သျှမ်းပြည် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် အတွင်းရှိ မန့်လမ်း၊ လီလုနှင့် တောင်မရွာများမှ အသက် ၂၀ ဝန်းကျင် အရွယ် ပလောင်အမျိုးသမီး၊ အမျိုးသား ၂၀ ကျော်ခန့်သည် အလုပ်အကိုင်ရှာဖွေရန် ...
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် အတွင်းရှိ မန့်လမ်း၊ လီလုနှင့် တောင်မရွာများမှ အသက် ၂၀ ဝန်းကျင် အရွယ် ပလောင်အမျိုးသမီး၊ အမျိုးသား ၂၀ ကျော်ခန့်သည် အလုပ်အကိုင်ရှာဖွေရန် တရုတ် နယ်စပ် ရွှေလီမြို့သို့ ယနေ့ရောက်ရှိ လာသည်။
ယခင် ပလောင်လူမျိုးများ မိရိုးဖလာ လုပ်ကိုင်သော လက်ဖက်ခြံ လုပ်ငန်းကို စီးပွားရေးသမားများ နေရာယူ ချုပ်ကိုင်လာရာမှ ဒေသတွင်း အလုပ်အကိုင် ရှားပါးလာပြီး ယခုကဲ့သို့ တရုတ်နယ်စပ်ဘက် ထွက်ခွာကြခြင်း ဖြစ်ကြောင်း သိရသည်။
နေရပ်စွန့်၍ ပလောင်လူငယ်များ အသုတ်လိုက် ထွက်ခွာနေရာ အချို့ရွာများတွင် ရွာလုံးကျွတ်နီးပါး ဖြစ်ကြောင်း မန့်လမ်း ရွာမှ လူငယ် ၂၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ရွှေလီရောက်လာသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“နမ့်ဆန်မြို့နယ်ထဲကဆိုရင် ရွာတိုင်းလိုလို ဒီဘက်တက်လာကြတယ် ဒီနေ့ရောက်နေတဲ့လူတွေက မန့်လမ်း၊ လီလု၊ တောင်မရွာ တွေက လူတွေ ရွာမှာလက်ဖက်က အလုပ်မဖြစ်တော့ အလုပ်မရှိလို့ ရရာအလုပ်လုပ်ဖို့ရွှေလီ ထွက်လာ ကြတာ” လို့ လူငယ်က ဆိုသည်။
၂၀၀၉ ခုနှစ်အတွင်းက လက်ဖက်ဆေးဆိုး ကိစ္စပေါ်ပေါက်ပြီး နောက်ပိုင်း စီးပွားရေးကျဆင်းလာရာ ဒေသခံများက ၎င်းတို့ ပိုင် လက်ဖက်ခြံများကို စစ်အစိုးရနှင့်နီးစပ်သူများနှင့် တရုတ်လူမျိုး လုပ်ငန်းရှင်များထံ ငွေတိုးဖြင့် ပေါင်နှံခြင်း ရောင်းချခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ယခုအခါ အဆိုပါ လက်ဖက်ခြံများကို စီးပွားရေးသမားများက ပိုင်ဆိုင်သွားကာ ဒေသတွင်း လက်ဖက်စက်ရုံများ တည် ဆောက်၍ စီးပွားရေးလက်ဝါးကြီးအုပ် ချယ်လှယ်ကြကြောင်း ဒေသခံများအဖို့ ဝင်ငွေရသည့်အလုပ်အကိုင် ရှားပါးလာကြောင်း သိရသည်။
“လက်ဖက်ဆိုးဆေးကိစ္စ ပေါ်တော့ စီးပွားရေးတွေကျသွားတယ် ငွေမရှိတော့ ပထမသီးစားသဘောမျိုးအကြွေးယူ တယ် နောက် တဖြည်းဖြည်း ပြန်မဆပ်နိုင်တော့ လက်ဖက်ခြံတွေအတော်များများ လက်လွတ်လိုက်ရတယ်” ဟု သူက ဆိုသည်။
သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ တအောင်း (ခေါ်) ပလောင်လူမျိုးများသည် လက်ဖက်လုပ်ငန်းအပေါ် အဓိက မှီခိုကြပြီး ၎င်းလုပ်ငန်းမှ ဝင်ငွေ ကျဆင်းသွားသည့်အခါ ရပ်တည်နေထိုင်ရေးတွင် အခက်အခဲ များစွာရှိကြောင်း သိရသည်။