KIO နှစ် ၅၀ ပြည့် တော်လှန်ရေး အခမ်းအနား ကျင်းပ

KIO နှစ် ၅၀ ပြည့် တော်လှန်ရေး အခမ်းအနား ကျင်းပ
by -
သျှမ်းသံတော်ဆင့်

ဖေဖေါ်ဝါရီ ၅ ရက်တွင် ကျရောက်မည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၏ နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် လက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနားကို ယမန်နေ့က စ၍ တခမ်းတနား ကျင်းပနေ ...

ဖေဖေါ်ဝါရီ ၅ ရက်တွင် ကျရောက်မည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၏ နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် လက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနားကို ယမန်နေ့က စ၍ တခမ်းတနား ကျင်းပနေကြောင်း သိရသည်။

KIO အဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကျင်းပသည့် နှစ် ၅၀ မြောက် ကချင်တော်လှန်ရေးနေ့ ( ဓါတ်ပုံ KNG)KIO အဖွဲ့ ထိန်းချုပ်ရာ တရုတ် နယ်စပ် အနီး မိုင်ဂျာယန်မြို့တွင် ဖေဖေါ်ဝါရီ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ၄ ရက် ကြာ ကျင်းပနေခြင်းဖြစ်သည်။

ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ယမန်နေ့က စတင်ရောက်ရှိလာပြီး ယနေ့နံနက် ၉ နာရီခန့်တွင် မနောပွဲဖွင့်ပွဲ ကျင်းပခဲ့ကြောင်း မနက်ဖြန်တွင် ကေအိုင်အိုခေါင်းဆောင်များ မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အခမ်းအနားတက် ရောက်လာသူ ကချင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မိုင်ဂျာယန်မြို့အဝင်မှာပဲလုပ်တယ် မနေ့ကတော့ အဝေးကဧည့်သည်တွေ အားလုံးရောက်မဲ့နေ့ပေါ့။တော်တော်လေး စည်စည်ကားကားရှိပါတယ်။ အခုနိုင်ငံရေးအခြေအနေက နဲနဲရှုပ်တော့ တချို့မလာရဲတဲ့လူတွေလဲ ရှိတာပေါ့ ” ဟု သူက ပြောသည်။

ယခုအခမ်းအနားသို့ KIO အဖွဲ့၏ ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်နေရာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ကချင် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ၊ ပင်လုံစာချုပ်ပါ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကိစ္စများ ထည့်သွင်းပြောကြားဖွယ်ရှိကြောင်း သိရသည်။

နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို KIO က လက်မခံသောကြောင့် KIO နှင့်နအဖဆက်ဆံရေး မပြေမလည် ဖြစ်နေချိန်တွင် ယခုတော်လှန်ရေးပွဲ ကျင်းပခြင်းဖြစ်ရာ ပွဲလာသူများအားနအဖဘက်မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

“လွယ်ဂျယ်ကနေဖြတ်ရတာဆိုတော့ လွယ်ဂျယ်မှာတော့ အစစ်အဆေးတွေအတော်လုပ်နေတယ်။ အိတ်တွေဖွင့် ရှာတယ် မှတ်ပုံတင်တွေ စစ်တယ်။ တချို့လည်းပြန်လှည့်သွားတယ် ” ဟု စောစောက လူက ဆက်ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO သည် ကချင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် စစ်အစိုးရကိုလက် နက်ကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်ပြီး ၁၉၉၄  က နဝတစစ်ကောင်စီနှင့် အပစ်အခတ်ရပ်ဆဲရေးပြုလုပ်ခဲ့သည်။