ပုလဲတွင် သဘာဝဓာတ်ငွေ့ တွေ့

ပုလဲတွင် သဘာဝဓာတ်ငွေ့ တွေ့
by -
ကျော်ခ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ပုလဲမြို့နယ် ကျောကျေးရွာ၏ အရှေ့ဘက်တွင် တရက်လျှင် ပမာဏ ကုဗပေ ၁ ဒဿမ ၂ သန်း ထုတ်လုပ်နိုင်သည့် သဘာဝ ဓာတ်ငွေ့တွင်း စမ်းသပ်တွေ့ရှိကြောင်း ...

ချင်းမိုင် (မဇ္စျိမ) ။        ။ စစ်ကိုင်းတိုင်း မုံရွာခရိုင် ပုလဲမြို့နယ် ကျောကျေးရွာ၏ အရှေ့ဘက်တွင် တရက်လျှင် ပမာဏ ကုဗပေ ၁ ဒဿမ ၂ သန်း ထုတ်လုပ်နိုင်သည့် သဘာဝ ဓာတ်ငွေ့တွင်း စမ်းသပ်တွေ့ရှိကြောင်း ယနေ့ထုတ် စစ်အစိုးရထုတ် ကြေးမုံသတင်းစာက ဖော်ပြသည်။

ကျောကျေးရွာ၏ အရှေ့ဘက် ၁ဝ မိုင်အကွာရှိ သင်ဂဒုံး အစမ်းတွင်း အမှတ် ၁ မှ အနက်ပေ ၆၉၇၂-၇ဝဝဝ ရှိ သဲကြောတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည့် Sinopec International Exploration and Production Corporation (SIPC) တို့ ပူးပေါင်းရှာဖွေရာမှ တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ငွေ့တွင်း တွေ့ရှိပြီးနောက် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးလွန်းသီနှင့် ဒုဝန်ကြီး ဦးသန်းဋ္ဌေးက SIPC ကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ သင်ဂဒုံး အစမ်းတွင်း အမှတ် ၁ ကို သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ကြီးက သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏကို တွက်ချက် အတည်ပြုရန်နှင့်၊ အခြား ခိုအောင်းလွှာများကိုလည်း ရှာဖွေရေး တွင်းများ အရှိအဟုန်မြှင့် လုပ်ဆောင်ကာ ယခုထွက်ရှိသည့် ဓာတ်ငွေ့များကိုလည်း အမြန်ဆုံး ထုတ်ယူအသုံးပြုနိုင်ရန် မှာကြားခဲ့သည်ဟု ဆိုသည်။

သဘာဝဓာတ်ငွေ့တွင်း တွေ့ရှိသဖြင့် လုပ်ကွက်များနှင့်အနီးတဝိုက်ရှိ ကျေးရွာများမှာ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှု မရှိသေးသော်လည်း ယခုကဲ့သို့ တွေ့ရှိမှုကြောင့် လုပ်ကွက်များချဲ့ထွင်လာခဲ့လျှင် ဒေသခံရွာသူ၊ ရွာသားများ၏ လယ်ယာမြေများ ထိခိုက်လာနိုင်ကြောင်း ပုလဲမြို့ခံ ကျောင်းဆရာတဦးက မဇ္စျိမကို ပြောသည်။

“စက်ကြီးတွေနဲ့ လိုက်စမ်းသပ် ရှာဖွေတာတွေတော့ ပုံမှန်လုပ်နေတယ်။ အခုဓာတ်ငွေ့တွင်းတွေ့တဲ့အတွက် ကျနော်တို့ နယ်ခံတွေ အလုပ်လက်မဲ့ ပြဿနာတွေတော့ မဖြေရှင်းနိုင်ပါဘူး။ အခုတွေ့သွားတဲ့ အပေါ်မှာတော့ နောက်ပိုင်း လုပ်ကွက်တွေချဲ့လာရင် လယ်ယာမြေသိမ်းတာတွေ ဖြစ်လာဖို့ ရှိတယ်” ဟု သူက ပြောသည်။  

ထိုဒေသရှိ ဒေသခံများမှာ ပဲ၊ နှမ်း၊ ပဲနောက်၊ ပဲစင်းငုံ၊ ဝါ၊ ပြောင်း စသည်တို့ကို စိုက်ပျိုးထုတ်လုပ်ပြီး၊ အလုပ်ကိုင်ရှားပါးသဖြင့် ပြည်ပထွက်၍ အလုပ်ကိုင်လုပ်သူ များပြားသည်။

ယခုတွေ့ရှိသည့် မဟူးတောင်ဒေသရှိ ဓာတ်ငွေ့တွင်းသည် ယခင်လက ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိခဲ့သည့် မကွေးတိုင်း ပထိုးလုံဒေသအနီးတွင် တည်ရှိသည်။

ပထိုးလုံဒေသရှိ တွင်းမှလည်း ဓာတ်ငွေ့ ၉ဝ၉ ဘီလျံကုဗပေနှင့် ရေနံဓာတ်ငွေ့ရည် စည်ပေါင်း ရ.၆ သန်း ထွက်ရှိနိုင်မည်ဟု မြန်မာ့အလင်းက ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုဒေသ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်နိုင်ငံမှ SIPC ကုမ္ပဏီတို့ ၂ဝဝ၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်းက ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေး အပိုင်းတွင် မြန်မာ့အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသည် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ပြီး၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုးရီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံများမှ ကုမ္ပဏီများလည်း စစ်အစိုးရနှင့် စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးများ ရှိသည်။

မြန်မာနိုင်ငံက ကုန်းမြေ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်း ၄၉ တွင်းနှင့် ရေအောက် သဘာဝဓာတ်ငွေ့တွင်း ၂၆ တွင်းကို ရခိုင်၊ တနင်္သာရီနှင့် မွန်ပြည်နယ်တွင် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး ၎င်းနှစ်မှစ၍ စစ်အစိုးရက တရားဝင် ထုတ်ပြန်သည့် အချက်များနှင့် လေ့လာတွေ့ရှိချက်များအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကူးသန်းရောင်းဝယ်မှု အပိုင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၁၃.၅ ဘီလီယံ ရှိသည်။

ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ ပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ထက် နှစ်ဆတက်လာပြီး ၅၇ဝ ဘီလီယံ ကုဗမီတာရှိကာ၊ သြစတေးလျ၏ သဘာဝဓာတ်ငွေ့ ထုတ်နှုန်းထက် ငါးဆပိုများကြောင်း ရေနံကုမ္ပဏီ BP ထုတ်ပြန်သည့် စာရင်းသုံးသပ်ချက်များအရ သိရသည်။ ၎င်းဝင်ငွေများကို လက်ရှိအာဏာရ စစ်အစိုးရ ခေါင်းဆောင်ပိုင်းကသာ ချုပ်ကိုင်ထားသည်။

Most read this week