစာများနှင့် အမတ်များ၏ လစဉ်ချီးမြှင့်ငွေမှာ ၁၀ ဆကျော် ကွာဟနေ (photo MRTV)သမ္မတနှင့် ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၏ လစာများနှင့် အမတ်များ၏ လစဉ်ချီးမြှင့်ငွေမှာ ၁ဝ ဆကျော် ကွာဟနေသည့်အပေါ် နှိုင်းယှဉ်ကာ ဝေဖန်ကြခြင်း ဖြစ်သည်။

နှင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၃၅ သိန်း၊ ဒုဥက္ကဋ္ဌများ သိန်း ၃ဝ သတ်မှတ်ထားကာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များကို လစဉ်ချီးမြှင့်ငွေ ကျပ် ၃ သိန်း ဖြစ်သည်။

“မြန်မာပြည်မှာ လခတွေက ရာထူးအဆင့်အတန်းကို တိုင်းတာပေါ့နော်။ ကျနော်တို့က နိုင်ငံတော် အဆင့်လို့လည်း ပြောသေးတယ်၊ ဗိုလ်မှူးတယောက် လစာဆိုတော့ အဲဒီအဆင့်လောက်ပဲ ရှိတယ်။ ဆေးကုသခွင့် စရိတ်တောင် မပါဘူး။ သာမန်ခံစားခွင့်နဲ့ ဘာမှ မထူးဘူးပေါ့” ဟု အမတ်တဦးက မဇ္စျိမကို ပြောသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ရသည့် ကာလများတွင်မူ အမတ်တဦးအတွက် စားစရိတ် ကျပ် ၅ဝဝဝ၊ တည်းခိုစရိတ် ၂ဝဝဝ၊ ယာဉ်စီးခအပါအဝင် အထွေထွေ ၃ဝဝဝ ဖြင့် တရက်လျှင် တသောင်းနှုန်း ထုတ်ပေးသော်လည်း မလောက်ငဟု ဆိုသည်။

“စားစရိတ်က တရက်ကို ၅ဝဝဝ ဆိုတာ မနက်၊ နေ့လည်၊ ညနေ ကွက်တိလေး ဖြစ်တဲ့အပြင် ရေဖိုးတောင် မပါဘူးပေါ့နော်။ ညနေပိုင်းမှာ ကော်ဖီ၊ အအေး သောက်လိုက်မယ် ဆိုရင်တောင်မှ ပိုက်ဆံက မလောက်နိုင်တော့ဘူး” ဟု သူက ပြောသည်။

နေပြည်တော်ကဲ့သို့ သွားလာစရိတ်ကြီးသည့် နေရာတွင် “လွှတ်တော် ကိုယ်စားလှယ်အဆင့်” နှင့် လျော်ညီစွာ လွှတ်တော်တက်ရသဖြင့် ကုန်ကျစရိတ်မှာ ခန့်မှန်းထားသည်ထက် ပိုကုန်ကျရကြောင်း အခြားအမတ်တဦးကလည်း ပြောသည်။

“ဆိုင်ကယ်ကယ်ရီတို့၊ လိုင်းကားတို့ တိုးစီးလို့ မဖြစ်နိုင်တော့ဘူး။ တက္ကဆီငှားသွားရမယ်။ အိုင်ဒီ ကဒ်ပြားလေးတကဒ် ပြဲသွားလို့ မြို့ထဲကို သွားလုပ်မယ်ဆိုရင်တောင် လုပ်ခက ဘယ်လောက်မှ မကျဘူး။ တက္ကဆီက စည်ပင်ရိပ်သာကနေ မြို့မစျေးကို အသွားအပြန် ၁ဝဝဝဝ ကျတယ်” ဟု သူက ဆိုသည်။

သမ္မတနှင့် ဒုသမ္မတများမှာမူ ခံစားခွင့်နှင့် အဆောင်အယောင်များလည်း ရထားသဖြင့် သတ်မှတ်ပေးထားသည့် လစာငွေများမှာ သင့်လျော်သည်ဟု တိုင်းရင်းသားအမတ်တဦးက ပြောသည်။

“ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ” အရ သမ္မတနှင့် ဒုတိယသမ္မတများ၏ မိသားစုသည်ပင် ပြည်ထောင်စုအစိုးရ၏ စရိတ်ဖြင့် နိုင်ငံရပ်ခြား သွားလာခွင့်နှင့် ဆေးကုသခံပိုင်ခွင့်များ ရရှိနေသည်ဟုလည်း ဆိုထားသည်။

“အခန်း ၃ လေ၊ ပုဒ်မ ၁ဝ၊ ပုဒ်မ ၁၁။ ပုဒ်မ ၁၂ မှာ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတ တို့၏ မိသားစုများအတွက် ပြည်တွင်းပြည်ပ၌ ဆေးကုသခံယူခြင်းနှင့် စပ်လျဉ်းသည့် စရိတ်ကို ပြည်ထောင်စု အစိုးရအဖွဲ့က ကျခံရမည်တဲ့။ အဲဒီတော့ ဘာလိုသေးလဲ” ဟု တိုင်းရင်းသားအမတ်က ထောက်ပြသည်။

သို့သော် တိုင်းရင်းသား မဟုတ်သည့် အခြားအမတ်တဦးကမူ “ကိုယ့်ငွေနဲ့ကိုယ် နိုင်ငံတကာက ပုဂ္ဂိုလ်တယောက် အလည်လာလို့ ဧည့်ခံလိုက်မယ်ဆိုရင်တော့ တလစာ တညထဲနဲ့ ကုန်သွားနိုင်တာပေါ့။ တချို့ဟာတွေက နိုင်ငံတော် စရိတ်နဲ့ သွားတာအပြင် ကိုယ့်ငွေကြေးထဲကနေ ထုတ်သုံးရမှာ ရှိနိုင်ပါတယ်။ အခုရမယ့် လစာက ဘာမှ မပြောပလောက်ပါဘူး” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အဆင့်သည်ပင် လစဉ် ကျပ် ၃ သိန်းသာ ရသဖြင့် အောက်ခြေအဆင့် ဝန်ထမ်းများအနေဖြင့် ယင်းလစာအောက်သာ ရမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုအရ မလောက်မငသာ ဖြစ်ပြီး “အကျင့်ပျက် ခြစားမှု” ကို အားပေးသကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံရပ်ခြားတွင် အခမဲ့ ဆေးကုသခွင့်သာမက အိမ်တော်နှင့် အသုံးအဆောင်များ၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ ဖုန်းစရိတ်၊ ဝတ်စုံစရိတ်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီ၊ ချောဆီစရိတ်များ၊ ကိုယ်ရံတော်အရာရှိနှင့် ကိုယ်ရေးအရာရှိများလည်း ရရှိကြမည်ဖြစ်သည်။