ရခိုင်-ကရင် ၃၄ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် တောင်းဆို ဆန္ဒပြမည်

ရခိုင်-ကရင် ၃၄ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် တောင်းဆို ဆန္ဒပြမည်
by -
မင်းဆက်ခိုင်

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ဦးကို အိန္ဒိယအစိုးရမှ အမြန်ဆုံးလွတ်ပေးရန်နှင့် ယူအန်မှ နိုင်ငံရေး ဒုက္ခသည်များ ...

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ဦးကို အိန္ဒိယအစိုးရမှ အမြန်ဆုံးလွတ်ပေးရန်နှင့် ယူအန်မှ နိုင်ငံရေး ဒုက္ခသည်များအဖြစ် အသိမှတ်ပြုပေးရန် အတွက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကသူတို့ ဖမ်းဆီးခံရသည့် ၁၃ နှစ်ပြည့်မြောက်နေ့တွင် တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

34-Arakanese-freedom-fighter-in-Kolkata-jailယခုကဲ့သို့ ဆန္ဒပြ တောင်းဆိုမည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးဆောင် လူပ်ရှားနေသူ တဦးဖြစ်သူ AASYC ၏ အထွေ ထွေအတွင်းရေးမှူး ကိုအောင်မင်းဦးက “ အခု အဲဒီ မျိုးချစ်ရဲဘော် ၃၄ဦးကို ယူအန်က အင်တာဗျူးတွေ ပြီးသွား ပြီဆိုပေမယ့် အခြေအနေကို မသိရှိရသေးဘူး။ တကယ်လို့များ ယူအန်က သူတို့ကို မြန်မာနိုင်ငံသား ဒုက္ခ သည်တွေအဖြစ် အသိအမှတ် မပြုဘူးဆိုရင် အိန္ဒိယအစိုးရက အချိန်မရွေး မြန်မာပြည်ကို ပြန်ပို့နိုင်ပါတယ်။ အဲဒီလို အနေအထားဆိုရင် သူတို့ရဲ့ ဘဝလုံခြံုရေးက အများကြီး စိုးရိမ်စရာ ရှိပါတယ်။ ဒါကြောင့် အိန္ဒိယ အစိုးရက သူတို့ကို မြန်မာပြည်ကို ပြန်မပို့ဆိုတဲ့ အာမခံချက်နဲ့ အပြီး အပိုင်လွတ်ပေးဖို့နဲ့ ယူအန်ကလည်း သူတို့ကို နိုင်ငံရေးဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုပေးဖို့အတွက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်-ကရင် ၃၄ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲများကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ အင်္ဂလန်၊ ဘင်္ဂလာဒေ့ချ် နိုင်ငံများရှိ အိန္ဒိယသံရုံးရှေ့တို့တွင် သူတို့ ဖမ်းဆီးခံရသည့် ၁၃ နှစ်ပြည့် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင် ၁၂ရက်နေ့နှင့် ဂျပန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင် ၁၈ရက်နေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ရဲဘော် ၃၄ဦးအတွက် အခုလိုပြုလုပ်တာမျိုး အရင်နှစ်တွေက မရှိခဲ့သလို အခုက Campaign အဖွဲ့တွေ လည်းပါဝင်ပါတယ်။ အဓိက Burma Campaign UK တို့လို တခြား ကန်ပိမ်းအဖွဲ့တွေလည်းပါတယ်။ ရဲဘော် ၃၄ဦး လွတ်မြောက်ပြီးတော့ တတိယနိုင်ငံတခုခုကို ရောက်ရှိဖို့အတွက် အားလုံးဝိုင်းဝန်ပြီးတော့ ထောက်ခံကြို ဆိုကြပါတယ်။ ပြီးတော့ အခု ပြုလုပ်မှာကလည်း ကျနော်တို့ ရခိုင် အသိုင်းအဝိုင်း တခုတည်းမဟုတ်ပါ၊ ရခိုင်၊ ကရင်နဲ့ တခြား တိုင်းရင်းတွေလည်း ပါဝင်တောင်းဆိုမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာကလည်း သူတို့ အပေါ်မှာ ပိုမိုနားလည်လာပြီးတော့ ထောက်ခံကြိုဆိုလာနိုင်သလို ယူအန်ကလည်း ဒုက္ခသည်တွေအဖြစ် အသိ မှတ်ပြုပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကို ဒုက္ခသည်တွေအဖြစ် လက်ခံပေးဖို့အတွက် ယူအန် ရုံချုပ်ကို အဲဒီနေ့မှာပဲ တောင်းဆို စာတစောင်ပေးပို့ဖို့ အစီစဉ်ရှိပါတယ်။ နောက်တခုက သူတို့က မြန်မာပြည် ကို ပြန်မပို့ဖို့နဲ့ အပြီးအပိုင်လွတ်ပေးဖို့အတွက် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဆီကိုလည်း တောင်းဆိုစာတစောင် ပို့သွားမှာပါ ” ဟု ဆက်ပြောသည်။

အဆိုပါ တော်လှန်ရေးသမား ၃၄ဦးလွတ်မြောက်လာခဲ့လျှင် အမျိုးသားရေး လုပ်ငန်စဉ်များတွင် ပါဝင်ပြီး လုပ်ဆောင်မည့်သူများ ဖြစ်သည့် အတွက် မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲတွင် တဘက်တလမ်းမှ အကျိုးပြုလာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း သူကပြောသည်။

ရခိုင်-ကရင်တော်လှန်ရေးသမား ၃၄ဦးကို UNHCR က ကာလကတ္တားထောင်ထဲထိ သွားရောက်ပြီး ၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၅ ရက်နေ့မှ ဇန္နဝါရီလ ၂၅ ရက်နေ့အထိ အင်တာဗျူးများပြုလုပ်ခဲ့သည်။

ထိုကဲ့သို့UNHCR မှ အင်တာဗျူးလုပ်ပြီးခဲ့သည့်နောက်ပိုင်းတွင် ထို ၃၄ဦးအား ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုပေးလိမ့်မည်ဟု လူအများကမျှော်လင့်ထားကြသော်လည်း ယခုအချိန်ထိ တစုံတရာ အခြေအနေကို မသိရှိရ သေးချေ။

ရခိုင်နှင့် ကရင် ၃၄ ဦးအား ကာလကတ္တား တရားရုံးမှ ၂ဝ၁ဝခုနှစ် ဇူလိူင်လ ၁၂ ရက်နေ့က နိုင်ငံခြားသားမူ ပုဒ်မ (၁၄) ဖြင့် ထောင် ၁ နှစ် ၃လနှင့် ဒဏ်ငွေ ရူပီ ၂ဝဝဝ၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီး ကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် သုံးလနှင့် ဒဏ်ငွေ ၂ဝဝဝ၊ တခြား လက်နက်မူ ပုဒ်မ ၂၅ (ဘီ)ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂ဝဝဝ၊ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၆ဝဝဝ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုအခါ ရခိုင်နှင့် ကရင် အမျိုးသား လွတ်လပ်ရေး သမား ၃၄ ဦး အနေဖြင့် တဦးလျှင် ပေးဆောင် ကျန်ရှိ နေသော ဒဏ်ငွေ ၆ဝဝဝ အားလည်း ပေးဆောင်ပြီး ဖြစ်သဖြင့် အမူမှကွင်းလုံးကျွတ် လွှတ်မြောက်ခဲ့ပြီ ဖြစ်သည်။

ရခိုင်နှင့်ကရင် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ်က ဖေဖေါ်ဝါရီလ အတွင်းက အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူအရ အိန္ဒိယ ပင်လယ်ပြင် အတွင်း တည်ရှိသော ကျွန်းငယ် တစ်ခုအတွင်း ရေတပ် အခြေစိုက် စခန်း တည်ဆောက်ရန် ဗိုလ်ရာဇာနှင့် အတူ လာရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ကြသည်။

ဖမ်းဆီးခံရပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်မှ ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၆ ဦးအား သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပြီးနောက် ကျန်သူများကို လက်နက်မှောင်ခိုမူနှင့် တရားစွဲဆိုပြီး ယခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားသည်။

Most read this week