ဒေါ်စုနှင့် လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်လူငယ် တစ်ဦးရဲ့ ပြောကြားချက်

ဒေါ်စုနှင့် လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်လူငယ် တစ်ဦးရဲ့ ပြောကြားချက်
by -
နိရ ဉ္ဇရာ

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယ နေ့မြောက် လူငယ်များနှင့် ဒေါ်စုတွေ့ဆုံပွဲတွင် ရခိုင်လူငယ် ၁၅ ဦး ပါဝင် တက်ရောက်ခဲ့သည်။ တက်ရောက် ရာတွင် ပါဝင်ခဲ့သူ ရခိုင်လူငယ် တစ်ဦး ...

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယ နေ့မြောက် လူငယ်များနှင့် ဒေါ်စုတွေ့ဆုံပွဲတွင် ရခိုင်လူငယ် ၁၅ ဦး ပါဝင် တက်ရောက်ခဲ့သည်။ တက်ရောက် ရာတွင် ပါဝင်ခဲ့သူ ရခိုင်လူငယ် တစ်ဦး ဖြစ်သူ ကိုကျော်က ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး နိရဥ္စရာကို ယခုကဲ့သို့ စတင် ပြောကြားသည်။

Arakanese-Youths-Meeting-with-Daw-Aung-San-Suu-Kyi“ဟုတ်ကဲ့။ စုစုပေါင်း ရခိုင်က လူငယ် ၁၅ ယောက်ပါ။ အဲဒီ အထဲမှာ မိန်းခလေး ၂ ယောက် ပါဝင်ပါတယ်။ အဓိကတော့ ရခိုင်လူငယ်တွေကို ကိုယ်စားပြု တက်ရောက် ခဲ့တယ်ဆိုပေမယ့် မြန်မာပြည်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် ပတ်သက်ပြီးလည်း သူက ယခုကဲ့သို့ ပြောသည်။

“ရခိုင်လူငယ်တွေ ဆွေးနွေးတယ် ဆိုတာထက် အခြားပြည်နယ်က လူငယ်တွေ ဆွေးနွေးတာက ပိုများတယ် ထင်ပါတယ်။ တခြား ပြည်နယ်တွေက ဆွေးနွေးတာ ကတော့ ဒေသတွင်းမှာဖြစ်ပျက်တာတွေကို တင်ပြ ဆွေးနွေးကြတာကို တွေ့ရပါတယ်။ ကျနော်တို့ ရခိုင်လူငယ်တွေ ဆွေးနွေးတာကတော့ လာမယ့် အနာဂတ်မှာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေမှာ ဘယ်လို ပူးပေါင်း ပါဝင်ကြမှာလဲ ဆိုတဲ့ အခန်းကဏ္ဍတွေကို မေးမြန်းခဲ့ပါတယ်။ နောက်တခုက ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီရိမုန်တိုင်း ဒေသမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ထောက်ပံ့ အကူညီ ပေးနေတာတွေ၊ ဆန်တွေ အကူညီပေးတာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးတာတွေ ရှိပါတယ်။ ဒီအတွက်လည်း ဒေါ်စုကို ကျေးဇူးတင်ကြောင်း ရခိုင် လူငယ်တွေက ပြောကြားခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်မှလည်း ၂ဝဝ၂ ခုနှစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ သွားရောက် လည်ပတ်စဉ် ပြည်သူများ၏ သောင်းသောင်းဖျဖျ လိူက်လှဲ ပျူဌာစွာ ကြိုဆိုမူကို တွေ့ရသဖြင့် ရခိုင်နှင့် ချင်းပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သူက ပြောသည်။ ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးခဲ့သော အကြောင်းအရာများကိုလည်း သူက ခုလို ဆက်ပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူငယ်တွေရဲ့ အား လိုအပ် တယ်ဆိုတဲ့ အကြောင်း၊ နောက်ပြီး လက်ရှိ ဖြစ်ပျက်နေတာတွေဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အကြောင်း၊ သို့သော်လည်း အစိုးရမှာ တာဝန်ရှိတယ် ဆိုပေမဲ့ ကျမတို့အနေနဲ့ ဥပေက္ခာပြု မနေဖို့နဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲမှု အတွက် ကြိုးစား လုပ်ဆောင်ကြဖို့ လိုအပ်တဲ့ အကြောင်းနဲ့ လာမယ့် ၂၁ ရာစု ပင်လုံ နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍများက အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေကို ပြောကြား သွားပါတယ်။”

ယခု ဒေါ်စုနှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲပတ်သက်ပြီး အကျိုးကျေးဇူး ရှိပုံကိုလည်း ကိုကျော်က ယခုကဲ့သို့ ပြောကြားသည်။

“ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အကျိုး အများကြီး ရှိတာကို တွေ့ရပါတယ်။ ဘာကြောင်းလဲ ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ အပြောင်းလဲမှာ ဒေါ်အောင်ဆန်း စုကြည် ဟာ မပါမပြီး ဆိုတာ လူအများစုကလည်း ယုံကြည်နေတယ်။ တိုင်းရင်းသား တွေကလည်း လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်သာ မဟုတ်ဘဲ တနိုင်ငံလုံးရဲ့ လူထုခေါင်းဆောင်လို့ လူတွေရဲ့ ရင်ထဲမှာ အမြဲ ခံယူထားတဲ့ အတွက် ဖြစ်ပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အသံကို ကြားရတုန်းက ၂၅ ရာခိုင်နှုန်းသာ အားဖြစ်ပြီး ဒေါ်စုနဲ့ ကိုယ်တိုင် တွေ့ဆုံပြီး ပြောကြ ဆိုကြ ဆွေးနွေးကြတဲ့ အခါမှာ ကြားရသူ လူငယ်တွေစိတ်တွေမှာ ရ၅ ရာခိုင်နုန်းထိ အားသစ်တွေ ဖြစ်ပေါ်လာပြီး ကျန်တဲ့ ၂၅ ရာနုန်းကိုတော့ ကိုယ်ဟာကိုယ် ဖြည့်ကြရမယ်လို့ ခံယူမိပါတယ်။”

ယမန်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ရခိုင်လူငယ်များသာမက ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ မန္တလေး၊ မကွေးနှင့့် တနင်္သာရီမှ လူငယ်များ ပါဝင်ကြောင်း သူက ပြောသည်။

ယခု ဒေါ်စုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင် လူငယ်များမှာ အဖွဲ့ချုပ် အဖွဲ့ဝင်များ မဟုတ်ဘဲ နိုင်ငံရေးနှင့် လူမူရေးကို စိတ်ဝင်စားသူ လူငယ်များ ဖြစ်ကြောင်း သိရသည်။

Most read this week