စစ်တွေတွင် ကြက်သား မစားရ အမိန့်ထုတ်

စစ်တွေတွင် ကြက်သား မစားရ အမိန့်ထုတ်
by -
ကျော်ခ

ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ကြက်သားမစားရ အမိန့်ထုတ်ထားကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ကြက်သားမစားရ အမိန့်ထုတ်ထားကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့က ပြောသည်။

: www.myoops.org)စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု ဘုမေလက်သမားရွာရှိ ကြက်ခြံတခြံ၌ ကြက်ငှက်တုပ်ကွေး ရောဂါ Highly Pathogenic Avian Influenza (HPAI) တွေ့ရှိပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့မှစတင်၍ ၂၄ ရက်ကြာ ကြက်သားစားသုံးခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

“ကန့်သတ်ကာလ အတွင်းကတော့ အကုန်ပိတ်ထားတာလေ” ဟု ပြည်နယ် မွေး/ကု ဦးစီးဌာန အရာရှိတဦးက မဇ္စျိမကို ပြောသည်။

ကြက်သား ရောင်းချခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကာ၊ ရောဂါဆက်ဖြစ်နေလျှင် ကန့်သတ်ကာလ တိုးမြှင့်သွားမည်ဟု မြို့နယ် ကျန်းမာရေးဌာနမှ အရာရှိတဦးကလည်း ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရောဂါ စတင်တွေ့ရှိခဲ့သည့် ဘုမေလက်သမားရွာ ကြက်ခြံနှင့် ၁ ကီလိုမီတာ အတွင်းရှိ ကြက်ခြံပေါင်း ရ၅ ခြံမှ ကြက်များကို ပီနံအိတ်များနှင့် ထုပ်၍ မြေကျင်းတူးကာ ပိုးသတ်ဆေးဖျန်း၍ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။

“ခြံတွေမှာ လိုက်ပြီးတော့ ဆေးစစ်တာတို့၊ ပိုးသတ်ဆေးဖျန်းတာတို့ လုပ်နေတယ်။ သုတ်သင်ထားတဲ့ ခြံတွေကိုတော့ ကြက်တွေ လုံးဝ တင်ခွင့်မပြုသေးဘူး။ အခြေအနေက Free ဖြစ်သွားပြီဆိုတော့မှ မွေးခွင့် ပြန်ပြုမှာပါ။ ဒီထက် အခြေအနေ ထပ်ဆိုးလာရင်လည်း ကျနော်တို့ တရားဝင် ထုတ်ပြန်သွားမှာပါ” ဟု မြို့နယ် ကျန်းမာရေး အရာရှိက ပြောသည်။ ဆေးစစ်ချက်များအရ ၎င်းတုပ်ကွေးရောဂါကို ကြက်များ၌သာ တွေ့ရှိရပြီး လူတဦးတယောက်ကိုမျှ မကူးစက်သေးဟု ဆိုသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗိုလ်မြရပ်ကွက်ရှိ ဥစားကြက် မွေးမြူရေးခြံ၌လည်း ယခုလ ၂ ရက်နေ့တွင် ကြက်၊ ငှက် တုပ်ကွေးပိုး H5N1 တွေ့ရှိခဲ့သည်ဟု နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စောလွင် အဆိုအရ သိရသည်။

ကြက်၊ ဝက်၊ ဘဲ မွေးမြူရေးခြံများကို လူနေအိမ်များနှင့် နီးရာတွင် မထားသင့်သလို၊ ၎င်းတိရစ္ဆာန်များကို အတူယှဉ်တွဲ၍ မွေးမြူပါကလည်း ၎င်းတို့ရှိ တုပ်ကွေးပိုးများ ပေါင်းစပ်မိလျှင် တုပ်ကွေးအသစ်အဆန်း ပေါ်ထွက်လာနိုင်သည်ဟု ဆိုသည်။

“တုပ်ကွေးဖြစ်နေတဲ့ ကြက်၊ ဝက်၊ ဘဲ မွေးမြူရေးခြံတွေထဲကို လူတုပ်ကွေးဖြစ်နေတဲ့ နှာစေး၊ ချောင်းဆိုး ဝေဒနာသည်ကလည်း မဝင်သင့်ဘူး။ ဝင်ရင် လူတုပ်ကွေးရယ်၊ ဟိုမှာရှိတဲ့ H5N1 ရယ် ပေါင်းမိပြီဆိုလို့ရှိရင်လေ နောက်ထပ် ပိုးအသစ် ဖြစ်လာလိမ့်မယ်။ ဖြစ်လာတဲ့ ပိုးအသစ်က ပိုပြီးတော့ လူတွေကို ဒုက္ခပိုပေးလိမ့်မယ်ခင်ဗျ” ဟု ဒေါက်တာစောလွင်က ပြောဆိုသည်။

“ကြက်သားကို ကြက်အောင်မချက်စားဘူး။ ကလီစာတွေစားတယ်။ ရောဂါပိုးရှိတဲ့ ကြက်တွေကို ကိုင်တွယ်တယ်ဆိုရင် တိရစ္ဆာန်ကနေပြီး လူကို ကူးတာလေ။ ခုနလို ပိုးအသစ်ဖြစ်သွားလို့ရှိရင် တိရစ္ဆာန်ကနေ လူကိုကူးတာ မဟုတ်ဘဲနဲ့ လူကနေ လူကိုကူးတဲ့အဆင့် ရောက်သွားမယ်။ ပိုးအသစ်ပေါ်လာပြီး လူကနေ လူကိုကူးပြီ ဆိုလို့ရှိရင်ကတော့ အသက်ရှူလမ်းကြောင်းကပဲ ကူးမှာ” ဟု သူက ဆက်ပြောသည်။ H5N1 ကို မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ထဲ၌ စတင်တွေ့ရှိခဲ့ပြီး၊ ရှမ်းပြည်နယ် ကျိုင်းတုံဒေသခံ တဦးထံ ကူးစက်ခဲ့သော်လည်း ဆေးကုသပျောက်ကင်းကာ ယခုတိုင် သက်ရှိထင်ရှား ရှိနေသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ချက်အရ ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ နိုင်ငံ ၁၅ နိုင်ငံတွင် H5N1 ရောဂါမှာ လူ ၅၁၉ ဦးထံ ကူးစက်ခံခဲ့ရပြီး၊ ၃ဝ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော နိုင်ငံများမှာ မြန်မာ၊ တောင်ကိုးရီးယား၊ အီဂျစ်၊ ဘင်္ဂလားဒေ့ချ်၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဂျပန် ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်မှ ယခုလ ၃ ရက်နေ့ထိ ၎င်းရောဂါ ဖြစ်ပွားသည့် နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ခဲ့သည်။

Most read this week