နှစ် ၄၀ ကြာ ပျောက်ကွယ် နေသည့် ရခိုင်ရိုးရာ ရထား ဆွဲပွဲတော် စစ်တွေတွင် ကျင်းပ

နှစ် ၄၀ ကြာ ပျောက်ကွယ် နေသည့် ရခိုင်ရိုးရာ ရထား ဆွဲပွဲတော် စစ်တွေတွင် ကျင်းပ
by -
ထွန်းထွန်း

နှစ် ၄၀ ကြာပျောက်ကွယ်နေသည့် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိစံရပ်ကွက်တွင် ယမန်နေ့က တတိယ အကြိမ်မြှောက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ...

နှစ် ၄၀ ကြာပျောက်ကွယ်နေသည့် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိစံရပ်ကွက်တွင် ယမန်နေ့က တတိယ အကြိမ်မြှောက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

rathapweရထားပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး အထူးစည်ကားခဲ့ကာ လူပေါင်း ထောင်ချီ၍ ပါ၀င် ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

“ရထားဆွဲပွဲကို ရခိုင် ဘုရင်တွေ လက်ထက်ကတည်းက အစဉ်အဆက် ကျင်းပလာခဲ့ပေမဲ့ စစ်တွေမှာ မကျင်းပနိုင်ခဲ့တာ နှစ် ၄၀ ခန့်လောက် ရှိခဲ့ပါပြီ။ အကြောင်း အမျိုးမျိုးကြောင့် မပြုလုပ် ဖြစ်ခဲ့ကြပါဘူး။ ခုတော့ ရခိုင်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကို ထိန်းသိမ်း ဖို့နဲ့ မိမိတို့ မျိုးဆက်သစ် လူငယ်တွေ ရိုးရာ အစဉ်အလာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် ၂၀၀၉ ခုနှစ်ကတည်းက ကျင်းပလာတာ ခုတကြိမ်နဲ့ ဆိုရင် သုံးကြိမ်မြောက်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း တပို့တွဲလရောက်တိုင်း အမှတ်ရစေဖို့နဲ့ ဒီတာဝန်ကို ဆက်လက်ပြီးတော့ လူငယ်တို့ အနေနဲ့ မေ့ပျောက်မသွားအောင် ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်“ ဟု ကမ်းနားလမ်း မိစံရပ်ကွက်မှ သက်ကြီးရွယ်အို် တစ်ဦးက ပြောသည်။

ရထားဆွဲပွဲကို မောင်တောမြို့တွင် နှစ်စဉ် ကျင်းပလာခဲ့သောလည်း စစ်တွေတွင် နှစ် ၄၀ ကျော် ပျောက်ကွယ်လာပြီးမှ ၂၀၀၉-ခုနှစ်က တဖန် ပြည်လည်၍ စတင် ကျင်းပပြုလုပ် လာခြင်းဖြစ်သည်။

ရထားဆွဲရခြင်း၏ အကြောင်းရင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မှ သမိုင်း ပညာရှင် သက်ကြီးရွယ်အို တဦးကလည်း ယခုကဲ့သို့ ပြောပြသည်။

“သက္ကရာဇ် (၈၇၈) ခုနှစ် က မြောက်ဦးမြို့ စိုးစံ ခဲ့တဲ့ ရခိုင် ဘုရင်မင်းဘာ လက်ထက်မှာ မဟာ ပညာကျော်နဲ့ ဦးမြဝါ (သျှင်ငယ်မြဝါ) တို့ဟာ လောကီ ပညာရှင်များ အဖြစ် ပေါ်ထွန်းခဲ့ကြတယ်။ ဦးမြဝါ (သျှင်ငယ်မြဝါ)ဟာ ဘုရင်ကို တိုင်းပြည် ရေးရာအတွက် လောကီပညာနဲ့ ကူညီ ထမ်းဆောင်နေသူအဦး အဖြစ် ထင်ရှားခဲ့သူ တဦးဖြစ်ပါတယ်။ တစ်နေ့တော့ ရခိုင်ပြည်ရဲ့ အတိတ်နိမိတ်ကိို တွက်ချက် ကြည့်တဲ့ အခါ သျှင်ဦးမြဝါက တိုင်းပြည်ရဲ့ ရှေ့ရေး အတိတ်နိမိတ် မကောင်းခြင်းကို မြင်တယ်။ ဒါကြောင့် မင်းဘာဘုရင်ထံ သွားရောက်ပြီးတော့ တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် ကြာသပတေး ရက်သား တစ်ဦးရဲ့ ရင်ကိုခွဲကာ စတေးခံဖို့ လိုတယ်လို့ ပြောတယ်။ ဦးမြဝါဟာ သူကိုယ်တိုင် ကြာသပတေးသား ဖြစ်နေတဲ့ အတွက် သူရဲ့ အူကို ထုတ်ပြီး နန်းတော်ကို ပတ်ပြီး သူကိုယ်တိုင် စတေးမယ်။ သူ့ကို သူလဲကျတဲ့ နေရာမှာ သဂြိင်္ုလ်ပါဆိုပြီး ဘုရင်ကို မှာခဲ့တယ်။ အဲဒီနောက် ဦးမြဝါ တိုင်းပြည်ကို ချစ်တဲ့ စိတ်ကြောင့် သူရဲ့ ဗိုက်ကိုခွဲ အူကို ထုတ်ပြီး နန်းတော်ကို ပတ်တဲ့ အခါ ကောင်းတဲ့ အရပ်မှာ လဲကျသေဆုံးတာ မဟုတ်ဘဲ ယုတ်ညံံ့တဲ့ မစင်စွန့်တဲ့ အရပ်မှာ လဲကျ သေဆုံးတယ်။ မင်ဘာ ဘုရင်ဟာ ဦးမြဝါကို သိပ်လေးစား ကြည်ညိုတဲ့ အတွက် သူလဲကျတဲ့ မကောင်းတဲ့ နေရာမှာ မသဂြိင်္ုလ်လိုဘဲ ကောင်းမြတ်တဲ့ အရပ်မှာ သဂြိုလ်လိုတယ်။ အဲဒါနဲ့ ပြည်သူတွေနဲ့ ဘုရင် အကြားမှာ အမြင်မတူ ဖြစ်ကြပြီး အငြင်းပွားရာကနေ ဦးမြဝါ အလောင်းကို ပန်းရထားပေါ်တင်ကာ ဘုရင်ဘက်တော်သားတွေက တဘက်၊ ပြည်သူတွေက တဘက် ဆွဲကြတယ်။ အဲဒီကတည်းက ရခိုင်မှာ ရထားဆွဲပွဲ ဆင်းသက်လာတယ်လို့ သိရပါတယ်။ ဆွဲတဲ့ အခါ ဘုရင်ဘက်က အနိုင်ရသွားတဲ့ အတွက် ဦးမြဝါရဲ့ အမှာစကားကို ဘုရင်က နားမထောင်ဘဲ ကောင်းမွန်ရာ အရပ်မှာ သဂြိုလ်ခဲ့တယ်။ အဲဒါကြောင့် နှစ်ပေါင်း သုံးရာကျော် အကြာမှာ ရခိုင်ပြည်ဟာ ပျက်စီးပြီး သူတစ်ပါး လက်အောက်ကို ရောက်သွားခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် လှပသေသပ်စွာ ဆင်ယင်ထားသော ဘီးတပ်ထားသော ရထားကို ယောကျာင်္းများက တဘက်နှင့် မိန်းများက တဘက် အပြိုင်အဆိုင် ဆွဲကြရပြီး ပွဲတော်ကို လာသူတိုင်း ပါ၀င် ဆင်နွဲနိုင်ကြောင်း သိရသည်။ ရထားဆွဲပွဲကို ကျင်းပသည့် မြို့ရွာ ရပ်ကွက်တွင် (၃) နှစ်ဆက် တိုက် ကျင်းပ ရသည်ဟုသိရသည်။

ယခုအခါ စစ်တွေ ရထားဆွဲပွဲ ဖြစ်မြောက်ရေး အသင်း အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့တွင် အသက် (၆၅) နှစ်အထက်ရှိ ရထားဆွဲပွဲများတွင် ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးသူ အသက်ကြီး သဘာပတိ (၉) ဦးနှင့် အတူသက် ဆိုင်ရာလူကြီးများ၊ မြို့ပေါ် စေတနာရှင်များဖြင့် ပါ၀င် ဖွဲ့စည်းထားကြောင်း သိရသည်။

ယခင်နှစ်တွေက ရထားဆွဲပွဲကို မြန်မာ့ ရုပ်မြင်သံကြားမှ အလေးထား ပြသမူများ မရှိခဲ့သော်လည်း ယခုနှစ်ရခိုင်ရိုးရာရထားဆွဲပွဲတော် ကို မြန်မာ့ရုပ်သံများဖြစ်ကြသည့် MRTV4-MRTV3 တို့မှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်ဟု သိရသည်။

Most read this week