ကရင်နီပြည် ဖရူဆိုမြို့စျေးနေ့တွင် ပြီးခဲ့သည့် အပါတ်က ဘိန်းများ ရောင်းချနေသည့်အတွက် မကျေမနပ် ဖြစ်နေကြသည့် စျေးသည်အချို့က သက်ဆိုင်ရာ ထောက်လှန်းရေးများနှင့် တိုင်ကြား၍ ...
ကရင်နီပြည် ဖရူဆိုမြို့စျေးနေ့တွင် ပြီးခဲ့သည့် အပါတ်က ဘိန်းများ ရောင်းချနေသည့်အတွက် မကျေမနပ် ဖြစ်နေကြသည့် စျေးသည်အချို့က သက်ဆိုင်ရာ ထောက်လှန်းရေးများနှင့် တိုင်ကြား၍ ဘိန်းအချို့ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
“စျေးနေ့မှာ မကျေနပ်ကြလို့ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့ သွားတိုင်ပြီးတော့ ဆိုင်ကယ်ထဲမှာ ထည့်ထားတဲ့ ဘိန်း ၅ လုံးကို စစ်ထောက်လှမ်းရေးက လာဖမ်းသွားတယ်။ ဒါပေမဲ့ ဘိန်းပိုင်ရှင်က စစ်ထောက်လှမ်းရေးကို ၅ သိန်း အတင်းသွားထိုးပေးပြီး ဘိန်းကို ပြန်ပေးလိုက်တယ်” ဟု ဖရူမြို့မှ စျေးသည်တဦးက ပြောပြသည်။
ဘိန်းရောင်းချနေသူ အများစုသည် ဆိုင်ကယ်သမားများ ဖြစ်ကြပြီး ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့အစည်းများနှင့် ဆက်စပ်မှုများ ရှိနေသည် ဖရူဆိုမြို့ခံတဦးက ပြောသည်။
၎င်းက “ဖရူဆိုစျေးမှာ ဦးဆောင်ပြီး ရောင်းနေတဲ့ သူရဲ့ နာမည်က မောင်xxx လို့ ခေါ်တယ်။ သူက ရွာသားဘဲ။ သူ့သူဌေးက လိုက်ကောက်ခိုင်းတာ။ ဆိုင်ကယ် တူးဘော့ထဲမှာ ထည့်ပြီးတော့ ရောင်းဝယ်နေကြတယ်။ သူ့အဆက်အသွယ်နဲ့သူပေါ့။ အဖွဲ့အစည်း (အပစ်ရပ်အဖွဲ့)က အောင်xxxဆိုသူနဲ့ အဆက်အသွယ် ရှိနိုင်တယ်။ လွိုက်ကော်မြို့ကိုကျတော့ သူတို့ ရာမတွေ တင်ပို့နေကြတယ်။ အလုံးရေ ရာလိုက်စုပြီး သယ်နေတယ်” ဟု ပြောပါသည်။
ဘိန်းစိုက်ပျိုးမှုကို ယခင်က ကရင်နီပြည် လွိုင်ကော်မြို့နယ်နှင့် နယ်ချင်းစပ်နေသော ရှမ်းပြည်နယ်စပ်တလျောက်တို့တွင် စိုက်ပျိုးနေကြပြီး ယခုအခါ ဖရူဆိုမြို့နယ်အတွင်း၌ပါ ဘိန်းစိုက်ပျိုးမှုနှင့် ရောင်းဝယ်သုံးစွဲမှုများ ရှိလာသည်ကို တွေ့ရှိရပါသည်။ ဖရူဆိုမြို့စျေးနေ့ကို ငါးရက် တစ်စျေး သတ်မှတ်ထားကြပါသည်။